Thursday, August 7, 2008

၈၈ တုန်းက ကျွန်မ ပါဝင်ခဲ့တဲ့ ကိုယ်တွေ့ အဖြစ်အပျက်လေးပါ။

လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကပေါ့ ....ကစား ဖို့ ၊စားဖို့ ၊အိပ်ဖို့  နဲ့ စာကျက်ဖို့ လောက်သာ သိတဲ့ ကလေးသာသာအတွေးအခေါ်လေးနဲ့  အဖြူထည် ကျောင်းသူလေးတစ်ယောက် ရန်ကုန်မြို့ ဆေးရုံကြီးရှေ့ က အထက်တန်းကျောင်း တစ်ကျောင်းမှာ စာသင်ခဲ့ပါတယ်။

အဖေ့ကို စိတ်ဆိုးတဲ့ တစ်နေ့ မှာ အဖေက ပြန်ချော့တဲ့ အနေနဲ့  မုန့် ဖိုး ၁၀၀ ပေးခဲ့ပါတယ်။ ပိုက်ဆံ ဆိုရင် အရွက်ကြီးတွေကိုမှ ကြိုက်တတ်တဲ့ သမီး၊ စိတ်ဆိုးပြီး သတိလစ်လို့  ဆေးခန်းတောင်ရောက် တဲ့သမီးကို ချော့ဖို့  ၂၅ ကျပ်တန် တစ်ရွက် နဲ့  ၇၅ ကျပ်တန် တစ်ရွက်ကို မနက်စောစော အလုပ်မသွားခင် ခေါင်းအုံးလေး နားမှာချသွားခဲ့ပါတယ်။ အဖေလည်း အလုပ်သွားရော ငေါက်ကနဲ ထထိုင်ပြီး ပိုက်ဆံအသစ်ကလေးတွေကို ကိုင်ပြီး ပျော်နေခဲ့ပါတယ်။ ပြီးတော့မှ နံနက်စာစား ဆေးသောက်ပြီး ပိုက်ဆံတွေကို မလိုချင်တဲ့ ပုံစံနဲ့ ခေါင်းအုံးနား နေရာမပျက်ပြန်ချပြီး ပြန်အိပ်ပျော်သွားခဲ့ပါတယ်။

နံနက် ၁၁ နာရီ လောက်ကျတော့ အမေ က အိမ်ပေါ်ကို ပြေးတက်လာပြီး လာနှိုးပါတယ် ... အဲဒီအချိန် အိမ်မှာ အမေ နဲ့ သမီး နှစ်ယောက်တည်းပါ။ သမီးရေ .. ထစမ်း ထစမ်း ... ပိုက်ဆံတွေ ဖျက်သိမ်းလိုက်ပြန်ပြီ ... ၁၀၀ တန်တွေ သိမ်းတာတောင် မကြာသေးဘူး ( အဲဒီတုန်းက ၁၀၀ တန် က အင်မတန်ကျက်သရေရှိပါတယ် ... ဗိုလ်ချုပ် ရဲ့  မောင့်ကျက်သရေ ခေါင်းပေါင်း ပုံ နဲ့ ပါ... ၁၀၀ တန် ကို ခေါင်းပေါင်း လို့ လဲ ခေါ်ကြပါတယ်)။ .. အခု အစိတ်တန်တွေ ၇၅ ကျပ်တန်တွေ သိမ်းပြန်ပြီတဲ့ .... ကုန်ပါပြီ ဟယ် ....။ ဒုက္ခပါပဲ ... သွားပြီ အဖေ ပေးသွားတဲ့ ... မုန့် ဖိုး ၁၀၀ အလကားဖြစ်ပြီ .... စိတ်ပျက်ပျက်နဲ့  ထိုင်ငို ပစ်လိုက်တော့တယ် ။

ခဏကြာတော့ အဖေပြန်လာပြီး အိမ်မှာ ရှိတဲ့ ပိုက်ဆံတွေ အကုန်ထုတ် ဆာလာအိတ်ထဲထည့်ပြီး အခန်းထောင့်မှာ ထားလို့  ... အ်မ်မှာရော လမ်းမှာရော ဆူညံပွက်လောတွေ ရိုက်ခဲ့ရတယ် ။ ကျွန်မ ကတော့ ဘာမှ မသိခဲ့ပါဘူး .. လူကြီးတွေ ပြောတာနားထောင်ပြီး ဘယ်နေ့ များ ပိုက်ဆံတွေ ပြန်လဲပေးမလဲလို့  .... မျှော်လင့် နေခဲ့ရတာ ပေါ့ ။

ဒီလိုနဲ့ ပဲ ... ဘာမှန်းမသိတဲ့ ရုတ်ရုတ်ရက်ရက်တွေ ကြားမှာ ကျောင်းသွားလိုက် အိမ်ပြန်လိုက် စာကျက်လိုက် ကစားလိုက် နဲ့  ချိန်တွေကုန်ခဲ့ပါတယ် ... အတန်းတင်စာမေးပွဲဖြေနေတုန်း ကျောင်းရှေ့  က ဘတ်စ်ကား မှတ်တိုင်ကိုမီးရှို့ လို့  စာမေးပွဲ ပြီးအောင် မဖြေရပဲ ပြန်ခဲ့ပြီး ကျောင်းပိတ်ခဲ့ပါတယ်။ ဒီကြားထဲမှာလည်း ဘာမှန်းမသိတဲ့ သတင်းတွေ ရုတ်ရုတ်သဲသဲတွေကိုလည်း ကြားနေရပါတယ်။ ကျောင်းသားတွေ သေကုန်ပြီလို့ လည်း ပြောသံကြားရပါတယ်.. တကယ်ကို ဘာမှန်းမသိခဲ့ပါဘူး။

ကျောင်းတွေပြန်ဖွင့် တော့ အတန်းသစ်တက်ရင်းတစ်နေ့  သူငယ်ချင်းတစ်ယောက်က လာပြောပါတယ် .... သူတို့  အကိုတွေ တက္ကသိုလ်ထဲမှာ တရားဟောနေကြတယ် .. တရားပွဲတွေ .. အစည်းဝေးပွဲတွေ ရှိတယ်လို့  ပြောနေတာကြားတယ်တဲ့။ ...သွားကြည့်ရအောင်လို့  အဖော်စပ်ပါတယ် .... နဂိုကတည်းက စပ်စပ်စုစု ၀ါသနာကလည်း ရှိတော့ .... နောက်နေ့ ကျောင်းဆင်းရင်သွားကြဖို့  သဘောတူလိုက်ပါတယ် ... သူငယ်ချင်း က မှာလိုက်သေးတယ် လက်ကိုင်ပုဝါယူခဲ့ပါတဲ့ .. မျက်နှာကို စည်းပြီးသွားရမယ်တဲ့ .. လူတွေ မှတ်မိမှာစိုးလို့ တဲ့။

နောက်နေ့  ကျောင်းသွားခါနီး .. အဖေ မသိအောင် အဖေ့ လက်ကိုင်ပုဝါ အကြီးကြီး တစ်ထည်ကို ခိုးယူခဲ့ပါတယ် ။ အဲဒီနေ့ က ဘာမှန်းတော့ ရုတ်ရုတ်သဲသဲ နဲ့  မိဘတွေလာခေါ်ရင် ကျောင်းစောစော ပြန်ရမယ်ဆိုတော့ .. ရောရောင်ပြီး လူ အုပ်နဲ့  ရောထွက်ခဲ့ပါတယ်.. ပြီးတော့ တက္ကသိုလ်ထဲကို သူငယ်ချင်း ၄ ယောက် နဲ့ သွားခဲ့ပါတယ်။

ပထမဆုံးအကြိမ် တက္ကသိုလ်ကို ခြေချဖူးခြင်းပါ ... ကျောင်းရှေ့ ကိုရောက်တော့ လွယ်အိတ်ထဲမှာ ပါလာတဲ့ ရှပ်အင်္ကျီကို အပေါ်ကနေထပ်ဝတ်လိုက်ပါတယ် ( အင်္ကျီဖြူ ပေါ်က ကျောင်းတံဆိပ်ကို လူမြင်မှာစိုးလို့ ပါ။) ။ ထမီစိမ်းလေးတွေ နဲ့ ပေါ့ ။ ၅ ယောက်သား ကျောင်းဝင်းထဲမှာ ယောင်လည်လည်နဲ့  ဟို သွားဒီသွား သွားနေတုန်း လူတွေစုရုံးနေတဲ့နေရာကိုတွေ့ လိုက်ရပါတယ် ။

ဟိုကြည့်ဒီကြည့် နဲ့  ကမန်းကတန်း လက်ကိုင်ပုဝါလေးတွေ မျက်နှာကို ကောက်စည်းပြီး လူအုပ်ထဲ ၀င်ရောလိုက်ပါတယ်။ တချို ကလည်း ကျွန်မတို့ လို မျက်နှာတွေ အုပ်လို့  တချို့ ကလည်း ဒီတိုင်းပဲ ... ကျောင်းသားကြီးတွေက ဘာတွေမှန်း မသိသော အလွန် နားထောင်ကောင်း သည့် စကားများကို တက်ကြွစွာ ပြောကြပါတယ် .... နောက်နေ့ တွေလည်း ထပ်လာနားထောင်မယ်လို့ စိတ်ကူးလိုက်ပါတယ် ... ၃ ခါလောက် နားထောင်ပြီး တဲ့အခါ ကျွန်မ စိတ်ထဲ ၀င်သွားတာ တစ်ခု က .... ကျောင်းသား ဆိုတာ ရဲရင့်တယ် ၊ စွန့် လွှတ် စွန့် စားရဲ ရတယ် ၊ အမှန်တရားအတွကိ ခေါင်းငုံ့ မခံပဲ တိုက်ပွဲဝင်ရဲရမယ် ၊ သေဆုံးခဲ့တဲ့ ကျောင်းသားတွေ အတွက် သွေးကြွေးဆပ်ရမယ်၊ သစ္စာရှိရမယ်။

အဲဒီနောက် ရန်ကုန်မြို့ လယ်က အထက်တန်းကျောင်း တစ်ကျောင်းမှာ အခွင့်သင့်ရင်သင့်သလို ထပ်ဆင့်တရားပွဲအသေးလေးတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ၈၈၈၈ ဆန္ဒပြပွဲတွေက စတင်ပြီး အာဏာသိမ်းသည် အထိ လမ်းမပေါ်က ဆန္ဒပြပွဲတွေမှာ နေ့ တိုင်းလိုလို ပါဝင်ခဲ့ပါတယ်။

ကျွန်မပါဝင်ခဲ့တဲ့ တလျှောက်မှာတော့ တနိုင်ငံလုံး အထွေထွေသပိတ်ကြီးကို ဆင်နွဲကြဖို့  တိုက်တွန်းတဲ့ စာတွေ ဝေခဲ့ပါတယ်။ ကျောင်းအိမ်သာတွေမှာ လိုက်ကပ်ပါတယ် ။ လသာ ၂ မှာတော့ မဟာလှေကား ဆိုတာရှိပါတယ် ...အဲလို နေရာတွေ လူသွားလူလာများတဲ့ နေရာတွေမှာ လိုက်ပြီး လှုံ့ ဆော်ပါတယ်။ ကိုယ်နဲ့ နီးစပ်ရာတွေကို လိုက်ခေါ်ပါတယ်။ ကျွန်မ ကတော့ သူငယ်ချင်းတော်တော်များများ နဲ့ ကျွန်မ အဖေ၊ အမေ ၊ ဦးလေးတွေကို ခေါ်နိုင် စည်းရုံးနိုင်ခဲ့ပါတယ်။ အဲဒီတုန်းက လသာ၂ က ချီတက်ဆန္ဒပြပွဲမှာ အလံကိုင် ကျောင်းသူ တစ်ယောက်ရဲ့  ဘေးမှာ အမေ တစ်ယောက် အမြဲပါလာတာကို ဒီထဲမှာ ပါဖူးတဲ့လူ ရှိရင် မှတ်မိမှာပါ .. ကျွန်မ ဘယ်သူလဲဆိုတာ သိရင်လည်း သိကြမှာပါ။ မှတ်မိကြမှာပါ။ တနိုင်ငံလုံးဆိုတာထက် ကျွန်မကတော့ ကျွန်မမိသားစုကို အပါ စည်းရုံးနိုင်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ နိုင်ငံရေး ခံယူချက်ရှိတာ မရှိတာထက် မတရားမှုကို ခေါင်းငုံ့ မချင်တာရယ် ... ယိုယွင်းလာတဲ့ စီးပွားရေး အတွက် ရယ် ဆိုရင် ပိုမှန်ပါလိမ့်မယ် ။

ပိုက်ဆံတွေ အကုန်လုံး အသိမ်းခံလိုက်ရတော့ ကျွန်မတို့ မိသားစုမှာ တစ်အိမ်လုံးပေါင်းမှ တရားဝင်ပိုက်ဆံ ဆိုလို့  ၅၀၀ တောင် မပြည့်ခဲ့ပါဘူး ။ ကမ်းနားလမ်း ဘက်သွား.. မျှစ်တစ်ပိသာ ကို ၃ကျပ် နဲ့  သူများလာရောင်းတာကို ၀ယ်ပြီး မျှစ်ကြော် နဲ့  ငပရည်ကျို ကို တစ်ပတ်လောက် စားခဲ့ရပါတယ်။ အဲဒီလို မိသားစု တွေ ဘယ်လောက်ရှိခဲ့လဲဆိုတာ ဘယ်သူ သိခဲ့ပါသလဲ ။ ဒီစိတ်တွေက ပဲ အခြေခံ ခဲ့ရတာပါ ။ ချွေးနဲ့  ရင်းပြီး ရှာခဲ့တဲ့ ချွေးနဲစာတွေ အလဟသ ဖြစ်ကုန်တာ ကိုတော့ ဘယ်သူမဆို နှမြောမိကြမှာပဲ .. ဒီလို ပိုက်ဆံတွေ သိမ်းလိုက်တော့ တိုင်းပြည်ကြီး တိုးတက်လာသလား ... ပြည်သူတွေ ငတ်တာနဲ့  ငွေကြေးဖောင်းပွတာပဲ အဖတ်တင်ခဲ့ပါတယ်... အဲဒီ မခံချင်စိတ်တွေက ဆန္ဒပြပွဲတွေ ဖြစ်အောင် တွန်းပို့ ခဲ့တာပါ။

ကုန်သွယ်ရေးဝန်ကြီး ဌာန အဆောက်အဦးပေါ်ကနေ ပစ်ကွင်းကောင်းကောင်းယူပြီး ကမ်းနားလမ်းအတိုင်း ချီတက်လာတဲ့ အုပ်စုကို ပစ်ပါတယ် ... အဲဒီအချိန်မှာ ... ကျွန်မတို့ က ရွှေဘဲစားသောက်ဆိုင် ကို ကျော်လာတဲ့ အချိန်ပါ .. နောက်ကနေ တဖောင်းဖောင်း နဲ့  အသံကြားပြီး လူတွေဝရုန်းသုန်းက ပြေးတော့မှ .... ကိုယ်လည်း ဖနောင့် နဲ့  တင်ပါး တစ်သားတည်းကျအောင် ပြေးရတော့တာပေါ့။

လက်ထဲမှာ အလံက တစ်ဖက် .. ခြေဦးတာ့်ရာပြေးရင်းက သိမ်ဖြူလမ်းရောက်တော့ သိမ်ဖြူလမ်း တော်လျှောက်တက်ရင်း ... ၀န်ကြီးများရုံး ရှေ့ မှာ ရောက်နှင့် နေတဲ့ အဖွဲ့ တွေ နဲ့  ပေါင်းမိပါတယ် .... ၀န်ကြီးများရုံး ရှေ့ များ အော် နေကြတုန်း ... ဗြုန်း ဆို စစ်ကားတွေ ရောက်လာပြီး ပစ်ကြပြန်ရော .....ပြေးစရာမြေက မရှိတော့ ... ၀န်ကြီးများရုံးရှေ့  က လူတစ်ရပ်စာလောက် ရှိတဲ့ ရေမရှိတဲ့ မြောင်းကြီးထဲမှာ ၀င်ခို နေရပါတယ်။

ကျည်ဆံတွေကတော့ တရွှီးရွှီး .. တဖောင်းဖောင်း နဲ့ ပေါ့ ...... ခေါင်းလေး ထောင်ကြည့်လိုက်ရင်....... ရွှီး ..ကနဲ ကျည်ဆံဖြတ်သွားတာ .... နားရွက်တွေ ဘာတွေ ထူပူလို့  .. ငါ့ နားရွက်မှ ရှိသေးရဲ့ လား ... ငါ့ နှာခေါင်းမှ ကျန်သေးရဲ့ လားလို့  .... သွေးပျက်ခြောက်ခြားစွာ စမ်းပြီး မြောင်းထဲမှာပဲ ပြန်ခို ခဲ့ရပါတယ် .... ၁ နာရီလောက်ကြာမှ .... တခြားကျောင်းသားအဖွဲ တွေ ရောက်လာလို့  စစ်တပ်တွေ ထွက်ခွာသွားမှ ပဲ တုန်တုန်ရီရီ နဲ့  မြောင်းထဲက ထွက်ခဲ့ရပါတယ် ... မြောင်းထဲကို ဘယ်လို ခုန်ချလိုက်မှန်းတော့ မသိပါဘူး ... ပြန်တက်တော့ .... ဒူးတွေ ချောင်ပြီး မတက်နိုင်လို့  အခြား အနားက ကျောင်းသားတွေက ဆွဲတင်ပေးရပါတယ် ... အလံကတော့ အလံတိုင်က ဆွဲဖြုတ်ပြီး လက်ထဲမှာ ကိုင်ရက်သားလေးပေါ့ ..... ဖိနပ်မပါပဲ အိမ်ကို လမ်းလျှောက်ပြန်ခဲ့ရတဲ့ သွေးပျက်ဖွယ် နေ့ တစ်ရက်ပါပဲ။

(၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်း ပါဝင်ခဲ့သော အထက်တန်းကျောင်းသူတစ်ဦး ကိုယ်တွေ့ ဖြစ်ပြောပြချက် ဖြစ်ပါသည်)။