Friday, October 24, 2014

လက်လွန်သွားပြီးမှ သတင်းထုတ်တာလား၊ သတင်းထုတ်ပြီး လက်စဖြောင်ဖို့ လား။ ထုတ်တဲ့သတင်းကို မယုံကြည်ပါ။

ညဉ်းပမ်းနှိပ်စက်ပြီး လက်လွန်သွားခဲ့တာကို ထွက်ပြေးလို့  ပစ်ခတ်ရတာကြောင့် သေဆုံးပြီဆိုတဲ့ သတင်းကို လုပ်ကြံထုတ်ပြန်တာလား၊ သေဆုံးပြီဆိုတဲ့ သတင်းကို ဖန်တီးထုတ်ပြီးမှ လက်စဖြောင်ဖို့  လုပ်နေတာလား၊ 

အလွတ်သတင်းထောက် ကိုပါကြီးကို ဖမ်းဆီးတာက စက်တင်ဘာလထဲမှာ။ ကိုပါကြီး ပျောက်ဆုံးနေတယ်ဆိုပြီး သတင်းစထွက်လာတာတွေ၊ ဇနီးဖြစ်သူ မသန္တာကနေ ရဲစခန်းမှာ လူပျောက်တိုင်ချက်ဖွင့်တာတွေ၊ သတင်းစာရှင်းလင်းပွဲ လုပ်တာတွေက အောက်တိုဘာလလယ်နောက်ပိုင်းနဲ့  (၂၁) ရက်နေ့ ကြမှ။ ဒါတွေ ဖြစ်ပေါ်လာပြီး လူသိရှင်ကြားဖြစ်လာပြီးမှ ကမန်းကတန်း ချက်ချင်း မနေ့ က အောက်တိုဘာလ ၂၃ ရက်နေ့ ကမှ သတင်းထွက်လာတာက စစ်တပ်က ထိမ်းသိမ်းထားစဉ်မှာ အပေါ့သွားရန် အကြောင်းပြချက်နဲ့  ကင်းစောင့်စစ်သားထံကနေ သေနတ်လုယူ ထွက်ပြေးရန် ကြိုးပမ်းတဲ့အတွက် ပစ်ခတ်ဖမ်းဆီးရတာကြောင့် သေနတ်ဒဏ်ရာနဲ့  အသေဖမ်းဆီးရမိတယ်ဆိုပြီး သတင်းထွက်လာတယ်။ 

ဒီလို ပျောက်ဆုံးနေမှု သတင်းစတင်ထွက်လာပြီး၊ လူပျောက်တိုင်ချက်ဖွင့်ပြီး၊ သတင်းစာရှင်းလင်းပွဲ လုပ်ပြီးမှ ထိန်းသိမ်းထားစဉ် ထွက်ပြေးလို့  ပစ်သတ်လိုက်ရပါတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခြင်းဟာ မှန်ကန်မှုရှိနိုင်ခြေ နည်းပါတယ်။ ဒီသတင်းအပေါ် ယုံကြည်မှု မရှိပါဖူး။
 
ဒီသတင်းဟာလည်း တိကျသေချာပြည့်စုံမှု မရှိပါဖူး။ တာဝန်ခံပြီး သတင်းပြောကြားတဲ့ စစ်တပ်က ဘယ်သူဘယ်ဝါဆိုပြီး တာဝန်ရှိသူရဲ့  အမည်လည်း မဖော်ပြထားပါဖူး။
 
သတင်းထဲမှာ ကိုပါကြီးကို KKO စောဆန်းအောင်အဖွဲ့ မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့် အောင်နိုင်အဖြစ် စစ်ဆေးတွေ့ ရှိရတယ်လို့  ပြောဆိုချက်ဟာလည်း မှန် မမှန်ကို သက်ဆိုင်ရာ အဖွဲ့ အစည်းတွေက ထုတ်ပြန်ပြောဆိုဖို့ ကိုလည်း တိုက်တွန်းပါတယ်။
 
ကိုပါကြီးရဲ့  အလောင်းကို ကျိုက်မရောမြို့ နယ်၊ ရွှေဝါချောင်းကျေးရွာရဲ့  တောင်ဘက်မီတာ ၈၀၀ အကွာမှာ မြေမြုပ်သင်္ဂြလ်ခဲ့တယ်လို့  သတင်းထုတ်ဖော်မှုအရ ပြောတယ်ဆိုရင် အမှတ် (၂၀၈) ခြေမြန်တပ်ရင်းက တပ်ရင်းမှူးကိုယ်တိုင် ဒီသတင်းကိစ္စကို တိုင်းသိပြည်သိဖြစ်အောင် ရှင်းပါ။ မြုပ်နှံထားခဲ့တယ်ဆိုတဲ့ နေရာက အလောင်းကို ပြန်လည်တူးဖော်ပြီး ကျွမ်းကျင်သော သီးခြားလွတ်လပ်သည့် မှုခင်းဆရာဝန်များနဲ့  စစ်ဆေးခွင့်ပြုပါ။ ကိုပါကြီးရဲ့  အလောင်းဟုတ် မဟုတ်ကို တိကျတဲ့ DNA စစ်ဆေးချက်ကို သီးသန့် လွတ်လပ်သော ကျွမ်းကျင်သူများနဲ့  စစ်ဆေးခွင့်ပြုပါ။ ထုတ်ဖော်တဲ့ ဒီသတင်းအရ ကိုပါကြီးကို စတင်ဖမ်းဆီးခဲ့တဲ့ ထိန်းသိမ်းစစ်ဆေးခဲ့တဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဒေသတွေကို သွားရောက်စစ်ဆေးခွင့်ကို လူ့ အခွင့်အရေးကော်မရှင်တစ်ရပ်ဖွဲ့ ပြီး စုံစမ်းစစ်ဆေးခွင့်ပြုပါ။ ကိုပါကြီးရဲ့  အလောင်းကို ပြန်လည်တူးဖော်ပြီး ဇနီးဖြစ်သူကိုယ်တိုင် မြင်တွေ့ နိုင်ဖို့  အမြန်ဆုံးစီစဉ်ပေးပါ။ 

ဒီအချက်အလက်တွေကို သက်ဆိုင်ရာတာဝန်ရှိသူများအနေနဲ့  အမြန်ဆုံး မတုန့် မဆိုင်းဘဲ ဆောင်ရွက်ပေးမှသာလျှင် ကိုပါကြီးဟာ ထိန်းသိမ်းဖမ်းဆီးခံထားရစဉ် ညဉ်းပမ်းနှိပ်စက်မှုကြောင့် လက်လွန်သေဆုံးခဲ့ရခြင်း ဟုတ် မဟုတ်၊ ထွက်ပြေးရန်ကြိုးစားခြင်း ဟုတ် မဟုတ်၊ ထွက်ပြေးရန် ကြိုးစားမှုကြောင့် ပစ်ခတ်သတ်ဖြတ်ရခြင်း ဟုတ် မဟုတ်၊ အလောင်းအား မြေမြုပ်သင်္ဂြုလ်ခဲ့ခြင်း ဟုတ် မဟုတ်နဲ့  ကိုပါကြီး သေဆုံးသည်ဆိုသည့် သတင်းမှန် မမှန်ကို အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။
 
ဒီတောင်းဆိုချက်တွေကို တာဝန်ရှိသူတွေအနေနဲ့  မလုပ်ဆောင်ပေးဖူးဆိုရင် မလိုလားအပ်တဲ့ အခြေအနေတွေနဲ့  တုန့် ပြန်မှုတွေ ပေါ်ပေါက်လာနိုင်ပြီး၊ လက်ရှိ သိန်းစိန်တို့  မင်းအောင်လှိုင်တို့  အုပ်ချူပ်မှုအပိုင်းကို ထိခိုက်စေနိုင်မယ့် အခြေအနေတွေ ဖြစ်ပေါ်လာမယ်ဆိုတာ အသိပေးလိုက်ပါတယ်။
 
မတရားခံရသော မြန်မာနိုင်ငံသားတစ်ဦးဖြစ်သူ ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး အမှုကိစ္စနဲ့ ပတ်သက်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့  အမှန်တရားကို ချစ်မြတ်တန်ဖိုးထားကြသူများ အားလုံးကို မေတ္တာရပ်ခံလိုပါတယ်။
 
ပထမဦးဆုံး လှုပ်ရှားမှုအနေနဲ့  မနက်ဖြန် ညနေ (၄) နာရီမှာ ရန်ကုန်မြို့ တော်ခန်းမရှေ့ မှာ ကိုပါကြီး ကိစ္စအတွက် အားလုံးကို ရင်တွင်းက ဆန္ဒတွေဖော်ထုတ်ပေးဖို့  ဖိတ်ခေါ်လိုက်ပါတယ်။
 
ကိုပါကြီးအတွက် ဖြစ်ရပ်မှန်ကို ၀ိုင်းဝန်းဖော်ထုတ်ပေးကြပါ။
 
ကိုပါကြီးအတွက် မတရားမှုကို ဆန့် ကျင်ပေးကြပါ။
 
 


 

No comments: