ထူးဆန်းသော လူနာတစ်ဦး။
ထူးဆန်းသော လူနာတစ်ဦး။
ကျွန်မ လုပ်ခဲ့တဲ့ ဆေးရုံမှာ လူနာပေါင်းများစွာကို ကြုံတွေ့ဖူးပြီး လူနာတယောက်ကို အခုလို ဆေးရုံဆင်းပြီး အတော်ကြာတဲ့အထိ အမှတ်ရနေတာ သတိရနေတာမျိုးတော့ တော်တော်လေး နည်းပါတယ်။ ဒီဆေးရုံမှာ လာတက်ဖူးတဲ့ လူနာတယောက်က အတော်လေးကြာမှ တနေရာမှာ တွေ့လို့ ကျွန်မကို လှမ်းနှုတ်ဆက်ရင် မျက်နှာကိုသာ မြင်ဖူးသလို မှတ်မိနေတတ်ပြီး ဘယ်သူဘယ်တုန်းက ဘယ် Ward မှာ တက်သွားသူဆိုတာ မမှတ်မိတာက များပါတယ်။ ဒါပေမဲ့ အခုပြောမယ့်လူနာကတော့ အဲဒီလို မဟုတ်ဘဲ ခဏပဲ တွေ့ရပြီး Ward ထဲမှာ ကျွန်မ အချိန်ကြာကြာ စောင့်ရှောက်လိုက်ရတဲ့ လူနာလည်း မဟုတ်ဘဲနဲ့ သူဆေးရုံက ဆင်းပြီးကတည်းက ကျွန်မ မျက်စိထဲက သူ့ပုံရိပ်က ဘယ်တော့မှ ပျောက်မသွားဘဲ မကြာခဏ သတိရနေတဲ့ လူနာတယောက်ပါ။
အဲဒီလူနာကို စတွေ့တဲ့နေ့က ကျွန်မက သူရှိတဲ့ Ward မှာ တာဝန်ကျတာ မဟုတ်ဘဲ ဓာတ်မှန်ရိုက်တဲ့ ဌာနမှာ တာဝန်ကျပြီး ဓာတ်မှန်ဌာနကနေ ဓာတ်မှန်ရိုက်ပေးဘို့ သူ့ကို Ward ထဲမှာ သွားခေါ်ရင်း မထင်မှတ်ဘဲ တွေ့ရတဲ့လူနာတယောက်ပါ။ အဲဒီနေ့က ဆေးရုံမှာ ကျွန်မတို့ ဓာတ်မှန်ရိုက်ပေးခဲ့ရတဲ့ တခြားလူနာတွေကို ကျွန်မ တယောက်မှ မမှတ်မိတော့ပေမဲ့ သူရှိတဲ့ Ward က ဓာတ်မှန်ရိုက်ပေးခဲ့ရတဲ့ လူနာအရေအတွက်နဲ့ သူ့ကိုတော့ ကျွန်မ ကောင်းကောင်းမှတ်မိနေပါတယ်။ ကျွန်မတို့က အလုပ်ပိုပြီး မြန်ဆန် အဆင်ပြေစေဘို့အတွက် Ward အားလုံးမှာ ရှိတဲ့ လူနာတွေကို Ward အလိုက်မဟုတ်ဘဲ သွားလာလှုပ်ရှားနိုင်မှု (Mobility) ပိုကောင်းပြီး လမ်းလျှောက်နိုင်သူနဲ့ ဘီးတပ်ကုလားထိုင်မှာ ထထိုင်နိုင်သူတွေကို အရင်ဆုံး၊ ထမနိုင်လို့ X-Ray Trolley နဲ့ခေါ်လာရမည့်သူတွေကို နောက်ဆုံးလိုက်ခေါ်ပြီး ဓာတ်မှန်ရိုက်ပေးလေ့ ရှိပါတယ်။
သူက ဘီးတပ်ကုလားထိုင်နဲ့ ခေါ်လာရမည့် စာရင်းထဲမှာ ပါပြီး ကျွန်မသွားခေါ်ရတဲ့ လူနာတယောက် ဖြစ်တယ်။ Ward ထဲကို မလာခင်ကတောင် ဘယ်သူ့ကို ဘာနဲ့ခေါ်လာရမယ်ဆိုတာကို ကြည့်ရင်းနဲ့ သူ့နာမည်ကို ကျွန်မ စပြီးသတိထားမိပါတယ်။ လူနာစာရင်းစာရွက်ကို ကိုင်ပြီး အဲဒီ Ward ကို ရောက်လာတော့ သူနဲ့ တခြားဘီးတပ်ကုလားထိုင်နဲ့ ခေါ်သွားရမည့်သူ နှစ်ယောက်မှာ အဆင်သင့်ဖြစ်နေသူကို အရင်ခေါ်မယ်ဆိုပေမဲ့ သူ့နာမည်ကြောင့် ကျွန်မက သူ့အခြေအနေကို အရင်သိချင်လို့ သူ့ဆီအရင်သွားလိုက်ပါတယ်။ အဲလို သွားဘို့အတွက် လူနာဘယ်ကုတင်မှာ ဆိုတာကြည့်ဘို့ Nurses Station မှာ ကပ်ထားတဲ့ လူနာစာရင်းထဲမှာ လူနာရှိရာ ကုတင်နံပါတ် အရင်ရှာလိုက်တယ်။ သူ့နာမည်ကို အခန်းနံပါတ် (5) ကုတင်နံပါတ် (C) မှာ တွေ့တော့ ဘေးနားက အခန်းပဲ ဖြစ်နေတယ်။ ကျွန်မ အပြင်ကနေ သူ့ကုတင်ရှိရာကို ကြည့်လိုက်တော့ ခန်းဆီးကို ကုတင်အပေါ်ပိုင်း အလယ်လောက်အထိကွယ်အောင် ဆွဲထားတော့ မျက်နှာရှိတဲ့ဘက် အပေါ်ပိုင်းကို မတွေ့ရဘူး။
ဒါကြောင့် ကျွန်မ ကုတင်လေးလုံးရှိတဲ့ သူရှိရာအခန်းထဲဝင်သွားကြည့်တယ်။
ပိန်ကျုံသေးသွယ်တဲ့ ခန္ဓာကိုယ်ရှိပေမဲ့ မျက်နှာအနည်းငယ် ဖူးရောင်နေသလို ထင်ရပြီး ကုတင်ရဲ့ အပေါ်ပိုင်းကို ၄၅ ဒီဂရီ မြင့်ထားတဲ့ အနေအထား(Comfortable Position) နဲ့ အိပ်ပျော်နေတဲ့ ကျွန်မတို့ အသက်အရွယ်ခန့်ပဲ ရှိနိုင်တဲ့ လူနာအမျိုးသားတဦးကို တွေ့ရတယ်။ အိပ်ပျော်နေတယ်ဆိုတော့ မနိုးချင်သေးတာနဲ့ သူ့ရဲ့အခြေအနေကို ကြည့်မယ်ဆိုပြီး Nurses Station ကိုပြန်ထွက်လာကာ အပြာရောင်လူနာမှတ်တမ်းဖိုင်ကို ရှာနေချိန်မှာ အဲဒီ Ward မှာ တာဝန်ကျနေတဲ့ သူနာပြုတယောက်က Nurses Station အနောက်ဘက်ရှိ Treatment Room ထဲကနေ ထွက်လာပြီး ကျွန်မကို နှုတ်ဆက်ကာ ဘာရှာနေလဲလို့ မေးတယ်။ ကျွန်မ ဒီနေ့ ဓာတ်မှန် ဌာနမှာ တာဝန်ကျပြီး ဒီ Ward မှာ ဓာတ်မှန်ရိုက်ရမည့် လူနာ လေးယောက်ရှိကြောင်း ကုတင်နဲ့ ခေါ်ရမည့်လူနာနှစ်ယောက်ကိုတော့ နောက်ဆုံးမှ လာခေါ်မှာဖြစ်ပြီး အခုလောလောဆယ် ဘီးတပ်ကုလားထိုင်နဲ့ ခေါ်သွားရမည့် နှစ်ယောက်မှာ အဆင်သင့်ဖြစ်နေသူကို အရင်ခေါ်သွားမှာ ဖြစ်ကြောင်း ပြောပြပြီး အခုလိုက်ရှာနေတာက နံပါတ် 5C က လူနာရဲ့ အခြေအနေ သိချင်လို့ Blue folder ထဲက Care Plan ထဲမှာ ကြည့်ဘို့ လိုက်ရှာနေကြောင်း ပြောပြပြီး “အခုတော့ နင်လာတာနဲ့ အတော်ပဲ Care Plan မှာ ကြည့်စရာမလိုတော့ဘူး အဲဒီလူနာကို ဒီမနက် နင်စောင့်ရှောက်လား” လို့ မေးတော့ သူစောင့်ရှောက်တဲ့လူနာမဟုတ်ပေမဲ့ အဲဒီလူနာအကြောင်း သူသိတယ်လို့ ပြောပြီးကျွန်မကို လူနာ ရွှေ့လျားနိုင်မှု အခြေအနေကနေ စပြောပြပါတယ်။ သူက “ံ He is safe to transferse and walk indentendly for a short distance သူက ကုတင်အတက်အဆင်းနဲ့ ဟိုနားဒီနား အကွာအဝေးကို အကူ မလိုဘဲ လမ်းလျှောက်လို့ စိတ်ချရတယ်” လို့ ပြောပြပါတယ်။
ကျွန်မက သူ့ရဲ့စိတ်အာရုံပိုင်းဆိုင်ရာ အခြေအနေကကော ဘယ်လိုရှိလဲ” လို့မေးတော့၊ ဒီလူနာက တော်တော်တော့ စိတ်ဝင်စားစရာ ကောင်းတယ်သိလား ကြည့်ရင် မျက်စိအမြဲမှိတ်ထားတတ်လို့ နွမ်းနယ်သလိုထင်ရပြီး ဘယ်သူနဲ့မှ ရောရောနှောနှော ပြောဆိုဆက်ဆံတာလည်း မရှိဘူး။ ဒါပေမဲ့ သူ့ဆီကို staff တွေ သွားပြီး စောင့်ရှောက်မှု ပေးဘို့ တခုခုမေးရင် ထင်သလိုမဟုတ်ပြန်ဘူး တော်တော်ကွာခြားတယ်” လို့စပြောတယ်။ ဘယ်လိုကွာလဲ လို့ မေးတော့ “He is very alert and orientated, responsive and cooperative, very nice and pleasant when attended to him ဒီလူနာက စိတ်အာရုံပိုင်းဆိုင်အခြေအနေ ဘာမှပြဿနာမရှိဘူး တော်တော်လေးလန်းဆန်းမှု ရှိပြီး၊ သူ့ကိုမေးရင် ကောင်းကောင်းပြန်ပြောဆိုဆက်ဆံပြီး စောင့်ရှောက်တာတွေကို အကုန်လုံးပူးပေါင်းဆောင်ရွက်တယ်၊ တော်တော်လေး နှစ်လိုဖွယ်ကောင်းတဲ့သူတယောက် ဖြစ်တယ်” လို့ ပြောတော့ ကျွန်မက ၀မ်းသာကျေနပ်တဲ့အနေနဲ့ ခေါင်းညိတ်ပြတယ်။
ပြီးတော့ “And he can speak English very well” လို့ ပြောတဲ့အချိန်မှာတော့ ကျွန်မက ကြားဖြတ်ပြီး “ဒီလောက်ဆိုရပြီ၊ သူ့ရဲ့ ကွန်မြူနီကေးရှင်း အခြေအနေအတွက် စိတ်မပူပါန့၊ ကျေးဇူးတင်ပါတယ်” လို့ ပြောပြီးတာနဲ့ ဘီးတပ်ကုလားထိုင် သွားယူဘို့ လုပ်တော့ ပြောပြနေတဲ့ သူနာပြုက တခုခုကို စဉ်းစားမိတဲ့ပုံနဲ့ ကျွန်မကို နေဦးလို့ ပြောပြီ “I think he is Burmese? လို့ စဉ်းစားပြီး ပြောနေရာကနေ ချက်ချင်းပဲ “I am sure he is Burmese” လို့ ဆက်ပြောတော့ ကျွန်မက “ Of course I know ” လို့ သူ့ကို ဂုဏ်ယူတဲ့ လေသံနဲ့ ပြန်ပြောတော့ သူက “ဟယ် နင့်အသိလား” လို့ မေးပြီး ကျွန်မနဲ့ မိတ်ဆွေထင်နေပြန်တော့ အသိမဟုတ်ဘူး ခုမှတွေ့ဖူးတာ သိတယ်ဆိုတာက X-Ray ဌာနမှာ လူနာစာရင်းကို ဖတ်တဲ့အချိန် သူ့နာမည်ကို တွေ့တာနဲ့ သူဟာ ဗမာတယောက်မှန်းအတိအကျ သိထားလို့ ပြောတာပါ၊ ဒါကြောင့်လည်း သူအင်္ဂလိပ်လို တခွန်းမှ ပြောမတတ်ရင်တောင်မှ ငါသူနဲ့ ကွန်မြူနီကေးရှင်း လုပ်နိုင်လို့ အဲဒီအတွက် စိတ်မပူပါနဲ့လို့ နင့်ကို ပြောတာပေါ့” လို့ ဂုဏ်ယူတဲ့ လေသံနဲ့ ပြောလိုက်တယ်။ ဂုဏ်ယူတယ်ဆိုတာက ဗမာလူနာက ရှားရှားပါးပါးပဲ ရှိတတ်ပြီး ရှိတဲ့တယောက်ကလည်း ပြဿနာရှာတတ်တဲ့ လူနာမျိုးမဟုတ်ဘဲ Nice and pleasant ဖြစ်တဲ့အကြောင်း ward တာဝန်ကျ staff က အမှတ်ပေးလို့ ဗမာ Staff တယောက်အနေနဲ့ ဂုဏ်ယူတာပါ။ အဲဒါပြီးတာနဲ့ ကျွန်မလည်း လူနာအကြောင်း ပြောပြတဲ့ သူနာပြုကို ကျေးဇူးတင်စကား ထပ်ပြောပြီး ဘီးတပ်ကုလားထိုင် ယူဘို့ သွားလိုက်တယ်။
သူအိပ်ပျော်နေတော့ ကျွန်မက တခြားလူနာတယောက်ကို အရင်ခေါ်သွားလိုက်ပြီး အဲဒီလူနာကို ဓာတ်မှန်ရိုက်ပြီးလို့ ပြန်လာပို့တဲ့အခါမှ သူ့ကိုသွားခေါ်တယ်။ အဲဒီတခေါက်မှာတော့ သူနိုးနေပြီး ဖြစ်ပေမဲ့ ကုတင်ပေါ်မှာ မျက်လုံးမှိတ် လဲနေတော့ တရားမှတ်နေတာ ဖြစ်မယ်လို့ သဘောပေါက်လိုက်တယ်။ ကျွန်မ သူ့ကုတင်ဘေးမှာ ဘီးတပ်ကုလားထိုင်ကို ရပ်လိုက်တော့ အသံကြားရလို့ မျက်လုံးဖွင့်ကြည့်တဲ့အခါမှာ ကျွန်မက နှုတ်ဆက်စကား ပြောဆိုပြီး ဆရာဝန် အော်ဒါထုတ်ထားတဲ့ ဓာတ်မှန်ရိုက်ရမည့် စာရင်းထဲမှာပါလို့ ဓာတ်မှန် သွားရိုက်ဘို့ လာခေါ်ကြောင်း အင်္ဂလိပ်လိုနဲ့ ရှင်းပြတော့ “Yes” လို့ တခွန်းပဲ ပြောပြီးတာနဲ့ ချက်ချင်းပဲ ထထိုင်ပြီး ဘီးတပ်ကုလားထိုင်ပေါ် ထိုင်ဘို့လုပ်နေလို့ ကျွန်မက “ Just a momemt ခဏလေး” လို့ ပြောပြီး ကုလားထိုင်က အဆင်သင့် မဖြစ်သေးလို့ ဘီးတပ်ကုလားထိုင်ကို မရွှေ့အောင် ဘရိတ်ကိုချလိုက်တယ်။ သူက “ ဆောရီး” လို့ တခွန်းပြန်ပြောကာ ခြေတောက်ကို ကြမ်းပြင်မှာ ချပြီး ကုတင်ပေါ် ဘေးတိုက် အဆင်သင့်အနေထားနဲ့ မျက်စိမှိတ်ပြီး ထိုင်စောင့်နေတယ်။
ခေါ်သွားရမှာ ဒီလူနာဆိုတာ အတိအကျ သိပေမဲ့လည်း လုပ်ထုံးလုပ်နည်းအတိုင်း မဖြစ်မနေ နာမည်နဲ့ မွေးသက္ကရာဇ်တွေ မေးလို့ သူက ပြောတဲ့အချိန်မှာ ကျွန်မက ကျွန်မလက်ထဲမှာ ရှိတဲ့ စာရွက်ထဲက အချက်နဲ့ တိုက်ကြည့်ပြီး လူနာနံပါတ်ကိုတော့ ကျွန်မ ကိုယ့်ဖါသာကိုယ်ပဲ သူ့လက်မှာ ပတ်ထားတဲ့ ID မှာဖတ်ပြီး အားလုံးတိုက်ပြီးတာနဲ့ ဘီးတပ်ကုလားထိုင်ပေါ် ထိုင်နိုင်ပြီ ဖြစ်ကြောင်း ပြောလိုက်တယ်။ ကုတင်အတက်အဆင်း အကူအပြောင်းမှာ ဘာပြဿနာမှ မရှိဘူးဆိုပေမဲ့ သူက လူနာဖြစ်တော့ ရုတ်တရက်ထတဲ့အချိန် ဟန်ချက်ပျက်ပြီးဖြစ်စေ မူးလို့ဖြစ်စေ လဲကျမလို ဖြစ်ခဲ့ရင် အဆင်သင့် တွဲကူလို့ရအောင် Safety Procedure အတိုင်း ကျွန်မက သူ့ဘေးနားကပ်လာတော့ သူ့ကိုတွဲကူဘို့ လုပ်တယ်ထင်လို့ “I am OK” လို့ပြောတယ်။ ကျွန်မလည်း “ကျွန်မသိပါတယ် ဒါမေပဲ့ မတော်တဆဖြစ်ရင် Safety အတွက် အဆင်သင့်ဖြစ်အောင် နေပေးတာပါ” လို့ ပြောတော့ “Thank you” လို့ပြန်ပြောတယ်။
သူဘီးတပ်ကုလားထိုင်ပေါ် ရောက်ပြီးတာနဲ့ ကျွန်မက အပြင်ကို တွန်းထုတ်လာပြီး သူက မျက်စိမှိတ်ပြီးပဲ လိုက်လာတယ်။ အခန်းပြင်ရောက်မှ ကျွန်မက စပြီး ရောဂါ Dignosis ကို သိရတာ ဘယ်လောက်ကြာပြီလဲလို့ အဲဒီအခါမှ ဗမာလိုနဲ့ စမေးတော့ သူကလည်း “ကြာပြီ တနှစ်ကျော်ရှိပြီ” လို့ ချက်ချင်းပဲ ဗမာလိုနဲ့ ပြန်ပြောတယ်။ ကျွန်မက “ဟုတ်လား Dignosis က တနှစ်တောင်ကြာပြီဆိုတော့ ဒီရောဂါရဲ့ သဘောသဘာဝကို ကောင်းကောင်း သဘောပေါက်ပြီး တော်တော်လေး ခံနိုင်ရည် ရှိနေပြီပေါ့နော့်” လို့ပြောတော့ “ဟုတ်ကဲ့ ကျနော်ခံနိုင်ရည် ရှိပါတယ်” လို့ပြောတယ်။
ကျွန်မက သူ့ကို တခွန်းမေးရင် တခွန်းပဲ ဖြေပြီး ဘာမှ အပိုအလိုမပြောဘူး။ ကျွန်မကို ဗမာမှန်းသိလို့ ဘာမှ အံ့သြပုံလည်းမပြ မေးလည်းဘာမှမမေး၊ စိတ်လည်းမ၀င်စားတဲ့ပုံနဲ့ မျက်စိတောင် မဖွင့်ဘူးဆိုတော့ ဒီလူနာက တော်တော်စိတ်ဝင်စားဘို့ကောင်းတယ်လို့ တာဝန်ကျ သူနာပြု ပြောပြတာ မှန်တယ်လို့ ကောက်ချက်ချလိုက်တယ်။ ဒါကြောင့်မို့ ကျွန်မကပဲ ကိုယ့်ဖါသာကိုယ် မိတ်ဆက်ပြီး အကူအညီလိုအပ်ရင် ပြောပါစသည်ဖြင့် ပြောတော့ “ကျေးဇူးတင်ပါတယ်” လို့ မျက်စိမှတ်ပြီးပဲ ပြောတယ်။ ကျွန်မကို အတော်များများက နာမည်မခေါ်ဘဲ ကျွန်မညီမခေါ်သလို မငယ်ပဲ ခေါ်ကြတဲ့အကြောင်း ပြောပြတော့ တချိန်လုံး မျက်စိမှိတ်ပြီး နားထောင်လာရာကနေ အနောက် တချက်ပြန်လှည့်ကာ မျက်လုံးဖွင့်ကြည့်ပြီး “စာရေးလား” လို့ မေးတယ်။ ကျွန်မက ဘာစာကိုပြောတာလဲ မေးပြီးမှ ဘလော့ဂ်ကို ချက်ချင်းသတိရသွားလို့ ဘလော့ဂ်ကို ပြောတယ်ထင်တယ် ဆိုတော့ “ဟုတ်တယ်” လို့ ပြောပြီး “ငယ်နိုင်လား” လို့ ထပ်မေးတယ်။ ကျွန်မက “ဟုတ်တယ် အဲဒါကျွန်မ ဘလော့ဂ်ရဲ့ နာမည်ပါ” ဆိုတော့ “ဒါဆိုခင်ဗျားကို ကျနော်သိတယ်” တဲ့ ဒါပဲပြောပြီး မျက်လုံးပြန်မှိတ်သွားတယ်။ ကျွန်မလည်းကျွန်မဘလော့ဂ်ကို သိနေတယ်ဆိုတော့ ၀မ်းသာကြောင်းနဲ့ ဘလော့ဂ်လည်း မရေးဖြစ်တာ ကြာပြီဖြစ်ကြောင်း ပြောပြရင်းနဲ့ X-Ray ရိုက်တဲ့နေရာကို ရောက်လာလို့ စကားစပြတ်သွားတယ်။ X-Ray အခန်းထဲမှာ တယောက်နဲ့ အခန်းပြင်အရှေ့မှာ တယောက် ရှိနေတာ့ အဲဒီနှစ်ယောက် ပြီးမှ သူ့အလှည့် ရောက်မှာ ဖြစ်ကြောင်း ကျွန်မပြောပြပြီးတာနဲ့ ကျွန်မလည်း X-Ray အခန်းထဲ ၀င်လာပြီး Radiographer နဲ့ တခြားသူတွေကို ၀ိုင်းကူပေးဘို့ ၀င်သွားတယ်။
သူ့အလှည့်ကို ရောက်တဲ့အချိန်မှာ နောက်ရောက်လာတဲ့ စိတ်ကျန်းမာရေး Ward က လူနာတယောက်က ခေါ်လာတုန်းက ဘာမှမဖြစ်ပေမဲ့ စောင့်နေရတော့ စိတ်မရှည်ဘဲ လုပ်ချင်ရာလုပ် ပြောချင်ရာပြော လုပ်နေတော့ အဲဒီလူနာကို ခေါ်လာတဲ့ နာ့စ်က သူ့ရှေ့က ဖြတ်ပြီး သူ့လူနာကို အရင်လုပ်ပေးပြီး မြန်မြန်ပြန်ပို့မှ ဖြစ်မယ်ဆိုပြီး X-Ray အခန်းထဲ ခေါ်လာတယ်။ အဲဒါကြောင့် ကျွန်မက “ နင့်လူနာကို အရင်ခေါ်လာတာ သူ့ထက်အရင် ရောက်လာတဲ့ ငါ့လူနာကို သေချာ ရှင်းပြခဲ့ရဲ့လား” မေးတော့ “ရှင်းပြစရာ မလိုဘူး နင့်လူနာက အိပ်ပျော်နေတယ်” တဲ့။ အဲဒါကြောင့် ကျွန်မက “အဲဒါ အိပ်ပျော်တာ မဟုတ်ဘူး တရားမှတ်နေတာ” လို့ ပြောပြပြီးတာနဲ့ X-Ray အခန်းထဲက ထွက်လာပြီး သူ့ကို အခြေအန အကျိုးအကြောင်း သွားရှင်းပြတော့ “ရပါတယ် ကျနော်သိပါတယ် ရှင်းပြစရာမလိုဘူး” လို့ မျက်စိမှိတ်ရက်ပဲ ပြန်ပြောလိုက်တယ်။
သူ့အလှည့်ပြီးလို့ ဓာတ်မှန်ရိုက်ပြီး သူ့ကို Ward ထဲ ပြန်ပို့တဲ့သူက ကျွန်မ မဟုတ်တော့ဘူးဆိုတော့ X-Ray ခန်းထဲက မထွက်ခွာခင် ကျွန်မကို တချက်လှည့်ကြည့်ကာ “ကျေးဇူးတင်တယ်” လို့ ပြောပြီး လက်ယပ် ဘိုင့်ဘိုင် လုပ်သွားလို့ ကျွန်မက “ဟုတ်တဲ့ အလုပ်ဆင်းချိန်မှ ကျွန်မ လာတွေ့ဦးမယ်” လို့ ပြောလိုက်တယ်။ အဲဒါက ကျွန်မနဲ့ အဲဒီလူနာနဲ့ နောက်ဆုံး ပြောဆိုတဲ့ စကားပဲ ဖြစ်တယ်။ အဲဒီနေ့က အလုပ်ဆင်းခါနီး ကျွန်မ သူရှိတဲ့ Ward ကို သွာတော့ သူအိပ်ပျော်နေလို့ မတွေ့ခဲ့ရဘူး နောက်နေ့ တခါလာတော့လည်း ဆရာဝန်တွေ Round လှည့်တဲ့အချိန်နဲ့ တိုးနေလို့ ကျွန်မ ပြန်သွားတယ် နောက်တခါပြန်လာတော့ ဆေးရုံကဆင်းသွားပြီတဲ့။ သူ့ကိုကျွန်မ နောက်ထပ် ထပ်မတွေ့တော့ဘူး။
ကျွန်မ သူ့ကို ဆေးရုံမှာ စတွေ့ပြီး အဲဒီအချိန်က ကျွန်မ Roster ကျနေတဲ့ Ward မှာလည်း မိတ်ဆွေ ဗမာလူနာတဦး ဆေးရုံတက်နေတာ ရှိတော့ အောက်ထပ်မှာ ဗမာတယောက် ဆေးရုံတက်နေကြောင်း ပြောပြပြီး သူ့နာမည်ကို ပြောပြီးသိလားမေးတော့ အဲဒီ မိတ်ဆွေလူနာက သူလည်းမသိဘူးတဲ့။ အိမ်ရောက်တော့ ကျွန်မ အမျိုးသားကို မေးကြည့်တော့လည်း မသိဘူးတဲ့။ အဲလိုနဲ့ပဲ သူ့အကြောင်းကို လုံးဝထပ်မကြားရတော့ဘူး။ သူနဲ့ ကျွန်မနဲ့က မိတ်ဆွေလည်း မဟုတ်သလို သူဟာကျွန်မ မိတ်ဆွေတယောက်ယောက်ရဲ့ မိတ်ဆွေထဲကလည်း မဟုတ်တဲ့အတွက် သူ့ရောဂါ အခြေအနေအရ သူ့ကိုကျွန်မ ပြန်တွေ့ရဦးမယ်လို့လည်း မထင်ထားခဲ့ဘူး။ ဒါပေမဲ့ တချိန်လုံး မျက်စိမှိတ်နေပြီး တရားမှတ်နေတတ်တဲ့ စကားအင်မတန်နည်းပြီး တခွန်းမေးမှ တခွန်းဖြေတတ်ပေမဲ့ ကျွန်မကို သုံးခွန်းတည်းသော စကားနဲ့ ပြန်ခါနီး ကျေးဇူးတင်တယ် ဆိုတဲ့တခွန်း စုစုပေါင်း စကားလေးခွန်းကိုသာ ကျွန်မမေးစရာမလိုဘဲ ပြောဖူးတဲ့ အမှတ်မထင် ခဏတာ တွေ့ခဲ့တဲ့ အဲဒီလူနာကို တခါတခါ သတိရနေပါတယ်။
သူဟာ ကျွန်မအတွက်သာမက သူ့ကိုစောင့်ရှောက်တဲ့ အဲဒီ Ward က သူနာပြုတွေ အပြောအရပါ တကယ်ကို ထူးဆန်းပြီး Very nice and pleasant person ဖြစ်တယ်ဆိုတဲ့ လူနာတဦးဖြစ်တယ်။ အမှန်တကယ်လည်း သူဟာ မေတ္တာတရားနဲ့ ပြည့်ဝသူ ဖြစ်တယ်ဆိုတာ သူ့မှာ ရှိတဲ့ မေတ္တာသုတ်ထဲက လက္ခဏာတွေက သက်သေပြနေပါတယ်။ သူ့ကို စောင့်ရှောက်ပေးတဲ့ သူတွေအတွက် သူဟာ သန္တုဿကော စ၊ သုဘရော စ၊ အပ္ပကိစ္စော စ၊ သလ္လဟုက၀ုတ္တိ၊ ဆိုတဲ့အတိုင်း မေတ္တာတရားနဲ့ ပြည့်ဝသူမို့ သူတပါးအတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့ ရောင့်ရဲ့လွယ်ကူသူ၊ ပြုစု မွေးမြူစောင့်ရှောက်ပေးရလွယ်ကူသူ၊ သူ့အတွက် ကရိကထ ကိစ္စ နည်းသည်ထက် နည်းစေသူတယောက် ဖြစ်တယ်။
တချိန်ချိန်မှာတော့ သူ့မိတ်သားစုတွေ သူနဲ့ခင်မင်ရင်းနှီးတဲ့ သူ့မိတ်ဆွေတွေနဲ့ ကြုံကြိုက်ရင်တော့ သူ့အကြောင်း ပြောပြဦးမယ်လို့ စဉ်းစားနေစဉ်မှာ ပြီးခဲ့တဲ့ စနေနေ့က သူ့နာရေးသတင်းကို ကြားလိုက်ရတော့ သူဟာကျွန်မနဲ့ ဆေးရုံမှာ ခဏတာ ကြုံတွေ့ခဲ့တဲ့ လူနာတယောက် မဟုတ်တော့ဘဲ ကျွန်မတို့လို စစ်အာဏာရှင်ကို ပြတ်ပြတ်သားသား ဆန့်ကျင်တဲ့ ဒီမိုကရေစီ ဘက်တော်သား ရဲဘော်ရဲဘက်တဦး ဖြစ်တယ်။ နောက်ဆုံးအချိန်ထိ ဒီမိုကရေစီအရေးအတွက် သူနိုင်သမျှ လုပ်သွားတယ်ဆိုတာ သိရတော့ ကျွန်မအတိုင်းမသိ လေးစားဂုဏ်ပြုအလေးပြုလိုက်ပါတယ်။ ဒီမိုကရေစီ ရဲဘော်ရဲဘက်တဦး အချိန်စောစွာ ဆုံးရှုံးမှုအတွက် မိသားစုနဲ့ ထပ်တူနီးပါး ၀မ်းနည်းနှမြောတသရပါတယ်။
ကိုဥာဏ်လင်းသိန်း ကောင်းရာသုဂတိ လားပါစေ။
ဘလော့ဂါ - ငယ်နိုင်။
(ကိုဥာဏ်လင်းသိန်းဟာ Rebound88 သတင်းစာမျက်နှာကို ဖန်တီးခဲ့သူနှင့် ယခုအချိန်ကာလများတွင် လူအများနှစ်သက်လျက်ရှိသည့် “BrainWave ဉာဏ်လှိုင်း”ကို တည်ထောင်ခဲ့သူဖြစ်ပြီး မကြာခင်ရက်ပိုင်းက ကင်ဆာရောဂါဝေဒနာဖြင့် ကွယ်လွန်သွားသူ ဖြစ်ပါတယ်)။
No comments:
Post a Comment