Monday, October 13, 2014

လင်းသိုက်ညွှန့်  (သို့ ) လင်းတတွန့်  - လဒတွန့် ။

လင်းသိုက်ညွှန့်  (သို့ ) လင်းတတွန့်  - လဒတွန့် ။ 
 
၁၉၆၂ခုနှစ် ၇ ဇူလိုင်ကျောင်းသားလှုပ်ရှားမှုနဲ့ ကျောင်းသားသမဂ္ဂအဆောက်အအုံ ဗုံးခွဲခံရတာနဲ့  ပတ်သက်ပြီး ပြန်လည်သတိရပြောဆိုနေခြင်းဟာ အဖျက်သဘောသာဖြစ်တယ်လို့  Skynet ရုပ်သံအင်တာဗျူးမှာ ပြောဆိုခဲ့တဲ့ လင်းသိုက်ညွှန့် ဟာ မြန်မာ့သမိုင်းမှန်ကို မှေးမှိန်ပျောက်ပျက်စေလိုတဲ့ စိတ်ရှိနေတာ၊ ကျောင်းသားလှုပ်ရှားမှုသမိုင်းကို စော်ကားတာ၊ အာဏာရှင်အုပ်စုစိတ်အမွေခံနေတာ သိသာထင်ရှားတယ်။ 

ဒီလို ပြောခဲ့တဲ့ လင်းသိုက်ညွှန့်  - လင်းတတွန့်  ( လဒတွန့်  - အပုပ်ကောင်တွေကိုမှ စားတတ်တဲ့ လဒတောင် ရွံပြီး တွန့် သူ) ဟာ နောက်ထပ်ဘာတွေ မိုက်မိုက်ရိုင်းရိုင်း ပြောဆိုပြုမူခဲ့သေးသလည်းဆိုတာ သိရှိရအောင် အိတ်ဖွင့်ပေးစာတစ်စောင်ကို ဖတ်ကြည့်စေချင်ပါတယ်။ လဒတွန့် ကို စာပေလောကအသိုင်းအ၀ိုင်းကတင်မက လူ့ အသိုင်းအ၀ိုင်းတစ်ခုလုံးကနေ ကျဉ်သင့်နေပါပြီ။ 

အောက်ဖော်ပြပါ အိတ်ဖွင့်ပေးစာကို အဲ့ဒီ လဒတွန့်  စာဖတ်တတ်မယ်ဆိုရင် မိမိရဲ့  ရိုင်းစိုင်းမှုကို လူသိရှင်ကြား ပြန်တောင်းပန်သင့်ပါပြီ။
 
“ဆရာလင်းသိုက်ညွန့်သို့ အိတ်ဖွင့်ပေးစာ”
 
သမ္မတကြီးသို့ အိတ်ဖွင့်ပေးစာ၊ ဒီမိုကရေစီအိတ်ဖွင့်ပေးစာစသည်ဖြင့် အကျိုးတရားဖြစ်ထွန်းစေသော အိတ်ဖွင့်ပေးစာများမှာ မြင်လို့ကောင်း၊ ဖတ်ရှု၍ ကောင်းသောအရာများ ဖြစ်ပါတယ်။ အခုလို စာရေးဆရာတစ်ယောက် ဟောပြောပွဲစူပါတစ်ယောက်ရဲ့ အမှောင်ဘက်ခြမ်းကို ဖွင့်ထုတ်ပြတဲ့စာကို ရေးဖို့ရာမှာ အချိန်အတော်ကြာ စဉ်းစားခဲ့ရပါတယ်။ ဒါပေမဲ့ အမှားကြာရင် အမှန်ဖြစ်တတ်သလို ဒီအတိုင်းပဲ ငြိမ်နေလိုက်ရင် ကိုယ့်လုပ်ရပ်မှန်ကန်လို့သာ အသံမထွက်တာလို့ ကောက်ချက်ချပြီး ဆက်မိုက်မြဲမိုက်၊ ရိုင်းမြဲရိုင်းနေမှာစိုးလို့ ဖွင့်ချလိုက်ရခြင်း ဖြစ်ပါတယ်။
 
အကြောင်းရင်းကတော့ စာပေဟောပြောပွဲမှာ မဟောခင် ဟောနေစဉ် ဟောပြောပွဲပြီး၍ နောက်ဆုံးပြန်ခါနီးအထိ လူတစ်ဦးချင်းကို လည်းကောင်း၊ စာရေးဆရာအသင်းနှင့် ဟောပြောပွဲဖြစ်မြောက်ရေး ကော် မတီကိုလည်းကောင်း၊ မြို့တစ်မြို့လုံးကိုပါ နာမည်တပ်၍ စော်ကားသွားသော ဆရာလင်းသိုက်ညွန့်ရဲ့ ရိုင်းစိုင်းမှု အထွေထွေကြောင်းပါ။
 
၆-၁-၂၀၁၄ နေ့ ကျွန်တော်တို့ ပြည်မြို့မှာ စာရေးဆရာအသင်းနဲ့ Future Life Computer Centre က ကြီးမှူးပြီး စာပေဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဆရာ သရဝဏ်(ပြည်)၊ ဆရာမ မြနှောင်းညိုနဲ့ ဆရာ လင်းသိုက်ညွန့်တို့ပါ။ အဲဒီ စာရေးဆရာ သုံးယောက်အနက် ကျန်နှစ်ယောက်တည်ငြိမ်အေးဆေး၍ ဆက်ဆံရေးပြေပြစ်သလောက် ကျွန်တော် တို့အဖွဲ့ကို နည်းမျိုးစုံဖြင့် ဂျီကျ အကျပ်ကိုင်၊ ခြိမ်းခြောက်နဲ့ အဂါရဝကို တွင်တွင်သုံးစွဲခဲ့သူကတော့ ဆရာလင်းသိုက်ညွန့်ပါ။ သူ့ရဲ့ ရိုင်းစိုင်းမောက်မာပုံတွေကို အစဉ်လိုက်ချမရေးခင် အဆိုးဆုံးဖြစ်ရပ်က စပြောပါ့မယ်။
 
ဟောပြောပွဲအပြီး ၇-၁-၂၀၁၄ မနက် Breakfast ကျွေးတဲ့ စားပွဲဝိုင်း မှာ ဖြစ်တာပါ။ သူက ထွက်ခတ်ခတ်တဲ့အနေနဲ့ ခင်ဗျားတို့ ပြည်လောက် ညံ့တာ၊ အစဉ်အစဉ်မကျတာ၊ ဆက်ဆံရေးညံ့တာ၊ ဧည့်ဝတ်မကျေတာ မရှိဘူးလို့ ကျွန်တော်တို့ ပြည်သူတွေ ပြုစုကျွေးမွေးနေတဲ့ အစားအစာ များကိုစားရင်း အားမနာလျှာမကျိုး ပြောနေခဲ့ပါတယ်။ အဲဒါနဲ့ စာရေး ဆရာအသင်းရဲ့ ဒုဥက္ကဋ္ဌက `ဆရာ ကျွန်တော်တို့ဘက်က ဘာလိုအပ် လို့ပါလဲ။ အားလုံးအဆင်ပြေအောင်လုပ်ပေးနေတာပါ။ လိုအပ်တာရှိရင် လည်း ညကတည်းက ဆရာ့ဒူးကိုကိုင်ပြီးဝိုင်းတောင်းပန်ခဲ့တာပါ။ အခု ဘာတွေများ လိုအပ်နေလို့ပါလဲ ဆရာ´လို့ ကိုယ့်သားအရွယ်လောက်ကို ဆရာချင်းမိုးမွှန်လို့ ယဉ်ကျေးစွာ မေးမြန်းခဲ့ပါတယ်။ အဲဒါကို ဆရာလင်း သိုက်ညွန့်က `ကျုပ် စိတ်ဆိုးလာပြီနော်၊ ခင်ဗျား ပါးစပ်ပိတ်ပြီး သွားတော့။ ပြန်တော့၊ အခု ချက်ချင်းပြန်တော့´လို့ လက်ညှိုးငေါက်ငေါက် ထိုးပြီး ကိုယ့်အဖေအရွယ်ရှိသူကို ရိုင်းစိုင်းစွာ၊ စာရေးဆရာတစ်ယောက် မပီသစွာ အော်ငေါက်ခဲ့ပါတယ်။
 
အအော်ခံရတဲ့ စာရေးဆရာအသင်း ဒုဥက္ကဋ္ဌက မြို့နာမည်ပျက်မှာနဲ့ စာရေးဆရာအသင်းရဲ့ ဂုဏ်ကိုထိပါးမှာ စိုးလို့ ဒေါသတွေကို မြိုသိပ်ပြီး နောက်ကြောင်းပြန်လှည့်ခဲ့ပါတယ်။ အဲဒီလို ပြောဆိုတဲ့အချိန် စားပွဲဝိုင်းမှာ ဆရာ သရဝဏ် (ပြည်)တို့ ဇနီးမောင်နှံ၊ ဆရာမမြနှောင်းညို၊ စာရေးဆရာအသင်းရဲ့ နာယကနဲ့ စာရင်းစစ်တို့လည်း သက်သေအဖြစ် ရှိနေပါတယ်။

နောက်သည့်ထက်ဆိုးတဲ့ လုပ်ရပ်ကတော့ ဝစီကံအရပါ စော်ကားပြီးနောက် ကာယကံအရပါ စော်ကားမှုပါ။ အအော်ခံလိုက်ရတဲ့ ဒုဥက္ကဋ္ဌက စာရေးဆရာများနားမဲ့ ဦးစိန်ခိုဆေးတိုက်ကနေ စာရေးဆရာများကို ကြိုဆိုဖို့ စောင့်နေချိန်မှာ ဆရာလင်းသိုက်ညွန့်က ကားပေါ်က အရင်ဆုံးဆင်းလာပြီး တိုက်ရဲ့အဝင်ဝ ဘေးမှာရပ်နေတဲ့ ဒုဥက္ကဋ္ဌရဲ့ ပခုံးကို တွန်းတိုက်ပြီး ဝင်သွားပါတယ်။ အခုန စားသောက် ဆိုင်မှာဖြစ်ခဲ့တဲ့ ဒေါသအရှိန်မပြယ်သေးဘဲ ကာယကံမြောက် စော်ကား သွားခြင်းမို့ ဆရာလင်းသိုက်ညွန့်ရဲ့ ရိုင်းစိုင်းမှုက ကမ်းကုန်သွားပါပြီ။
 
ဒီဆရာနဲ့ ကျွန်တော်တို့အဖွဲ့ရဲ့ ဆက်ဆံရေးက စကတည်းက ယဉ်သကိုပါ။ ဟောပြောပွဲကိုဖိတ်တော့ စာပေဟောပြောပွဲ ကုန်ကျစရိတ် အလှူရှင်ကတစ်ဆင့် ဖိတ်ပါတယ်။ ၆-၁-၂၀၁၄ ပြည်မှာ ဟောရမှာကို `၅-၁-၂၀၁၄ ရက် လက်ပံတန်းမြို့မှာ ဟောရမယ်။ ပြည်ကနေ လက် ပံတန်းကို ပွဲပြီးချိန် ည ၁၁ နာရီလာခေါ်ရမယ်။ မခေါ်နိုင်ရင် လာမဟော ဘူး´လို့ စပါတယ်။ အဲဒီနေ့ည လက်ပံတန်းမှာအိပ်ပြီး နောက်နေ့ ၆-၁-၂၀၁၄ မနက်မှ လာခေါ်ပါရစေ။ ကျွန်တော်တို့ ကော်မတီနဲ့ တိုင်ပင် ပါဦးမယ်လို့ပြောတော့ ခင်ဗျားတို့ ကော်မတီတွေ ဘာတွေ ကျုပ်စိတ် မဝင်စားဘူး။ ညတွင်းချင်းလာခေါ်ရင်ခေါ် မခေါ်ရင်ပြည်ကို လာမဟော ဘူးလို့ ထပ်ဆင့်ပြောပြန်ပါတယ်။ သူ့ပုံစံကြည့်ရတာ လက်ပံတန်းမှာ အိပ်ချင်ပုံမရပါဘူး။ သူ့အတွက် လက်ပံတန်းမြို့မှာ အဆင့်မီဟိုတယ် မရှိဘူးလို့ ထင်နေပုံရပါတယ်။ အမှန်က ဒီမှာတင် ပွဲကပြတ်ဖို့ပါ။ ဒီလောက် မောက်မာနေတဲ့ ဆရာကို မဖိတ်ဘူးလို့ ဆုံးဖြတ်လို့ရပေမယ့် ငွေစိုက်တဲ့ စပွန်ဆာက ဆရာလင်းသိုက်ညွန့်မှဆိုလို့ အလျှော့ပေးခဲ့ရပါတယ်။

ဒါကြောင့် လက်ပံတန်းကို ကားစီးလုံးငှားခ ၆၀ဝ၀ဝိ/-။ မိုတယ်တစ်ရက်ကြိုတင်ငှားခ ၁၂၀ဝ၀ိ/။ ၇၂၀ဝ၀ိ/-ပိုကုန်ကျသွားပါ တယ်။ လက်ပံတန်းမှာ ဟောပြောပြီးထွက်လာတော့ ညတစ်နာရီကျော် နေပါပြီ။ ပြည်က အဖွဲ့ဝင်နှစ်ယောက် အိပ်ပျက်ခံစောင့်ပြီး ခေါ်လာတာ ပြည်ကိုရောက်တော့ မနက် ၄ နာရီခွဲပါ။ တည်းခိုမဲ့ စမိုင်းမိုတယ်မှာ နေရာချပေးတော့ Lucky Dragon ဟိုတယ်မှာ မတည်းရလို့ဆိုပြီး ပြဿနာရှာနေလို့ တောင်းပန်ပြီး ထားခဲ့ရပါတယ်။
 
ဟောပြောမယ့် ၆-၁-၂၀၁၄ ရက်နေ့ မနက်စာ နေ့လည်စာကို အဆင့်မနိမ့်လှသော ဆိုင်များမှာ သူတို့နှစ်ယောက်ကို ကျွေးမွေးခဲ့ပါတယ်။

ဟောပြောချိန်က ည ၇းဝ၀ နာရီဆိုတော့ ၆ နာရီမှာ ထမင်းစားဖို့ လာခေါ်မယ်လို့ ဖုန်းကြိုဆက်ထားပါတယ်။ သွားကြိုတဲ့အချိန်မှာ ဆရာမ မြနှောင်းညိုနဲ့ ဆရာသရဝဏ်တို့ ဇနီးမောင်နှံကကြိုပြီး စောင့်နေပါတယ်။ သူက ၁၅ မိနစ်ကြာတဲ့အထိ ဆင်းမလာသေးပါဘူး။ နောက်တစ်ခါ ဖုန်း ထပ်ဆက်တော့ နောက်တစ်ခေါက်မှ လာခဲ့ဆိုလို့ နောက်တစ်ခေါက် ထပ်သွားခေါ်ရပြန်ပါတယ်။ သူ့မန်နေဂျာကိုပါ တစ်ခါတည်းခေါ်တော့ ကိစ္စရှိလို့နောက်မှပဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် လိုက်ခဲ့မယ်လို့ (သူ့ဆရာသိဟန် မတူပါဘူး)ပြောလို့ ထားခဲ့ရတာပါ။

အဲဒီလို သွားမကြိုခင် ဆရာလင်းသိုက်ညွန့်က သူ့ဟောပြောပွဲသွားလေရာတိုင်းပါတဲ့ သူ့စာအုပ်တွေ၊ စီဒီခွေတွေကို ရောင်းပေးဖို့ လာယူဦး ဆိုလို့ ကျွန်တော်တို့ တစ်ခေါက်သွားယူပြီး ကွင်းထဲက စာအုပ်အရောင်း ပြပွဲမှာ စားပွဲတွေခင်း၊ မီးချောင်းတွေဆင်ပြီး ရောင်းပေးရပါတယ်။ ကျွန်တော်တို့ စာပေဟောပြောပွဲမှာ စာအုပ်ဈေးရောင်းပွဲပါ ထည့်သွင်း ကျင်းပပါတယ်။
 
ကံ့ကော်ဝတ်ရည်၊ ရန်အောင်စာပေ၊ နေရီရီ၊ ပြုံးစာပေ၊ ဇွန်ပွင့်စာပေစသဖြင့် တိုက်ရှစ်တိုက်က စာအုပ်တွေကို ၂၀% ကျွန်တော် တို့ကိုပေးပြီးရောင်းတဲ့ပွဲပါ။ အဲဒါ ဆရာလင်းသိုက်ညွန့်ရဲ့ စာအုပ်နဲ့ စီဒီ ခွေတွေရောင်းရတာ တစ်သိန်းနီးပါးရပါတယ်။ ကျွန်တော်တို့ တစ်ပြားမှ မယူပါဘူး။
 
အဲဒီအချိန်မှာပဲ ဆရာလင်းသိုက်ညွန့် ကျွန်တော်တို့သွားကြိုတဲ့ ပရာဒိုကားနဲ့ စာပေဟောပြောပွဲစင်မြင့်ကို ကြွချီလာပါတယ်။ ကျွန်တော်တို့ သူ့စာအုပ်တွေနဲ့ အလုပ်ရှုပ်နေတော့ သူ့ကားတံခါးကိုဖွင့်ပေးပြီး အဖွဲ့ဝင် တစ်ယောက် သွားကြိုတာတစ်ယောက်တည်း လာကြိုရကောင်းလားလို့ ထိုင်ထိုင်ခြင်း စဟောက်ပါတယ်။ နောက် သူ့မန်နေဂျာကွင်းထဲကို ဆိုက္ကား နဲ့လာရတယ်။ ခင်ဗျားတို့ ဧည့်ခံကြိုဆိုရေး၊ ဒါလောက်ညံ့ရသလားလို့ ဆူပူပြန်ပါတယ်။ (အမှန်မှာ မန်နေဂျာကသွားနှင့် နောက်မှသူ့ဘာသာလာ ခဲ့မယ်လို့ ပြောလို့ထားခဲ့တာပါ) မြန်မာတပြည်လုံး လှည့်ဟောလာတာ ခင်ဗျားတို့လောက် ညံ့တာမရှိဘူးလို့ပြောလို့ ကျွန်တော်တို့တွေ ဘယ်လို ဆက်ပြီး ဘာပြောရမှန်းမသိတော့ပါ။ နင်မဟုတ်ရင် နင့်အဖေဆိုတဲ့ ဝံပုလွေ ပုံပြင်ကို သတိရရင်း စကားနဲ ရန်စဲနေလိုက်ကြပါတယ်။

အဲဒီအချိန်မှာ အခမ်းအနားမှူးက အစီအစဉ်တွေ ဖတ်ကြားပြီး ၁။ ဆရာသရဝဏ်(ပြည်)၊ ၂။ ဆရာမ မြနှောင်းညို၊ ၃။ ဆရာလင်းသိုက်ညွန့်လို့ ကြေညာလိုက်ချိန် မှာ ထပေါက်ကွဲပြန်ပါရော။ ဒီအစီအစဉ် ဘယ်သူဆွဲတာလဲ၊ ကျုပ်ကို အသိမပေးဘဲ လုပ်ရသလား မကျေနပ်ဘူး။ အဲဒီ ကြေညာတဲ့ အခမ်းအနားမှူး လာတောင်းပန်ရင်တောင်းပန်၊ မတောင်းပန်ရင် ကျုပ်မဟောဘူး။ ပြန်မယ်ဆိုလို့ အားလုံးဝိုင်းတောင်းပန်ရပြန်ပါတယ်။ ဒီအစီအစဉ်ဟာ ဆရာသရဝဏ် (ပြည်) နဲ့ ဆရာမ မြနှောင်းညိုတို့ဆွဲတဲ့ အစီအစဉ်ပါ။ ဆရာနဲ့လဲ ညှိပြီးသားဆိုပြီး ဆရာတို့ စာရေးဆရာတွေပဲ ဆွဲတာပါလို့ ဒုဥက္ကဋ္ဌ စာရင်းစစ်နဲ့ အခြားသူတွေပါ သူ့အနားမှာ ထိုင်ပြီး မကန်တော့ရုံတမယ် တောင်းပန်ပါတယ်။ ကျွန်တော်တို့မှာ ပွဲကကြိုစီစဉ်ပြီးသား ကြေညာပြီးသား။ မယကကို တစ်လကြိုတင်ပြီး ခွင့်ပြုမှ စီစဉ်ရတဲ့အချက်ကို သိတော့ သူ ကျွန်တော်တို့ကို အကျပ်ကိုင်ပြီဆိုတာ သိသိကြီးနဲ့ စိတ်ကျေနပ်အောင် တောင်းပန်တာပါ။
 
ဆရာလင်းသိုက်ညွန့်ခင်ဗျား- ကျွန်တော် ယခုအထိ ရှင်းပြထားသော အချက်များနှင့် ရှေ့ဆက်ရေးမည့်အကြောင်းအရာများမှာ မဟုတ် မမှန် လီဆယ်၍ ပြောဆိုခြင်း အပိုဆာဒါးများ ချဲ့ထွင်ပြောဆိုခြင်းများ ပါရှိခဲ့ပါက မည်သည့်ပုံစံမျိုးနှင့်ဖြစ်စေ စုံစမ်းစစ်ဆေးခံရန် အသင့်ရှိပါသည်။ ယခုကိစ္စတွင် ဆရာက လူပုဂ္ဂိုလ်တစ်ဦးချင်းကိုသာမက မြို့နာမည် တပ်ပြီး စော်ကားပြောဆိုသွားသည့်အတွက် အဖြစ်မှန်ကို ရှင်းလင်းတင်ပြခြင်း ဖြစ်ပါတယ်။ ဆရာ့အနေနှင့် စိတ်မကျေနပ်စရာ၊ ဘဝင်ကျစရာ အချက်များကို ကျွန်တော်တို့ မြို့မှ ကော်မတီဝင်များ နားမလည်နိုင်ပါ။

ကျွန်တော်တို့မြို့ရဲ့ ဟောပြောပွဲကော်မတီနှင့် စပွန်ဆာ ဆရာတို့ စာရေးဆရာများကို တစ်ဦးလျှင် ငွေကျပ်နှစ်သိန်းစီနှင့် လက်ဆောင် ပစ္စည်းများပါ ပူဇော်ပါတယ်။ အဆင့်မနိမ့်လှသော Smile Motel မှာ ထားပါတယ်။ မနက်စာ၊ နေ့လည်စာ၊ ညစာတို့ကို အဆင့်မြင့်ဆိုင်များတွင် ကားဖြင့်လိုက်၍ ကျွေးမွေးခဲ့ပါတယ်။ ဆရာတို့အားလုံးကို ကြီးငယ်မဟူ လေးလေးစားစားနှင့် လိုက်လံပို့ဆောင်ခဲ့ပါတယ်။ အပြန်တွင်လည်း ကား လက်မှတ်ဝယ်ပေး၊ ကားဂိတ်အထိ ကားတစ်စီး ကျွန်တော်တို့အဖွဲ့ဝင် လေးငါးယောက်ဆိုင်ကယ်နှင့် လိုက်ပါပို့ဆောင်နှုတ်ဆက်ကြပါတယ်။

ကဲ- ကျွန်တော်တို့ဘက်က ဘာလိုအပ်ခဲ့ပါသလဲ။ ဧည့်ဝတ်မကျေ ခဲ့သည့်အရာ ဘာတွေများရှိခဲ့ပါသလဲ။ ဟောပြောပွဲတစ်လျှောက်လုံး ဂျီကျ ဆူပူကြိမ်းမောင်းအကျပ်ကိုင်ခြင်းများကတော့ ဆရာ့ရဲ့ ပင်ကိုယ်ဗီဇစိတ်ကြောင့်သာ ဖြစ်မယ်လို့ ကျွန်တော်တို့ ယူဆရပါတယ်။

ဆရာလင်းသိုက်ညွန့် ကျွန်တော်တို့ပြည်မြို့ကို သည်လိုပြောခဲ့ပါတယ်။ ခင်ဗျားတို့ပြည်ကို ကြောက်ပါပြီ။ နောက်မလာတော့ပါဘူး။ မြန်မာတစ်ပြည်လုံး ပတ်ဟောလာတာ ခင်ဗျားတို့မြို့လောက်ညံ့တာ အသုံးမကျ တာမရှိဘူးဟု ပြောခဲ့သလို ကျွန်တော်တို့ဘက်ကလည်း ပြောစရာ စကားများ ရှိပါသည်။
 
ကျွန်တော်တို့ မြို့အနေဖြင့် ဆရာအောင်သင်း၊ ဆရာ နေဝင်းမြင့်၊ ဆရာချစ်ဦးညို၊ ဆရာမဂျူးစသော စာရေးဆရာ ကြီးငယ်များ ကို ဖိတ်ကြား၍ စာပေဟောပြောပွဲများ ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်း လေးငါးဆယ်မကတော့ပါ။ ထိုစာရေးဆရာများထဲတွင် ဆရာလောက် ပညာဂုဏ်မောက်သော ရိုင်းစိုင်းကြမ်းတမ်းစွာ ပြောဆိုတတ်သော အိမ်ရှင် ကို အားမနာလျှာမကျိုး စော်ကားဝံ့သော စာရေးဆရာမျိုး တစ်ခါမျှ မတွေ့ ဖူးခဲ့ပါ။

လာရောက်ဟောပြောသည့် ဆရာသုံးယောက်တွင် ဆရာလင်းသိုက်ညွန့် အနေနှင့် ကျန်ဆရာများထက်ပင် အခွင့်အရေးပိုရခဲ့ပါတယ်။ လက်ပံတန်းမှာ ဟောသည့်ပွဲသည် ပြည်မြို့နှင့် မဆိုင်သော်လည်း ကားစီးလုံးငှား၍ တစ်ရက်ကြိုတင်လာကြိုရခြင်း၊ မိုတယ်တွင် တစ်ရက်စာ အခန်းကြိုယူရခြင်း၊ နောက် ဆရာ၏ စာအုပ်များနှင့် စီဒီများကိုပါ အပင်ပန်းခံ ရောင်းချပေး၍ ရာခိုင်နှုန်းဖြင့် တစ်ပြားတစ်ချပ်မျှမယူခြင်း စသည့်အချက်များတွင် ဆရာလင်းသိုက်ညွန့် အခွင့်အရေးပိုရပါလျက် ကျွန်တော်တို့ကို အပြစ်မြင် ဂျီကျစော်ကားခြင်းများကို ဘာကြောင့်ဟု ယခုထက်တိုင် နားမလည်နိုင်ပါ။
 
ဟောပြောပွဲ စင်မြင့်တွင် ဆရာ့ဟောပြောချက်များ ကောင်းပါသည်။ အတုယူမှတ်သားစရာများစွာ ပါရှိ၍ လူငယ်များ သဘောကျ နှစ်ခြိုက်ကြပါသည်။ သို့သော် ကိုယ်တိုင်ကြုံတွေ့ခံစားရသော ကျွန်တော်တို့အဖို့ကိုတော့ အပြောရွှေမန်း၊ ကတော့ချိုမိုင်မိုင်ဟူသော စကားကို သတိရသကဲ့သို့ အပြောနှင့် အမူအကျင့် လုံးဝ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေမှန်း သတိထားမိပါသည် ခင်ဗျား။ 

ဆရာ့ကို အကြံပြုပါရစေ ဂီတ လုလင်မောင်ကိုကို ရေးစပ်သီကုံးသော `မာန်´သီချင်းကို နားဆင်ခံစား ကြည့်ပါရန်။ လောကနီတိ (ယဉ်ကျေးလိမ္မာသိမှတ်ဖွယ်ရာများ) ကို ဆရာ၏ မိဘများကို မေးမြန်းကြည့်ပါရန်၊ ဦးနှောက် (အတတ်ပညာ ဖွံ့ဖြိုးမှု) နည်းတူ နွေးထွေးစွာ နားလည်ကြင်နာတတ်သော နှလုံးသား (အသိပညာ) များ ဆတူတိုးတက်ရန် လေ့လာဖို့ လိုအပ်ပါကြောင်း စေတနာကောင်းဖြင့် တိုက်တွန်းအပ်ပါသည် ခင်ဗျား၊ ဆရာလင်းသိုက်ညွန့်ကို လူငယ်များက အတုယူကျင့်ကြံခဲ့မည်ဆိုပါက ဆရာဟောသလို အောင်မြင်သောနိုင်ငံ၊ အောင်မြင်သောလူမျိုးဖြစ်မည်ထက် အတ္တကြီးသောနိုင်ငံ အတ္တကြီးသော လူမျိုးများ ဖြစ်လာမှာ သေချာပါကြောင်း။
 
ရည်ဇော်မောင် (ပြည်)

ပြည်မြို့နယ်စာရေးဆရာအသင်း စာပေဟောပြောပွဲဖြစ်မြောက်ရေးကော်မတီ။
 
ဒီစာကတော့ အိတ်ဖွင့်ပေးစာပါ။ 

ကဲ ... အိတ်ဖွင့်ရေးစာ ရေးသားတဲ့ ယဉ်ကျေးတဲ့သူကတော့ ယဉ်ယဉ်ကျေးကျေးလေး အပြုသဘောနဲ့  ပြောဆိုလိုက်ပေမယ့် - ကျွန်တော်တို့ ကတော့ လင်းသိုက်ညွှန့် ကို ဆရာဆိုတဲ့ စကားလုံးနဲ့ တောင် တွဲမခေါ်သင့်ဘဲ ရိုင်းစိုင်းတဲ့သူမို့  လဒတွန့် သာ ခေါ်ဆိုပြီး အထက်ပါ အိတ်ဖွင့်ပေးစာကို အများပြည်သူ သိရလေအောင် ထပ်မံဖော်ပြပေးလိုက်ပါတယ်။
 
 

No comments: