နာဂစ်မုန်တိုင်းဒဏ်ခံရမှု (၃) လပြည့် အထိမ်းအမှတ် မေတ္တာပို့ ဆုတောင်းပွဲနှင့် မြန်မာပြည်ဒီမိုကရေစီရရှိရေးလှုပ်ရှားမှု။
ယနေ့ တွင် သြစတြေလျနိုင်ငံ၊ မဲလ်ဘန်းမြို့ တွင် ကျင်းပပြုလုပ်သော နာဂစ်မုန်တိုင်းဒဏ်ခံရမှု (၃) လပြည့် အထိမ်းအမှတ် မေတ္တာပို့ ဆုတောင်းပွဲနှင့် မြန်မာပြည်ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုတစ်ခုအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါလှုပ်ရှားမှုတွင် ဆရာတော် ဦးတေဇောမှ နာဂစ်မုန်တိုင်းအတွင်း ကွယ်လွန်သွားသူများနှင့် ဘေးဒုက္ခရောက်နေသူများအတွက် ဆုတောင်းမေတ္တာပို့ သကြောင်း သိရှိရပါသည်။
မြန်မာပြည်ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုအဖြစ် မြန်မာပြည်အရေးအား အများပြည်သူ ပိုမိုသိရှိကြစေရန်နှင့် မြန်မာပြည် ယဉ်ကျေးမှုများအား ထုတ်ဖေါ်ပြသသည့်အနေဖြင့် မြန်မာ၊ ကရင်၊ ချင်း၊ ကချင်၊ နာဂ တိုင်းရင်းသားများမှ သီချင်းများ အကများဖြင့် ဖြော်ဖြေတင်ဆက်ပါသည်။ သြစတြေလျတေးဂီတ တီးဝိုင်းများမှလည်း တင်ဆက်ဖြေဖြော်ကြောင်း သိရှိရပါသည်။ No Burma No Cry, Everything is going to be alright သီချင်းစာသားအား ပရိသတ်များမှ သံပြိုင်သီဆိုကာ မြန်မာပြည်အရေးကို စိတ်ဝင်တစား အားပေးကြကြောင်း သိရှိရပါသည်။ Free Burma, Support Burma အစရှိသဖြင့် ကြွေးကြော်သံများ သံပြိုင်ဆိုခြင်း၊ ကမ္ဘာမကြေဘူးဟေ့ သီချင်းအား သီဆိုခြင်းတို့ အပြင် မြန်မာပြည်အရေးနှင့်ပတ်သက်သော သတင်းများ စာရွက်စာတမ်းများအားလည်း ပရိသတ်အား ပေးဝေခဲ့ကြပါသည်။
Australia Campaign for Burma နှင့် မဲလ်ဘန်းမြို့ ရှိ Australia Burma Network တို့ မှ စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
(သတင်းပေးပို့ လာသူ ကိုမျိုးအား ကျေးဇူးတင်ရှိပါသည်)။