Friday, May 30, 2014

ငြိမ်းငြိမ်းချမ်းချမ်း အေးအေးဆေးဆေး လက်မှတ်ထိုးတဲ့ ဆန္ဒလေးတောင် တားဆီးပိတ်ပင်နေတာ မလွန်လွန်းဖူးလား။

ငြိမ်းငြိမ်းချမ်းချမ်း အေးအေးဆေးဆေး လက်မှတ်ထိုးတဲ့ ဆန္ဒလေးတောင် တားဆီးပိတ်ပင်နေတာ မလွန်လွန်းဖူးလား။

နေ၀င်း သန်းရွှေလက်ထက်ကတည်းက အလုပ်သမားဝန်ထမ်းတွေ ဆန့် ကျင်မှာကို ကြောက်ကြတဲ့ အာဏာရှင်တွေဟာ “၀န်ထမ်းတွေ နိုင်ငံရေး မလုပ်ရဖူး၊ နိုင်ငံရေးကင်းရှင်းရမယ်” လို့  ခေတ်အဆက်ဆက်မှာ တားမြစ်ပိတ်ပင်ကြတယ်။ တကယ်တော့ သူတို့ ရဲ့  အာဏာရှင်စနစ်ကို ကိုင်လှုပ်နိုင်တဲ့ အင်အားကြီးတွေထဲမှာ အလုပ်သမားဝန်ထမ်းတွေ ပါလို့  ကြောက်ရွံ့ ပြီး ခြိမ်းခြောက်တားမြစ်နေတာ ဖြစ်တယ်။

ဒါပေမယ့် အမျိုးမျိုးသော ခြိမ်းခြောက်မှု မက်လုံးပေးစည်းရုံးမှုတွေကြားတဲက အလုပ်သမားဝန်ထမ်းထုဟာ အာဏာရှင်တွေကို ရဲရဲရင့် ရင့် ဆန့် ကျင်တော်လှန်ခဲ့ကြတဲ့ အလုပ်သမားသပိတ်တွေ သမိုင်းတွင်အောင် ပေါ်ပေါက်ခဲ့တယ်။ ၁၉၈၈ ခုနှစ် ပြည်သူ့ အရေးတော်ပုံကြီးမှာ အာဏာရှင်တို့ ရဲ့  ဌာနဆိုင်ရာယန္တရားတွေ ရပ်ဆိုင်းစေလောက်အောင် အထွေထွေအလုပ်သမားသပိတ်တွေက ဆောင်ရွက်နိုင်ခဲ့တယ်။

အလုပ်သမား ရုံးဝန်ထမ်းတွေကို တိုက်ပုံအင်္ကျီအောက်မှာ သေနတ်ထုတ်ပြပြီး အလုပ်ဖြုတ်ပစ်မယ်လို့  ပေါ်ပေါ်တင်တင် ခြိမ်းခြောက်ခဲ့သည်အထိ မိုက်ရိုင်းခဲ့တဲ့ ၀န်ကြီးကို သတ္တိရှိရှိ ဆန္ဒပြခဲ့တဲ့ ပြည်သူ့ ဝန်ထမ်းတွေ ရှိခဲ့ကြတယ်။ ဌာနဆိုင်ရာ အလုပ်သမားသမဂ္ဂတွေ ဖွဲ့ စည်းပြီး ၀န်ကြီးဌာနအလိုက် ဆန္ဒပြခဲ့ကြတဲ့ အလုပ်သမားတွေ အများအပြား ပေါ်ထွက်ခဲ့ကြတယ်။ တကယ်တမ်း အလုပ်သမားတွေ စုစုစည်းစည်းနဲ့  အင်တိုက်အားတိုက် စုပေါင်းဆန္ဒပြကြတဲ့အခါမှာ အာဏာရှင်ရဲ့  လက်ကိုင်ဒုတ် ၀န်ကြီးတို့  ညွှန်ကြားရေးမှူးတို့ အဆင့်သာ ကျန်ရစ်ပြီး ၀န်ကြီးဌာနတွေက အလုပ်သမားဝန်ထမ်းအားလုံးဟာ ကျောင်းသားပြည်သူလူထုနဲ့ အတူတစ်ကွ လက်တွဲခဲ့ကြလို့  အာဏာရှင်တွေရဲ့  ယန္တရားကြီးဟာ ယိမ်းကိုင်သွားပြီး နောက်ဆုံးမှာ အာဏာရှင်ကြီး နေ၀င်းနဲ့  အပေါင်းအပါတွေ ပြုတ်ကျခဲ့ရတယ်။

ဒီလို အလုပ်သမားထု ဆန္ဒပြထုတ်ဖေါ်ခဲ့ကြတဲ့ ၀န်ကြီးဌာနအလိုက် အလုပ်သမားသပိတ်တွေ ပေါ်ပေါက်ပြီး ထွက်ပေါ်ခဲ့တဲ့အထဲမှာ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန အစရှိတဲ့ အဓိကကျတဲ့ ၀န်ကြီးဌာနက အလုပ်သမားဝန်ထမ်းတွေ အကုန်နီးပါး ပါရှိခဲ့ကြတယ်ဆိုတာ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီး အထွေထွေသပိတ်ကြီးရဲ့  လှုပ်ရှားမှု သမိုင်းမှတ်တမ်း ဓါတ်ပုံတွေ ဗွီဒီယိုမြင်ကွင်းတွေက သက်သေရှိတယ်။

ယခုလည်း လာပြန်ပြီ - “၀န်ထမ်းတွေ နိုင်ငံရေး မလုပ်ရဖူး၊ နိုင်ငံရေးပါတီတွေနဲ့  ကင်းရှင်းရမယ်” ဆိုပြီး တားမြစ်ပိတ်ပင်လာကြပြန်ပြီ။ အာဏာရူးတွေရဲ့  လက်သုံးလမ်းစဉ်တွေ။ အထူးသဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လက်မှတ်ထိုးနေကြချိန်မှာ လူထုလူတန်းစားအသီးသီးက လက်မှတ်တွေ တိုးပွားရေးထိုးနေကြချိန်မှာ “ငါ့ခြံထဲက ကြက်၊ အချိန်မရွေး ရိုက်သတ်လို့ ရတယ်” ဆိုတဲ့ အမြင်နဲ့  အနိုင်ကျင့်လို့ ရတယ်ဆိုတဲ့ ဌာနဆိုင်ရာက အာဏာရှင်ကြီးတွေနဲ့  လက်ကိုင်ဒုတ် ဖော်လံဖားတွေက အောက်ခြေအလုပ်သမားဝန်ထမ်းတွေကို ဖိနှိပ်ချူပ်ခြယ် အနိုင်ကျင့်ကြပြန်ပြီ။

အာဏာရှင်တွေ သူတို့  ၀ါဒဖြန့် ချီရေးလုပ်ငန်းတွေ လုပ်တဲ့အခါမှာတော့ “၀န်ထမ်းတွေ နိုင်ငံရေး မလုပ်ရဖူး၊ နိုင်ငံရေးနဲ့  ကင်းရှင်းရမယ်” ဆိုတဲ့ အသံတွေ ခွေးအကြီး လည်ပင်းနင်းခံထားရသလို နည်းနည်းလေးမှ အသံမထွက်ကြတဲ့အပြင်၊ မက်လုံးတွေပေး အခွင့်အရေးတွေ ပေး မလုပ်မနေရ အကြပ်ကိုင် လုပ်ခိုင်းလိုက်တဲ့ အာဏာရူးကြီးတွေရဲ့  ဘာပွဲ ညာပွဲတွေမှာ ဌာနဆိုင်ရာဝန်ထမ်းတွေကို အနိုင်ကျင့်ခိုင်းတာ ဗြောင်ကျကျဘဲ မဟုတ်လား။ ပညာရေးဝန်ကြီးဌာနဆိုရင် ပညာရေးဝန်ထမ်းအလုပ်သမားတွေတင်မက ကျောင်းအသီးသီးက ကျောင်းသူကျောင်းသားငယ်လေးတွေပါ လုပ်အားပေးလိုက်ရ ဆိုင်းဘုတ်ထောင်ပြလိုက်ရ တန်းစီရပ်ပြလိုက်ရနဲ့  အထူးသဖြင့် အာဏာရူးကြီးတွေကို လက်အုပ်ချီကြိုဆိုပြနေရတဲ့ပွဲတွေ၊ အထူးသဖြင့် အာဏာရှင်ပါတီ ကြံ့ ဖွတ်ရဲ့  ပွဲတွေမှာ မြင်တွေ့ နေရတာ အထင်ရှားကြီးပါ။

ယခုလက်ရှိ ပြည်သူလူထုက အလိုရှိနေကြတဲ့ ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လက်မှတ်ထိုးတာ အလုပ်သမားဝန်ထမ်းတွေအနေနဲ့  မိမိတို့ ရဲ့  ဒီလောက် ဆန္ဒလေးတောင် လုပ်ဆောင်ခွင့် မရှိတော့ဖူးလား မရတော့ဖူးလား။ နိုင်ငံရေးပါတီထဲ ၀င်တာလည်း မဟုတ်၊ ဌာနဆိုင်ရာဝန်ကြီးဌာနရဲ့  လုပ်ငန်းတွေကို ထိခိုက်စေတာလည်း မဟုတ်။ မိမိတို့ ရဲ့  နိုင်ငံအတွက် သင့်တော်တဲ့ အုပ်ချူပ်မှုနည်းစနစ် ပိုမိုမှန်ကန်စေဖို့  အတွက် မိမိတို့ ဖြစ်ချင်တဲ့ ဆန္ဒလေးတောင် ငြိမ်းငြိမ်းချမ်းချမ်း အေးအေးဆေးဆေးလေး ဖော်ထုတ်ခွင့် မရလောက်အောင် ပိတ်ပင်ခံရတာတော့ လွန်လွန်းနေပါပြီ။

ဝန်ထမ်းတွေရဲ့  ဆန္ဒတွေကို ဒီလို အတင်းအဓမ္မ ပိတ်ပင်တားဆီးနေတယ်ဆိုရင် တားဆီးပိတ်ပင်သူတွေရဲ့ ဆန္ဒတွေကိုလည်း မိမိတို့ ရဲ့  ဌာနဆိုင်ရာလုပ်ငန်းတွေမှာ ပြန်ပြီး အနုနည်းနဲ့  ပညာပေးကြပါ။ ဒီလိုမှ မဟုတ်ရင်လည်း အလုပ်သမားသပိတ်ကြီး ဖော်ဆောင်ကြပါ။ ၀န်ထမ်းတွေကို မျက်စိပိတ် နားပိတ် ပါးစပ်ပိတ် လုပ်နေကြတဲ့ အာဏာရှင်တွေကို ငုံ့ ခံရင် ပိုဖိနှိပ်ပါလိမ့်မယ်။

ငြိမ်းချမ်းစွာနဲ့  မိမိတို့ ရဲ့  ကိုယ်ပိုင်ဆန္ဒကို ဖော်ထုတ်ခွင့် မရဘဲ ဆူပူစွာနဲ့  ဆန္ဒဖော်ထုတ်အောင် ဖန်တီးနေတာလားဆိုတာ မေးရပါလိမ့်မယ်။



No comments: