Wednesday, September 3, 2014

လွဲမှားနေတဲ့ မြန်မာ့ပညာရေးစနစ်နဲ့  နာမည်ကောင်းရဖို့ သာ ရှေ့ ရှုပြီး ကျောင်သားများနဲ့  ဆရာဆရာမများကို မငဲ့ညှာတဲ့ ပညာရေးမှူးအချို့ ။

လွဲမှားနေတဲ့ မြန်မာ့ပညာရေးစနစ်နဲ့  နာမည်ကောင်းရဖို့ သာ ရှေ့ ရှုပြီး ကျောင်သားများနဲ့  ဆရာဆရာမများကို မငဲ့ညှာတဲ့ ပညာရေးမှူးအချို့ ။

သို့  -

ပညာရေးညွှန်ကြားရေးမှူးချုပ်
အမှတ် (၂) အခြေခံပညာဦးစီးဌာန
အထက်မြန်မာပြည်၊ မန္တလေးမြို့ ။

ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာ့ပညာရေးကဏ္ဍကို စိတ်ဝင်စားကြသူများသုံးသပ်နိုင်ဖို့ ဒီစာကို ရေးသားလိုက်ရပါတယ်။

ကျွန်မကတော့ အငြိမ်းစားယူပြီးဖြစ်တဲ့ ကျန်းမာရေးဌာနက ၀န်ထမ်းတစ်ဦးပါ။ တစ်နေ့ တော့ ကျွန်မအိမ်ကို မိတ်ဆွေတစ်ဦးရောက်လာပါတယ်။ တက္ကသိုလ်ဝင်တန်းတက်နေတဲ့သူ သူ့ မြေးအကြောင်း လာပြောတာပေါ့။

ခေတ်သစ်ပညာရေးကဏ္ဍမှာ ဘော်ဒါဆောင်တွေ ကြီးစိုးနေပေမယ့် သူ့ မြေးကိုတော့ ဘော်ဒါဆောင်မထားပါဘူးတဲ့။ အိပ်ချိန် မမှန်၊ စားချိန် မမှန်လောက်အောင် စာဆိုမှစာ ရူးမတတ်ကျက်ခိုင်းနေတာကို မကြိုက်လို့ တဲ့လေ။ ဒီတော့ ကလေးကို အိမ်မှာပဲ စာလုပ်ခိုင်းတယ်။
ကျောင်းကပေးလိုက်တဲ့စာကို တစ်နေ့ စာတစ်နေ့  ပုံမှန် လုပ်ခိုင်းတယ်။ နားမလည်တာရှိရင် မှတ်ထားပြီး ကျောင်းရောက်တော့ ပြန်မေးပေါ့။ ကလေးက စာတော်ပါတယ်။ အခုတော့ သူ့ မြေးအတွက် စိုးရိမ်စိတ်နဲ့ အတူ စိတ်မချမ်းသာစရာရှိနေတဲ့အကြောင်း ကျွန်မကို ပြောပြပါတယ်။

တခြားတော့ မဟုတ်ပါဘူး။ ညနေပိုင်း ကျောင်းဆင်းပြီးတာတောင်မှ မနားရသေးဘဲနဲ့ အချိန်ပိုဆက်တက်နေရတဲ့အကြောင်းပေါ့။ သူပြောပြီးတော့ ကျွန်မခေါင်းထဲမှာ တွေးစရာတွေ အများကြီးရှိလာတယ်။

ကလေးဆိုတာ သူများကျောင်းဆင်းရင် ဆင်းချင်တာပါပဲ။ ကျောင်းဆင်းခေါင်းလောင်းထိုးလိုက်တာနဲ့  အိမ်ကို တဟုန်ထိုးပြေးလွှားသွားကြတာကို ကြည့်ရင် သိသာပါတယ်။ ဟုတ်တယ်လေ။ သူတို့ ခမျာမှာ ဟိုဆရာ ၀င်သင်လိုက်၊ ဒီဆရာ ၀င်သင်လိုက်နဲ့  တစ်နေ့ လုံး အနားမရရှာပါဘူး။ ထိုင်နေရတာပဲ။ မပင်ပန်းပါဘူးလို့  မထင်လိုက်ပါနဲ့ ။ ကိုယ်တိုင်တစ်နေ့ လုံး ထိုင်ကြည့်ပါ။ သူတို့ လေး တွေမှာ ထိုင်နေရုံ သက်သက်မဟုတ်ပါဘူး။ ဦးဏှောက်ကလည်း အလုပ်လုပ်နေရတာပါ။ ဒါကြောင့် ကလေးတချို့ ရဲ့  ပြောသံ ကြားဖူးပါတယ်။ သာယာသံဆိုတာ ကျောင်းဆင်းခေါင်းလောင်းထိုးတဲ့အသံပါတဲ့။

ခုတော့ကျောင်းဆင်းခေါင်းလောင်းသံကို ကြားရပေမယ့် အောင်ချက်မြင့်မားရေးခေါင်းစဉ်အောက်က အချိန်ပိုကြောင့် ကျောင်းပေါက်ဝကို ငေးကြည့်ပြီး အိမ်ပြန်ခွင့်မရတဲ့ ကလေးတွေခမျာ အင်မတန်သနားဖို့ ကောင်းပါတယ်။

ကလေးတစ်ယောက်ရဲ့  မှတ်ဥာဏ်အားဆိုတာ အကန့် အသတ် ရှိပါတယ်။ စာကိုချည်း ဆက်တိုက်အသင်ခံနေရတဲ့ ကလေးတစ်ယောက်ကို အချိန်ပိုဆိုပြီး ကျောင်းမဆင်းပေးဘဲ ထပ်သင်နေလို့ ရော ရနိုင်မယ်ထင်ပါသလား။ ကြာရင်ကလေးတွေ ဘာဖြစ်လာမလဲ။ စိတ်ကျတာတွေ၊ စိတ်တိုလွယ်တာတွေပဲ ဖြစ်လာပါလိမ့်မယ်။

သင်တိုင်းသာ တတ်မယ်ဆိုရင် တိရစ္ဆာန်လေးတွေတောင် ပညာရှိက၀ိတွေ ဖြစ်နိုင်ပါလိမ့်မယ်။ စာသင်တဲ့ဆရာ၊ဆရာမတွေကို အပြစ်ဆိုချင်တာ မဟုတ်ပေမယ့် ကလေးတွေဖက်ကိုလည်း တွေးပေးဖို့  ပြောချင်တာပါ။ ကလေးဆိုတာ ကစားချိန် ကစား၊ နားချိန်မှာ နား၊ စာကျက်ချိန် စာကျက် အားလုံး မျှမျှတတဖြစ်မှ ကောင်းပါတယ်။ စေတနာဆိုတဲ့ စကားလုံးကြီးနဲ့ ပစ်ပေါက်ပြီး စာချည်းလှိမ့်သင်နေလို့ ကတော့ စာကြောက်ပြီး စိတ်တိုလွယ်တဲ့ ကလေးတွေဖြစ်လာမှာ မလွဲမသွေပါပဲ။ ဒါက ကလေးတွေဖက်က စဉ်းစားပေးတာပါ။

ကဲ … ဆရာဆရာမတွေဖက်ကိုလှည့်ပြီး စဉ်းစားပေးကြဦးစို့ ။ စစ်ကိုင်းတိုင်းဒေသကြီးရဲ့  အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ၀န်းသိုမြို့ နယ်ဆိုတာ သစ်တောတွေနဲ့  စိမ်းလန်းပြီး နေချင်စဖွယ် မြို့ လေး တစ်မြို့ ပါ။ မနက်ဈေးဆို လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ သစ်သီးတွေကိုလည်း ဈေးချိုချိုနဲ့  ၀ယ်ယူနိုင်ပါသေးတယ်။ ကျွန်မကတော့ မနက်တိုင်း ကိုယ်တိုင်ဈေးသွားလေ့ ရှိပါတယ်။

ကြာလာတော့ ဈေးသည်တွေနဲ့  ခင်မင်ရင်းနှီးလာပါတော့တယ်။ ၀န်းသိုဈေးမှာ ဈေးရောင်းပြီးရင် ကျောင်းကို သုတ်ချေတင် သွားတတ်တဲ့ ဈေးသည်ဆရာမတွေနဲ့ လည်း ခင်မင်ပါတယ်။ ၀ယ်သူ မလာခင် စကားစမြည်လေး အနည်းအပါးပြောရတော့ သူတို့  တွေရဲ့ ဘ၀တွေကိုလည်း အတော်အတန် နားလည်လာတယ်ပေါ့လေ။ ဆရာမတွေခမျာ လူမှုကိစ္စအ၀၀အတွက် လစာနဲ့  မလောက်နိုင်ရှာတော့ လုပ်တတ်တဲ့အလုပ်လေးတွေလုပ်ပြီး အပိုဝင်ငွေ ရှာရပါတယ်။

တိုးပေးလိုက်တဲ့ လစာနဲ့  မကာမိအောင် လိုက်တိုးတတ်တဲ့ ခေတ်ကာလကုန်ဈေးနှုန်းရဲ့ ဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့  ဈေးသည်ဆရာမ လုပ်နေကြရရှာတယ်။ မြို့ နယ်က ခေါင်းစဉ်အမျိုးမျိုးနဲ့  ဖြတ်တောက်ပြီးလို့ ကျန်တဲ့လစာလေးကို ခြစ်ခြစ်ချုပ်ချုပ်သုံးရင်း အသက်၀၀ မရှူနိုင်ခဲ့တာကြာပြီပေါ့ဆိုတဲ့ ဆရာမတစ်ယောက်ရဲ့  ရင်ဖွင့်သံက ကိုယ်ပါ အသက်ရှူကျပ်မိပါတယ်။

ဆရာမတစ်ယောက်ကတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်။ ဈေးသည်ဆရာမ လုပ်ရတာ မရှက်ပါဘူးတဲ့။ ရိုးရိုးသားသား ဈေးရောင်းစားတာကို ရှက်စရာလို့ လဲ မမြင်ဘူး။ ပြောင်းရွှေ့ အော်ဒါတစ်စောင်ရွေးခကို ၁၀၀၀၀ (တစ်သောင်းကျပ်)၊ ရာထူးတိုးအော်ဒါတစ်စောင် ရွေးခကို ၁၅၀၀၀ (တစ်သောင်းခွဲကျပ်) တောင်းစားနေတဲ့ မြို့နယ်ပညာရေးမှူး ဒေါ်မေလွင်ဇင်၊ နေ့  စားလပေးအလုပ်ရချင်ရင် သုံးသိန်းကနေ ခြောက်သိန်းအထိ တောင်းစားနေတဲ့ ဒေါ်တင်ဝင်းကြည်တို့  ၊ အသေးသုံး ချပေးသမျှကို အိပ်ထဲထည့်ပြီး ရွှေဝယ်ဝတ်နေတဲ့ ကျောင်းအုပ်တွေထက်စာရင် လစာနဲ့  မလောက်လို့ မနက်ခင်းဈေး ရောင်းတာ သိက္ခာအပြည့်အ၀ ရှိတယ်ဆိုပဲ။

အထက်အဆင့်ဆင့်က အလကားပေးလိုက်တဲ့ အော်ဒါတွေက ၀န်းသိုမြို့ နယ်ကို ရောက်မှ ဈေးကြီးပေးဝယ်နေရတယ်တဲ့လေ။ ရာထူးတိုးလို့  ပျော်ရမယ် မထင်နဲ့  အော်ဒါရွေးခ မပေးရင် ထုတ်မပေးဘူး။ ဒါတွေကို အထက်က မသိဘူးလားလို့  မေးတော့ သိလည်း အရေးမှ မယူတာ။ ဒါမှမဟုတ် သူတို့  ကိုယ်တိုင်က လုပ်စားခွင့်ပေးထားတာလည်း ဖြစ်နိုင်တာပဲလို့  သူတို့  က ပြောတယ်။

တိတိကျကျ တိုင်ရင် အရေးယူမယ်လေးဘာလေးနဲ့ ။ သူတို့ သိလည်း ဘာမှမလုပ်ပေးတာ လူတိုင်း သိတယ်။ တိုင်လည်း အလကားပဲ။ သူတို့  က တိုင်ရင် တိုင်တဲ့သူကို ရိုက်တတ်တယ်လေလို့  ဖြေပါတယ်။

တဆက်တည်းမှာပဲ ကျောင်းမှာသင်နေတဲ့ အချိန်ပိုကိစ္စကို မေးကြည့်တော့ …….
ကျောင်းအုပ်က သင်ဆိုတော့လည်း သင်ရတာပေါ့။ ဒါပေမယ့် အချိန်ပိုကို ကလေးတွေ စိတ်ဝင်တစား မရှိလှပါဘူး။ တစ်နေ့လုံး စာသင်နေရတာဆိုတော့ တော်တော်ပန်းနေပြီပေါ့။ ကလေးတွေလည်း ပင်ပန်း၊ ဆရာမတွေလည်း ပင်ပန်း။ နှစ်ဦးနှစ်ဖက် ပင်ပန်းနေတဲ့အချိန်မှာ ခေါင်းထဲကို အတင်းရိုက်ထည့်ခိုင်းနေတော့ ကလေးတွေကိုလည်း သနားမိတယ်။ မသင်လို့  ကလည်း မဖြစ်ဘူးလေ။ အမိန့် ပေးတာဆိုတော့ လုပ်ရတာပေါ့။ တစ်ကယ်ဆို ကလေးတစ်ယောက်ကို အဲ့ဒီလောက်အထိ သင်လို့ မရဘူး။ နားချိန် ပေးရမယ်။ ဒါမှကျောင်းက သင်လိုက်တဲ့စာတွေကို အိမ်မှာ ပြန်လေ့လာနိုင်မှာပေါ့။ ဦးဏှောက်ကို အနားပေးချိန် နည်းလွန်းတော့ ကလေးတွေက မပျော်ရွှင်တော့ဘူး။ ကျောင်းကို ကြောက်လာတယ်။ စာကို ကြောက်လာတယ်။ တချို့ ကလေးတွေဆို စိတ်တိုစိတ်ဆတ်ပြီး ခဏခဏ ရန်ဖြစ်တာမျိုးတွေအထိ ရှိလာတယ်။ ကျွန်မတို့  ၀န်းသိုမြို့ နယ်က အလွတ်ကျက်ဖြေစံနစ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ စံပြုလောက်ပါရဲ့ ။ ဆရာမတွေလည်း ကျောင်းဆင်းလို့  အိမ်မပြန်ရ။ ကျောင်းသားကျောင်းသူတွေလည်း အတန်းထဲမှာ တပိန်ပိန် တလိန်လိန်နဲ့ ။ ကျောင်းအုပ်ကတော့ သူနာမည်ကောင်းရတော့မယ်ဆိုပြီး တပြုံးပြုံးနဲ့ ပေါ့။ တကယ်က ကလေးတွေရဲ့  ဥာဏ်ရည်ကို သတ်နေတာဆိုတာ သိဖို့  ကောင်းတယ်။ ဦးဏှောက်ဆိုတာ စဉ်းစားချိန် မရှိရင် မထက်မြက်နိုင်ဘူးလေ။ နည်းနည်းသင်၊ များများလေ့လာဆိုတဲ့စကားကို ၀န်းသိုမြို့ နယ်က မေ့နေတာလို့  ပြောပြပါတယ်။

ကျွန်မတို့ ခေတ်မှာလည်း ထူးချွန်ထက်မြက်တဲ့သူတွေ အများကြီး ပေါ်ထွန်းလာခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီလောက်အထိ ဆိုးဆိုးရွားရွား စာဆိုမှ စာ မလုပ်ခဲ့ရပါဘူး။ စာသုံးလေးမျက်နှာကို ခဏနဲ့ ရတယ်။ ကျောင်းဆင်းတာနဲ့  ကစားနိုင်တယ်။ နားနိုင်တယ်။ ခုခေတ်ပညာရေးဌာနက လူကြီးတွေဆိုတာလည်း ကျွန်မနဲ့ တစ်ခေတ်တည်း ဖြတ်သန်းလာခဲ့ကြဖူးပါလိမ့်မယ်။ ဒါနဲ့ များတောင် ဘာကြောင့် အနားမပေးပဲ စာကိုချည်းသင်မှ အောင်မြင်မယ်ဆိုတဲ့ အတွေးအမြင်နဲ့  အမိန့် ပေး စေခိုင်းနေရသလဲဆိုတာ မပြောတတ်တော့ပါဘူး။

စာတစ်ခုကလွဲပြီး ကျန်တာ ဘာမှမသိတော့အောင်များ တမင်တကာ လုပ်ယူနေလေရော့သလား။ ကျွန်မရဲ့  အယူအဆကတော့ ဘုရားဟောထားသလို အလယ်အလတ်ကျင့်ပါဆိုသလို စာသင်ချိန် စာသင်၊ နားချိန်မှာ နားစေချင်တာပါပဲ။ ကျောင်းဆင်းခေါင်းလောင်းသံကို ကြားရပေမယ့် သူတို့ နဲ့  မသက်ဆိုင်သလို အတန်းထဲမှာ ငုတ်တုတ်ထိုင်နေရတဲ့ကလေးတွေကို သနားကြပါလို့  တိုက်တွန်းချင်ပါတယ်။

ဟော ….. ပြောရင်းဆိုရင်း ပင်ပန်းနွမ်းနယ်နေတဲ့ခြေလှမ်းတွေနဲ့  အစိမ်းအဖြူဝတ်စက်ရုပ်လေးတွေ ကျွန်မအိမ် ရှေ့ ကနေ ဖြတ်သွားကြလေရဲ့ ။

(မှတ်ချက်။ ။ အခုရေးခဲ့တာတွေအားလုံးက ၀န်းသိုမြို့ နယ်မှာ ဖြစ်နေတဲ့ တစ်ကယ့်ဖြစ်ရပ်မှန်တွေပါ။ တခြားတခြားသော ရေးစရာတွေ အများကြီး ကျန်ရှိနေပါသေးတယ်။ နောက်များ အလျင်းသင့်ရင် ဆက်ရေးပါဦးမယ်။ ကျွန်မနဲ့  သဘောထားခြင်း တိုက်ဆိုင်သည်ဖြစ်စေ၊ မတိုက်ဆိုင်သည်ဖြစ်စေ စာဖတ်သူ ယူဆချင်သလို ယူဆနိုင်ပါတယ်။ ဒီစာကို တင်ပေးတဲ့သူကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင့်။)

ဝန်းသိုမီးမောင်း။





No comments: