Sunday, November 9, 2014

သူ ဘယ်လို လူမျိုးလည်း။

သူ ဘယ်လို လူမျိုးလည်း။

တစ်ခုလောက် မသိလို့ မေးပါရစေ။ သမ္မတကြီးက ရိုးတယ် ရိုးတယ် ပြောပြောနေတာ တွေ့နေရလို့ မေးကြည့်တာပါ။ သမ္မတရဲ့ ရိုးသားတဲ့ အကွက်လေး တစ်ကွက်လောက် ကျုပ်ကို ပြောပြပါလား။ ကျုပ်လည်း ကိုယ့်တိုင်းပြည်ရဲ့ သမ္မတ ဆိုတော့ ကြံဖန်ပြီး လေးစားကြည့်ချင်လို့ပါ။ ဒါပေမယ့် အွန်လိုင်းမှာ လော်ဘီတွေ ဖွဖွနေတဲ့ ပေါက်ကရ အဖြစ်အပျက်တွေတော့ လာမပြောနဲ့ဗျာ။ ဘောင်မ၀င်ဘူး။ သူ့ရဲ့ သမ္မတ သက်တမ်း တစ်လျှောက် တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေမှာ ထင်သာမြင်သာ ရိုးရိုးသားသား လုပ်ပြခဲ့တာမျိုး ရှိရင်သာ တစ်ခုလောက် ချပြစမ်းပါ။

ကျုပ်သိသလောက်တော့ သူက ၂၀၁၀ မှာ ကြိုတင်မဲတွေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်တယ်။ အဲဒီကနေမှ ဗိုလ်သန်းရွှေ စိတ်ကြိုက် ခေါင်းခေါက်ရွေးပြီး တင်ထားတဲ့ သမ္မတ။ ဗိုလ်သန်းရွှေ ချပေးတဲ့ ဇာတ်ကွက် အတိုင်း တစ်ဘက်မှာ စစ်ဗိုလ်ချုပ်တွေရဲ့ အကျူိုးစီးပွားကို ကာကွယ်ရင်း တစ်ဘက်မှာ အမည်ခံ ဒီမိုကရေစီ ပြဇာတ်ကို သိသိကြီးနဲ့ ၀င်ကနေတဲ့သူ။ ဒါလား ရိုးသားတာ။

မြစ်ဆုံကြီး ရပ်ပေးတယ်လို့ ပြောဦးမလို့လား။ အဲဒီမြစ်ဆုံစီမံကိန်းက သူကိုယ်တိုင် ၀န်ကြီးချုပ်ဘ၀နဲ့ ချုပ်ထားတဲ့ စာချုပ်။ ပြီးတော့ စီမံကိန်း အပြီးရပ်လိုက်တာ မဟုတ်သေးဘူး ခင်ဗျ။ သူတို့ အစိုးရ သက်တမ်း အတွင်း ဆိုင်းငံ့မယ်လို့ ခေါင်းရှောင်ပြီး နောက်အစိုးရကို လွှဲချခဲ့တာ။ ဒါလား ရိုးသားတာ။

နိုင်ငံရေး အကျဉ်းသား လွှတ်ပေးတယ်လို့ ပြောဦးမလား။ သူလွှတ်ပေးခဲ့တဲ့ သူတွေထဲမှာ လူဆိုးသူခိုးနဲ့ နိုင်ငံရေးအကျဉ်းသားစစ်စစ် ဘယ်ဟာက ပိုများလဲ။ သူခိုးဓားပြတွေကြားမှာ နိုင်ငံရေးအကျဉ်းသား မဖြစ်စလောက် ညှပ်ပြီး နိုင်ငံတကာမှာ မျက်နှာကောင်းရအောင် အယောင်ပြလွှတ်ပေးနေတာ ခင်ဗျ။ ဒီကြားထဲ ပြန်ဖမ်းတဲ့ နိုင်ငံရေးသမားတွေ၊ လယ်သမားတွေ၊ ဂျာနယ်လစ်တွေဆိုတာလည်း နည်းတာ မဟုတ်ဘူး။ ဘုန်းကြီးတွေတောင် ပါသေးတယ်။ ဒါလား ရိုးသားတာ။

ပြည်တွင်း ငြိမ်းချမ်းရေးလား။ အမျိုးသား ရင်ကြားစေ့ရေးလား။ ပြောမနေပါနဲ့တော့။ လူလေးယောက်တည်း ထိပ်တိုက် ဆွေးနွေးဖို့ကိစ္စတောင် နည်းမျိုးစုံ အကြောင်းပြပြီး ခေါင်းရှောင်နေတဲ့သူက တစ်နိုင်ငံလုံးက လက်နက်ကိုင်အဖွဲ့တွေကို စားပွဲဝိုင်းမှာ ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ဆိုတာ ဟိုဒင်း စားပြောရင်တောင် ယုံနိုင်စရာ မရှိဘူး။ ပြည်သူ သန်းနဲ့ချီပြီး လက်မှတ်ထိုး တောင်းဆိုတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကိုကျ လေသံတောင် မဟပေမယ့် အတိုက်အခံတွေနဲ့ မတည့်တဲ့ လူတစ်စုရဲ့ ဆန္ဒကိုတော့ လွှတ်တော်ကို တောင်းဆိုပေးတဲ့သူ။ ဒါလား ရိုးသားတာ။

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဆိုလည်း ကြည့်လိုက်ဦး။ နေ့ခင်းကြောင်တောင် မြို့လယ်ခေါင်မှာ တုတ်၊ ဓား ကိုင်ပြီး အုပ်စုဖွဲ့ သောင်းကျန်းနေကြတာကို သူ့ရဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက လက်ပိုက်ကြည့်နေကြတယ် ခင်ဗျ။ လူမျိုးရေးမုန်းတီးမှု တရားတွေ တစ်နိုင်ငံလုံး လှည့်ဟောနေတဲ့ ဘုန်းကြီးကို လက်ဖျားနဲ့တောင် မတို့ဘူးခင်ဗျ။ အံမယ်။ လက်ပန်တောင်းတောင်လို နေရာမျိုးကျတော့ သံဃာတွေကိုတောင် မီးလောင်ဗုံးနဲ့ ထုသဗျ။ ညနက်သန်းခေါင် ဘုန်းကြီးကျောင်းကို သူပုန်စခန်းလို ၀င်စီးသဗျ။ ဒါလား ရိုးသားတာ။

သုံးသိန်းကျော်မှ လာဘ်ပေး လာဘ်ယူလို့ သတ်မှတ်တဲ့သူ၊ ပိုင်ဆိုင်မှုကို လူသိရှင်ကြား မကြေညာရဲတဲ့သူ တစ်ယောက်ကို ရိုးသားတယ်လို့ လက်ခံပေးလို့ မရတာ ကျုပ်လွန်သလားဗျာ။

ရေးသားသူ - ဇင်သော်နိုင်။

(စတိုင်ပေးနေတဲ့ လူလိမ်လူညာကြီး သိန်းစိန်ဓါတ်ပုံကို နစ်နေမန်းထံမှ လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါသည်)။
 
 
 

No comments: