သိစေချင်လွန်းလို့။
သိစေချင်လွန်းလို့။
အခြေခံပညာကျောင်းတွေကို ထောက်ပံ့ငွေပေးမယ်ဆိုတာ သိရလို့ အတိုင်းမသိ ဝမ်းသာမိပါတယ်။ သာဓုလည်း ခေါ်မိတယ်။ တစ်ဆက်တည်းမှာပဲ စိုးရိမ်စိတ်လည်း ဖြစ်ပေါ်လာမိပါတယ်။ တခြားတော့ မဟုတ်ပါဘူး။ ပေးကားပေး၏ မရ။ ကျွေးကားကျွေး၏ မဝ ဆိုသလို ဖြစ်လာမှာကို တွေးမိလို့ပါ။
အရင့်အရင်တွေတုန်းက အခြေခံကျောင်းတွေကို ချထားပေးခဲ့တဲ့ အသေးသုံးငွေကိစ္စကို ပြန်လည်သုံးသပ်ကြည့်ရအောင်ပါ။ ကျောင်းအဆင့်ပေါ်မူတည်ပြီး အသေးသုံးငွေတွေကို အကြိမ်ကြိမ်ချပေးခဲ့ပါတယ်။ တချို့ကျောင်းတွေ (အားလုံးလို့တော့ မပြောလိုပါဘူး) ရဲ့ အသေးသုံးဆိုတာကတော့ သက်ဆိုင်ရာကျောင်းအုပ်တွေကို ထောက်ပံ့ကြေးပေးလိုက်သလိုပါပဲ။ ကျောင်းအုပ်တွေရဲ့အိပ်ထဲရောက်သွားတော့တာပါပဲ။
ခက်တာက ကျောင်းအုပ်တွေ စားလို့မရအောင် လုပ်ပေးတဲ့ Plan မရှိတာပါပဲ။ အသေးသုံးငွေ သုံးစွဲတဲ့စာရင်းကို သက်ဆိုင်ရာကျောင်းအုပ်ကြီးတွေက အထက်ကို တင်ပြကြရပါတယ်။ ဒီစာရင်းကရော တကယ့်အစစ်အမှန်ဟုတ်ပါတယ်လို့ ယုံကြည်ရမှာလား။ ကျောင်းအုပ်တွေရဲ့လိမ်နည်းအမျိုးမျိုးကို မျက်စိမှိတ်ယုံနေတာက တော်တော်ဆိုးပါတယ်။ ဒါတွေကို ဘာကြောင့်ပြောနိုင်တာလဲလို့ သိချင်ရင် ကိုယ်တိုင်သာ ကျောင်းတစ်ကျောင်းက ကျောင်းအုပ်လက်အောက်မှာ ဆရာဆရာမအဖြစ် တာဝန်ထမ်းဆောင်ကြည့်ပါလို့သာ ပြောချင်ပါတယ်။
ခုတစ်ခါ ထောက်ပံ့ရေးအစီအစဉ် လာပြန်ပါပြီ။ သာဓုရဲရဲ မခေါ်ရဲတော့ပါ။ ကျောင်းအုပ်တွေရဲ့လုပ်ရပ်တွေကို အနီးကပ်တွေ့နေရတာမို့ သာဓုခေါ်ဖို့ ဝန်လေးနေပါတော့တယ်။ ဒီလိုတွေဖြစ်နေတာသေခြာရင် အထက်ကို တိုင်ပါလားလို့ ပြောစရာရှိလာပါတယ်။ နီးရာဓားကို ကြောက်နေရတဲ့ ဆရာဆရာမတွေရဲ့အဖြစ်ကိုလည်း ထည့်တွက်ပါအုံးလို့သာ ပြောပါရစေ။
ကျောင်းအုပ်ကိုတိုင်ရင် ကျောင်းအုပ်သာမက ကျောင်းအုပ်နဲ့ သင့်မြတ်ကြတဲ့ မြို့နယ်ပညာရေးမှူး၊ ရုံးစာရေး၊ စာရေးမတွေ စတဲ့ ပုလင်းတူဘူးဆို့တွေရဲ့ မျက်မာန်တော်ရှ အညိုညင်ခံရမှာက ပထမဒုက္ခပါ။ သူတို့ညိုညင်ရင်တော့ သိတဲ့အတိုင်းပါပဲ။ ရာထူးတိုးရေး၊ ပြောင်းရွေ့ရေးမှစပြီး ရုံးနဲ့ပတ်သက်သမျှ ဘာကိစ္စမှ အဆင်မပြေနိုင်တော့ပါ။ ကျောင်းမှာလည်း ကျောင်းအုပ်ရဲ့ပညာပြခြင်းအမျိုးမျိုးကို ခါးစည်းပြီးသာခံပေရော့ပဲ။ အခန့်မသင့်ရင် ကိုယ့်ကိုပြန်ပြီး ဒုက္ခလှလှပေးပါလိမ့်မယ်။
ဒီလိုအသေးစိတ်ကိစ္စတွေကိုတော့ အထက်အဆင့်ဆင့်က ဘဘကြီးများလည်း မသိနိုင်တော့ပါ။ ဘာကြောင့်လဲဆိုတော့ အထက်အဆင့်ဆင့်ကို အစီရင်ခံသူတွေက အောက်ခြေက ဆရာဆရာမတွေမဟုတ်ပဲ ကျောင်းအုပ်တွေနဲ့ ပညာရေးမှူးတွေ ဖြစ်နေတာက အဓိကဖုံးကွယ်မှုတစ်ရပ်ဖြစ်နေပါတယ်။ အမှန်ကို အမှန်အတိုင်း သိချင်ရင်တော့ ဆရာဆရာမအသွင်ယူပြီး စုံစမ်းထောက်လှမ်းမှပဲ ရလိမ့်မယ်။
ဆရာဆရာမတွေဆိုတာကလည်း များသောအားဖြင့် မလုပ်မရှုပ်မပြုတ်ဆိုတဲ့စံနှုန်းအတိုင်း သွားနေကြသူတွေဆိုတော့ သူတို့ကိုယ်တိုင်က မတရားမှန်းသိပေမယ့် ငြိမ်နေကြတာများပါတယ်။ အထက်က လွှတ်လိုက်တဲ့ စစ်ဆေးရေးအဖွဲ့ဆိုတာတွေကလည်း (အားလုံးကို မဆိုလိုပါ။ တချို့ကိုသာ ရည်ညွှန်းပါသည်) မြို့နယ်ရဲ့လက်ဆောင် ကျောင်းရဲ့လက်ဆောင် စတဲ့ လက်ဆောင် အိပ်ဆောင် ဆောင်စရာ များများရလိုက်တာနဲ့ မြို့နယ်ရုံးရဲ့တင်ပြမှုသာ အမှန်၊ ကျောင်းအုပ်ရဲ့ပြောကြားမှုသာ အတည်ဖြစ်သွားကြတာများပါတယ်။
ကဲ..... အဖြစ်မှန်ကို ရိပ်မိအောင်လို့တော့ နည်းနည်းဖွင့်ချလိုက်ပြီ။ ဘယ်လိုအစီအစဉ်ကောင်းတွေနဲ့ ဘယ်လိုဆောင်ရွက်မယ်ဆိုတာကတော့ ဘဘကြီးများရဲ့ သဘောတော်အတိုင်းပါပဲလို့ ............။
(ရေးသားသူ - သိစေချင်သူ)။
No comments:
Post a Comment