Saturday, November 8, 2014

ဝန်ကြီးကြောင့် အဖမ်းခံခဲ့ရတဲ့ ဒုရဲအုပ် ပိုင်ရှားအောင်။

ဝန်ကြီးကြောင့် အဖမ်းခံခဲ့ရတဲ့ ဒုရဲအုပ် ပိုင်ရှားအောင်။

CID DNA ဌာနက ဒုရဲအုပ် ပိုင်ရှားအောင်ဟာ သူ့ရဲ့  ဖေ့စ်ဘွတ်စာမျက်နှာမှာ သူ့ခံစားချက်တွေကို ချရေးမိလို့ စစ်အစိုးရမှ ပြဌာန်းထားသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များအတွက် ၁၉၉၃ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ နေပြည်တော် အမှတ်၁ ရဲအချုပ်မှာ ချုပ်ထားခြင်း ခံခဲ့ရပါတယ်။

ဒုရဲအုပ် ပိုင်ရှားအောင်ဟာ လူငယ် ရဲအရာရှိတစ်ဦးဖြစ်ပြီး အပါတ်စဉ် ၇၀ ဆင်းဖြစ်ကာ အလုပ်သင် ရဲတပ်ရင်းပြီးတော့ ထူးချွန်သူ အဆင့် ၅ ထဲမှာ ပါဝင်ခဲ့လို့ CID DNA မှုခင်းဌာနကို ရောက်ခဲ့သူ ဖြစ်ပါတယ်။ Bio Chemistry ဘာသာရပ်နဲ့  ဘွဲ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
 
လွန်ခဲ့တဲ့ ဇူလိုင်လက CID DNA မှုခင်းဌာနကို ဝန်ကြီး လာစစ်ပြီးနောက်ပိုင်းမှာ CID သိပ္ပံစစ်ဆေးရေးအဖွဲ့ကို ဘာကြောင့်ဆိုတာ မသိရပဲ ချက်ချင်း ပြောင်းခိုင်းခဲ့ပါတယ်။ နေပြည်တော်မှာ နေစရာ လိုင်ခန်း မရှိကြောင်း အကြီးအကဲတွေဆီ တင်ပြတာကို ဝန်ကြီးက လက်မခံပဲ ပြောင်းကြ အခုချက်ခြင်း ပြောင်းကြ၊ နေစရာမရှိရင် တဲထိုးနေကြဆိုပြီး မောင်းထုတ်လို့ ရဲတပ်ဖွဲ့ဝင် အယောက် ၁၀၀ကျော် အလွတ်ခါးကော့ကာ ပြောင်းခဲ့ရတယ်။
 
ဒီ အတင်းအကြပ် ပြောင်းရွှေ့ ခံခဲ့ရတဲ့အထဲမှာ အမျိုးသမီးရဲတပ်ဖွဲ့ဝင် ကျွမ်းကျင်သူတွေ များပါတယ်။ သူတို့  ပြောင်းရွှေ့ ရတဲ့အခါမှာ ခလေးပညာရေး မိသားစု စားဝတ်နေရေး စတဲ့အခက်အခဲတွေကို ဘာမှ မတတ်နိုင်ဘဲ ထားခဲ့ရပါတယ်။
 
CID ဆိုတာ ရဲတပ်ဖွဲ့မှာ အသန့်ရှင်းဆုံး ပညာသည်အုပ်စု စုံထောက်ရဲတွေပါ။ နိုင်ငံတော်က ချီးမြင့်တဲ့လစာနဲဘဲ့ ဖြေရှင်းနေရသူတွေပါ။ အဲ့ဒီလို ချက်ခြင်း အတင်းအကြပ် ပြောင်းခိုင်းတော့ ရရှိတဲ့ မလုံမလောက် လစာကို မိသားစု ၂စုခွဲပြီး စားရသလိုဖြစ်လို့ အခက်အခက်တွေကို ပေါက်ကွဲကုန်ကြတယ်။ အထက်ကို ကြောက်လို့ စီနီယာရဲအရာရှိတွေက မပြောရဲပေမယ့် ဂျူနီယာဖြစ်သူ လူငယ်ရဲအရာရှိ ပိုင်ရှားအောင်ကတော့ ပေါက်ကွဲပြခဲ့ပါတယ်။ ဒီလို အတင်းအကြပ် ပြောင်းရွှေ့ ခိုင်းစေမှုကြောင့် ရင်ဆိုင်ကြုံတွေ့ ရတဲ့ မိသားစုအခက်အခဲတွေကို သူ့ ရဲ့  ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒုရဲအုပ် ပိုင်ရှားအောင်က ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။
 
အမှန်ပြောတော့ နာဆိုသလို အနာပေါ် တုတ်ကျပြီး ဝန်ကြီးက ဒုရဲအုပ် ပိုင်ရှားအောင်ကို အချုပ်ထဲထည့် အရေးယူခိုင်းခဲ့ပါတယ်။ အဆိုပါ ၀န်ကြီးက လူ့အခွင့်အရေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့  မဆိုင်ဘူးလို့ လည်း ပြောပါတယ်။ ဒုရဲအုပ် ပိုင်ရှားအောင် ဒီခံစားချက်တွေကို အားလုံးကိုယ်စား ရေးမတင်ခင် တစ်ပါတ်လောက်တုန်းက ဒီဝန်ကြီးဘဲ လူ့အခွင့်အရေးကြေညာစာတမ်းနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို နားလည်အောင် ဝန်ကြီးက သင်တန်းတစ်ပတ်ပို့ချတဲ့ အလုပ်ရုံဆွေးနွေးပွဲကို လုပ်ခဲ့သေးတာပါ။ အခု ဒီဝန်ကြီးဘဲ လူ့ အခွင့်အရေးဟာ ရဲတပ်ဖွဲ့ ဝင်တွေနဲ့  မဆိုင်ဖူးပြောတော့ လုပ်တော့ လွဲချော်လွန်းနေပါတယ်။
 
ဒီမှာတင်ပဲ လူ့အခွင့်အရေးဆိုတာ လူသားတိုင်းရဲ့မွေးရာပါ အခွင့်အရေးဆို သိသွားပြီး လွဲနေတဲ့အလွဲတွေ ပြောကြရင်း ဒုရဲအုပ် ပိုင်ရှားအောင် အရာရှိပေါက်စက ခံစားချက်ကို သူ့ရဲ့  ဖေ့စ်ဘွတ်စာမျက်နှာမှာ ရင်ဖွင့်ရေးသားပေမယ့် ဘယ်သူဘယ်ဝါကိုမှ Tag မတွဲခဲ့သလို ဘယ်သူဘယ်ဝါကိုမှ မရည်ညွှန်းခဲ့ပါဖူး။

အမေနဲ့ ညီငယ်ကို ခေါ်ခွင့်မရ၊ ရန်ကုန်မှာ အိမ်ငှားနဲ့ ထားခဲ့ရ၊ အမေက အိမ်လခပေးဖို့ လှမ်းတောင်းတော့ ပြောင်းရွှေ့ ရတဲ့ အခက်အခဲကြောင့် ပေးစရာမရှိ၊ နေပြည်တော်မှာ ဝန်ထမ်းလိုင်းခန်း တစ်ခန်းကို ၆ ယောက် ၈ ယောက်လောက် စုပြီး ဖြစ်သလို နေနေရ၊ ချီးပါသေးပေါက် ရေချိုးအဆင်မပြေ၊ အိပ်စရာမရှိ ခြေနင်းဖတ်သမံသလင်းမှာ အိပ်ရ၊ စားစရာမရှိ မီးဖိုလုရ ခွေးလိုအိပ် ခွေးလိုစား ခွေးလိုနေရတဲ့ ကိုယ်တိုင်ကြုံနေရတဲ့ အခက်အခဲတွေနဲ့  ရင်ဆိုင်နေရချိန်မှာ တစ်ဘက်ကလည်း အမေနဲ့ ညီက အိမ်လခ မပေးနိုင်ရင် နေပြည်တော်လိုက်နေမယ်ပြောတော့ ပေးစရာ နေစရာအခန်း မရှိ။ ကိုယ်ကိုတိုင်တောင် ခွေးလိုနေရဆိုတော့ ဒီမှာတင် ပေါက်ကွဲပြီး၊ ဝန်ကြီးပြောစကားတွေကို ရေးတင်လိုက်တာကြောင့် ယခု ဒုရဲအုပ် ပိုင်ရှားအောင်ဟာ ဖမ်းဆီးချုပ်နှောင် ခံထားရပါတယ်။ အမှန်ကို ပြောတာ လက်မခံတဲ့ အမှန်ကို မနှစ်သက်တဲ့ ၀န်ကြီးကြောင့် အမှန်ပြောသူ အမှန်ကို မြတ်နိုးသူ ပြည်သူ့ ဝန်ထမ်းကောင်းတစ်ယောက်အပေါ် ယခုလို မတရား ဆောင်ရွက်လိုက်တာပါ။ 

ဒုရဲအုပ် ပိုင်ရှားအောင်ဟာ လူတော်လူကောင်း တစ်ယောက်ပါ၊ အရည်အချင်းရှိသူ တစ်ယောက်ပါ၊ ကိုယ်ကျင့်တရားကောင်းသူ တစ်ယောက်ပါ။ အမေမုဆိုးမနဲ့ ညီငယ်ကျောင်းသားကို ပြုစုကျွေးမွေးစောင့်ရှောက်နေသူ တစ်ယောက်ပါ။
 
ဒုရဲအုပ် ပိုင်ရှားအောင်လို လူငယ်ရဲအရာရှိကို ဖမ်းဆီးချူပ်နှောင်ခိုင်းခဲ့တဲ့ ၀န်ကြီးဟာ ဘယ်သူလည်းဆိုတာ သိကြမှာပါ။ စစ်တပ်ကနေ ၀န်ကြီးဖြစ်လာပြီး ယခု သတင်းမှာ ပေါ်ထွက်နေတဲ့ စစ်ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့သူ ၃ ဦးထဲက တစ်ဦး ဖြစ်ပါတယ်။
 
အတင်းအကြပ် ပြောင်းရွှေ့ ခံရလို့  ကိုယ့်အခက်အခဲ မိသားစုအခက်အခဲတွေကို အကြီးအကဲများထံ ကောင်းမွန်စွာ တင်ပြဖို့  ကြိုးစားတာကို ကိုယ်ချင်းစာတရား ကင်းမဲ့စွာနဲ့  လစ်လျူရှုခဲ့တဲ့ ၀န်ကြီးကြောင့် အခက်အခဲတွေကို ရင်ဆိုင်ရတာ မွန်းကြပ်ပြီး ပေါက်ကွဲထွက်ပြတာဟာလည်း သူ့ ရဲ့  ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာမှာဘဲ ဘယ်သူဘယ်ဝါ မရည်ညွှန်းဘဲ ခံစားချက်များကိုသာ ရေးသားခဲ့တာပါ။ ဒီလိုရေးသားထားတာတွေကလည်း အမှန်တွေ ဖြစ်ပြီး ဒီလို ရေးသားဖြစ်စေဖို့  တွန်းပို့ ခဲ့တာလည်း အဓိက တရားခံဟာ ၀န်ကြီးပါဘဲ။
 
ဒုရဲအုပ် ပိုင်ရှားအောင်လို အမှန်တရားကို ချစ်မြတ်နိုးတဲ့ ရဲတပ်ဖွဲ့ ဝင်ကောင်း ပြည်သူ့ ဝန်ထမ်းကောင်းတွေကို လေးစားပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အတွင်းမှာ အမှန်တရားကို ချစ်မြတ်နိုးသူ ပြည်သူ့ ရဲဝန်ထမ်းကောင်းတွေ အများအပြား ပေါ်ပေါက်ပါစေလို့  လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုပါတယ်။
 
 
 

No comments: