Wednesday, May 28, 2014

တပ်မတော် (စစ်တပ်) ကို တကယ်ချစ်တာ ပြည်သူ့ ခေါင်းဆောင်တွေနဲ့  ပြည်သူလူထုပါဘဲလို့  ကျမ်းကျိန်ပြောရဲပါတယ်။

တပ်မတော် (စစ်တပ်) အပေါ် ဘယ်သူတွေက အမှန်တကယ် သံယောဇဉ်ရှိ စေတနာရှိ စောင့်ရှောက်ပေးလိုစိတ် ရှိသလည်းဆိုတာ သိကြစေဖို့ ။

စစ်တပ်ကို စိန်ခေါ်တာ မဟုတ်ဘဲ၊ အာဏာရှင်တွေကိုသာ စိန်ခေါ်တာဖြစ်တယ်ဆိုတာ သိစေဖို့ ၊ သူမရဲ့  ဖခင်တည်ထောင်ခဲ့တဲ့ တပ်မတော်အပေါ် ဘယ်လောက်ထိ သံယောဇဉ်ကြီးမားတယ် စေတနာထားတယ် အားကိုးအားထားတယ်ဆိုတာ သိစေဖို့  ဒူးဝါးကချင် ရေးသားခဲ့သော “တပ်မတော်အပေါ် သံယောဇဉ်ကြီးသော ဒေါ်အောင်ဆန်းစုကြည်” ရေးသားမှုထဲမှ ဖေါ်ပြချက်နှင့်အတူ သုံးသပ်ချက်ကို အသိပေးလိုပါတယ်။

၁၉၈၈ ခုနှစ်လူထုအုံကြွမှု ဖြစ်ကတည်းက မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ကမ္ဘာက အသိအမှတ်ပြုတဲ့ လူထုခေါင်းဆောင် နိုဘယ်လ် ငြိမ်ချမ်းရေး ဆုရှင် ဖြစ်ပါတယ်။ သူမရဲ့ ကျော်ကြားမှုနဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိမှုအပေါ် မြန်မာလူထုတော်တော်များများက သိပ်နားမလည်ပါဘူး။ အထူးသဖြင့် အာဏာရှင်ဗိုလ်ချုပ်ကြီးတွေရဲ့ သြ၀ါဒ လုံလုံလောက်လောက် ခံယူဖူးတဲ့၊ ပြည်သူများနဲ့ အွန်လိုင်းပေါ်မှာ တပ်မတော် နာမည်ဖျက်ပေးနေတဲ့ အာဏာရှင်လက်ပါးစေများက ပိုနားမလည်ပါ။ နိုဘယ်လ်ဆု ပေးတာကို အနောက်တိုင်းသားတွေရဲ့ လက်ရုဏ်းအဖြစ် သွပ်သွင်းခြင်းလို့ တထစ်ချ မှတ်ချက်ပြုထားခြင်းလဲ ခံရပါတယ်။ ဒါပေမယ့်၊ လူတွေ တော်တော်များများ သတိမထားမိတာက ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်တိုင်းသားများကြားတွင်သာ မကပဲ၊ အရှေ့တိုင်း ဒီမိုကရေစီ နိုင်ငံသားများကြားမှာလဲ ရေပန်းစားနေခဲ့သူပါ။

ဘယ်တုန်းကမှ မြန်မာသတင်းနဲ့ ပတ်သက်ပြီး အကြောင်း မရေးခဲ့တဲ့ ထိုင်းသတင်းစာ အချို့မှာတောင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို ဝေေ၀ဆာဆာ ရေးပါတယ်။ ဂျပန် နိုင်ငံသားများ ဆိုရင် ခေတ်သစ် နာမည် “Myanmar” ဆိုတာ မသိပေမယ့်၊ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ နာမည်ကိုတော့ လူတိုင်းသိပါတယ်။

သူမ ဘာဖြစ်လို့ နာမည်ကြီးရပါသလဲ….

အကြမ်းမဖက်တဲ့ နိုင်ငံရေး လမ်းစဉ်ကြောင့်လို့ ပညာရှင်များက ဆိုပါလိမ့်မယ်။ မှန်ပါတယ်… အကြမ်းမဖက်ပဲ အာဏာရှင်ကြီးများကို ကမ္ဘာ့အလည်မှာ အရှက်ရအောင် ရဲရဲတောက် မိန့်ခွန်းတွေနဲ့ ထိုးနက်ခဲ့လို့ပါပဲ။ သူ ဘာဖြစ်လို့ အကြမ်းမဖက်တဲ့ လမ်းစဉ်ရွေးရပါသလဲ????

၁၉၈၈ ခုနှစ် လူထုအုံကြွမှု ဖြစ်တော့ ကျောင်းသား အများအပြား ပစ်သတ်ခံရပါတယ်။ အာဏာရှင်လက်ကိုင်ဒုတ်များရဲ့  ရက်စက် ကြမ်းကြုပ်မှုကို သိပ်မမြင်ဖူးတဲ့ မြို့နေလူတန်းစားများ သီးမခံနိုင်လောက်တဲ့ အထိ ဆူညံသွားတော့၊ ပြည်သူဘက်ပါသော တပ်မတော်မှ အရာရှိတချို့ (ကျောင်းသားမိဘများ အပါအ၀င်) နဲ့ ကျောင်းသားများက စစ်အာဏာရှင်ကို လူထုအားနဲ့ အကြမ်းနည်း တိုက်ခိုက်ပြီး (ကဒါဖီမိသားစုကို လုပ်သလို) ဖြုတ်ချဖို့ တီးတိုး တိုင်ပင်ခဲ့ကြပါတယ်။

သို့သော်… ဒေါ်အောင်ဆန်စုကြည်ရဲ့  အဖြေက လုံးဝ “NO” ပါပဲ…. ဘယ်တုန်းကမှ သဘောမတူခဲ့ပါဘူး….. အဲဒီတုန်းက သူသာ မီးစိမ်းပြလိုက်ရင် လူထုအားလုံးပါဝင်ပြီး အားတက်သရောနဲ့ စောစော ပွဲသိမ်းသွားနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လုံးဝ သဘောမတူခဲ့ပါဘူး။

အကြောင်းကတော့…

တပ်မတော်သည် သူမရဲ့ ဖခင် တည်ထောင်ခဲ့သော အမွေ ဖြစ်သောကြောင့် တပ်မတော် ဖြိုခွင်းမဲ့ လမ်းစဉ် ဘယ်တော့မှ ရွေးမှာ မဟုတ်ပါ။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်သာ တပ်မတော်အပေါ် သံယောဇဉ် မထားခဲ့လျှင် မြန်မာနိုင်ငံရဲ့ သမိုင်းဟာလဲ တမျိုးတဖုံ ဖြစ်သွားနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလုံးမှာ နှလုံးသား နှစ်ဖက်နှင့် ဗျာများခဲ့ရသည်။ တစ်ဖက်မှာ သူမ သံယောဇဉ်ကြီးသော တပ်မတော်၊ တစ်ဖက်မှာ ပြည်သူ… ဒါပေမယ့် တပ်မတော်သားတွေက ဒေါ်အောင်ဆန်းစုကြည်ကို နားမလည်ကြပါ။ တပ်မတော် ခေါင်းဆောင်များကို ဝေဖန်တာကို တပ်မတော်ကို တိုက်ခိုက်တယ်လို့ ထင်ထားပုံရသည်။ တပ်မတော်ကို အဆင့်မြင့်၊ သိက္ခာရှိစေချင်တဲ့ သူမရဲ့ စေတနာကို တပ်မတော်သားများ သိပ်နားမလည်ခဲ့ပါ။ ပိုဆိုးတာက အာဏာရှင်မိသားစုများက သူတို့ရဲ့ အားနည်းချက်ကို ထောက်ပြတိုင်း တပ်မတော် အမည်နာမနဲ့ ရောသမလိုက်ခြင်းပင် ဖြစ်သည်။

တပ်မတော်ကို သံယောဇဉ်ကြီးရှာတဲ့ သူမကို တပ်မတော်ရဲ့ အကြီးစား ရန်သူကြီးဖြစ်အောင် လုပ်ကြံ ဖန်တီးနေသူတွေကို ထင်ထင်ရှားရှား မြင်ဖို့  လိုပေသည်။

ဒူးဝါးကချင်ရဲ့  ရေးသားဖော်ပြချက်တွေဟာ အလွန်မှန်ကန်လှပါပေတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  တပ်မတော်အပေါ်မှာ ထားရှိတဲ့ စေတနာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပြည်သူလူထုခေါင်းဆောင်တွေရဲ့  တပ်မတော်နဲ့  တိုင်းသူပြည်သားတွေ သွေးချောင်း မစီးစေဖို့  ရိုးသားဖြောင့်မတ်သော စေတနာ ထားရှိမှုကို ပြောပြလိုပါတယ်။

၁၉၈၈ ခုနှစ်၊ ပြည်သူ့ အရေးတော်ပုံကြီးရဲ့  အချိန်ကာလမှာ တပ်မတော်သားတွေဟာ ပြည်သူလူထုနဲ့  လက်တွဲပြီး အာဏာရှင်ကို ဆန့် ကျင်လိုတဲ့ ဆန္ဒတွေ ရှိနေခဲ့ကြပါတယ်။ ပြည်သူ့ တပ်မတော်သားအချို့ ဟာ တပ်ထဲကနေ ထွက်လာပြီး ဆန္ဒပြနေကြတဲ့ ရဟန်းရှင်လူ ပြည်သူလူထုနဲ့  လက်တွဲပြီး ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဒီနေရာမှာ အဖြစ်အပျက်မှန်တစ်ခုကို အသိပေးဖော်ပြပေးလိုပါတယ်။ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးမှာ ပြည်သူလူထုနဲ့  အတူတစ်ကွ တူညီတဲ့ ဆန္ဒကို ထုတ်ဖော်ပြသလိုကြတဲ့ တပ်မတော်သားတွေဟာ သူတို့ ရဲ့  တပ်ရင်းအတွင်းက မထွက်ခွာမီမှာ ကျောင်းသားခေါင်းဆောင်တွေထံ မေးမြန်းခဲ့ပါတယ်။ တပ်ရင်းက သူတို့  ထွက်ခွာလာခဲ့ရင် လက်နက်တွေ တစ်ပါတည်း ယူဆောင်လာရမလားဆိုတဲ့ မေးခွန်းပါ။ ဒီမေးခွန်း မေးရတဲ့ အကြောင်းရင်းကို အာဏာရှင်တွေရဲ့  ယုတ်မာစွာ ရမ်းကားပစ်ခတ် သတ်ဖြတ်မှုကို သိနေကြတဲ့အတွက် လိုအပ်လာရင် ပြည်သူလူထုကို ကာကွယ်ဖို့  တန်ပြန် တုန့် ပြန်ဖို့ ဆိုတာ အဖြေက ရှင်းနေပြီးသားပါ။

ဒီမေးခွန်းကို ဖြေဆို အကြောင်းပြန်ဖို့  ကျောင်းသားခေါင်းဆောင်တွေအနေနဲ့  ဆုံးဖြတ်နိုင်ဖို့  ခက်ခဲတဲ့အတွက် အားလုံးလေးစားရတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့  ဦးဆောင်သူများကို ဆက်လက် မေးမြန်းကာ လမ်းညွှန်မှု တောင်းခံခဲ့ရပါတယ်။ အဖြေကတော့ ရခဲ့ပါတယ်။ ပြည်သူလူထုနဲ့ အတူ ဆန္ဒထုတ်ဖော်လိုတဲ့ ပြည်သူ့ တပ်မတော်သားတွေ မိမိတို့  တပ်ရင်းကနေ ထွက်ခွာလာပြီး ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ပူးပေါင်းဆန္ဒပြလိုတယ်ဆိုရင် လက်နက်တွေ လုံးဝ မယူလာဖို့  ဖြစ်ပါတယ်။ ဒါဟာ တကယ့်ကို တပ်မတော်နဲ့  ပြည်သူလူထုအကြား မေတ္တာမပျက်စေချင်လို့  သွေးချောင်းမစီးစေချင်လို့  တပ်မတော်ကို စေတနာထားလို့  တိုင်းပြည်ကို အေးချမ်းသာယာသော နည်းလမ်းများနဲ့ သာ ဖြစ်စေချင်လို့  ဆိုတာ မြင်ပါလိမ့်မယ်။

ဒီတော့ ရှင်းပါလိမ့်မယ်။ သားရင်းကို လုယူကြတဲ့ ဘီလူးမနဲ့  မိခင်ရင်းနဲ့  ဘာကွာသလည်းဆိုတာပါ။ မိမိအကျိုးအတွက် ရရင်ပြီးရောဆိုတဲ့ မိခင်အယောင်ဆောင် ဘီလူးမနဲ့  သားရင်း နာကျင်မှာကို စိုးရိမ်လို့  အလျှော့ပေး လက်လွတ်ပေးတဲ့ မိခင်စိတ်ဓါတ်အပြည့်ထားတဲ့ အမေရင်းနဲ့  ကွာခြားမှုကို သိသင့်ကြပါတယ်။ တပ်မတော် (စစ်တပ်) အပေါ် ဘယ်သူက စိတ်ရင်းစေတနာထားလည်း မိခင်ရင်းလည်းဆိုတာ သိကြပါတော့။

ဒီအချိန်ကာလမှာ လိုအပ်လာရင်တော့ တပ်မတော်သားတွေ လက်နက်ကိုင်စွဲပြီး ပြည်သူ့ အသက်အန္တရာယ်ကာကွယ်နိုင်ရန် လိုအပ်နေနိုင်ပါတယ်။ ဘာလို့ ပြောရလည်းဆိုရင် ရဟန်းရှင်လူ ပြည်သူလူထုအပေါ်မှာ ခေတ်အဆက်ဆက် ရမ်းကားသတ်ဖြတ်မှုတွေကို ကာကွယ်တုန့် ပြန်နိုင်ဖို့  လက်တွေ့ မှာ လိုအပ်လို့ ပါဘဲ။

တပ်မတော် (စစ်တပ်) ကို တကယ်ချစ်တာ ပြည်သူ့ ခေါင်းဆောင်တွေနဲ့  ပြည်သူလူထုပါဘဲလို့  ကျမ်းကျိန်ပြောရဲပါတယ်။

နစ်နေမန်း။




No comments: