Thursday, August 7, 2008

ပြည်သူအတွက် အာဏာရှင်ကို တော်လှန်ဖို့  ဒို့ ကျောင်းသားတွေ တပ်ဦးကနေ ရပ်တည်တယ်။

သပိတ် သပိတ် ......... မှောက် မှောက်။
မီးတုတ် မီးတုတ် ......... ရှို့  ရှို့ ။

တစ်ပါတီစနစ်ဖျက်သိမ်းရေး ........ (ဒို့ အရေး) (ဒို့ အရေး)။
မဆလ အစိုးရ ......... (အလိုမရှိ) (အလိုမရှိ)။

တို့ ကျောင်းသားတွေ ညီရဲ့ လား ဟေ့ ....... (ညီတယ်ဟေ့) (ညီတယ်ဟေ့)။
ခွပ်ဒေါင်း သွေးတွေ နီရဲ့ လား ဟေ့ ........ (နီတယ်ဟေ့ ) (နီတယ်ဟေ့ )။

တို့  ဗိုလ်ချုပ်က မှာ ခဲ့တာ ..... ရ ရင် ရ .. မရ ရင် ချ။

ခောတ်အဆက်ဆက်ကနေ ၁၉၈၈ ခုနှစ်ဦးကာလ အစပိုင်းမှာလည်း ဒီလိုကြွေးကြော်ပြီး မဆလတစ်ပါတီအာဏာရှင်ကို လက်သီးလက်မောင်းတန်းကာ ကတ္တရာလမ်းမတွေပေါ်ထွက်ပြီး သေနတ်မကြောက် ဖမ်းမှာ မကြောက်ဘဲ ရဲရဲဝန့် ဝန့် နဲ့  စိန်ခေါ်အန်တု ဆန့် ကျင်ရဲခဲ့တာ ကျောင်းသားလူငယ်တွေပါ။

ပြောချင်တာကတော့ ကျောင်းသားဆိုတာ စာသင်ဖို့ ဘဲ ဆိုတာ မှန်ပေမယ့် သမိုင်းက လိုအပ်လာရင် စွန့်လွှတ်ခြင်း၊ အကျိုးအမြတ် မမျှော်ကိုးခြင်းတို့ နဲ့  ပြည်သူတွေ အတွက် ရှေ့ ဆုံးက ထွက်သူတွေပါ။ ၁၉၃၀ ကနေ ၁၉၉၆-၉၈ အထိ သမိုင်းသက်သေရှိပါတယ်။ ပြည်သူအတွက် ရှေ့ကရပ်တာ ကျောင်းသားပါ။

ဓါတ်တိုင် ပြတ်ထွက်အောင် ပြင်းတဲ့ ဂျီ၃ သေနတ်ကို လက်ထဲမှာ ဘာလက်နက်မှ မရှိဘဲ ရင်ဆိုင်ရဲတာ ၈၈၈၈မှာ ကျောင်းသားပါ။ မတရားတာကို ငုံ့ မခံတာ၊ အမှန်တရားအတွက် ကြောက်စိတ်ဆိုတာကိုမြူတမြုံမျှမရှိအောင် ဖယ်ရှားပြစ်ပြီး ရဲရဲ ၀န့် ဝန့် ရှေ့ ကနေ ပြည်သူအကျိုးကို အနစ်နာခံ သယ်ပိုးပေးခဲ့တာပါ။

မြန်မာနိုင်ငံမှာ အရေးကြုံလာတိုင်း ကျောင်းသားထုဟာ ရှေ့ ကထွက်ခဲ့ကြပါတယ်။ ဘာအကျိုးအမြတ်ကိုမှ မျှော်ကိုးလို့ မဟုတ်ပါဘူး။ ရာထူးယူဖို့  လည်း ဘယ်သူမှမလုပ်ခဲ့ကြဘူး။ အမှန်ကို ရဲရဲ ပြောဝံ့တဲ့ လူတန်းစားတရပ် အဖြစ်နဲ့ သာ ရှေ့ ကိုရောက်လာခဲ့တာပါ။ ကျောင်းသားလူငယ်တွေဟာ ရဲရင့်တဲ့စိတ်၊ ပြတ်သားတဲ့ ယုံကြည်မှု၊ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် ချင်တဲ့ စေတနာတွေနဲ့  မတရားမှုတွေကို ဖွင့်ချပြီး၊ ဖိနှိပ်လာသူတွေကို ရင်ဆိုင်ခဲ့တာပါ။

ကျောင်းသားလူငယ်တွေရဲ့ တိုင်းပြည်အပေါ်မှာထားတဲ့ စေတနာ စစ်မှန်တာကြောင့် ပြည်သူလူထုက ကျောင်းသားတွေကို မေတ္တာပျက်တယ်ဆိုတာ မရှိခဲ့ပါဘူး။

ကျောင်းသားတွေဟာ စာသင်ခန်းမက ထွက်ပြီး လမ်းမပေါ်ကို ရောက်လာတယ်။ စာသင်နှစ်တွေ နာကြတယ်၊ ထောင်တန်းကျကြတယ်၊ တချို့  စာသင်ခန်းထဲကို လုံးဝပြန်လည်ရောက်ရှိမလာနိုင်ကြတော့ပါဘူး။ တစ်ဘ၀လုံးစာ အညွန့် ကျိုးခံပြီး လုပ်သွားခဲ့တဲ့သူတွေပါ။

အခြေခံပညာကျောင်းသားဘ၀ဟာ စာသင်နေရုံနဲ့ လုံလောက်တယ်လို့ ဆိုနိုင်ပေမယ့် တက္ကသိုလ်ရောက်လာချိန်မှာတော့ စာသင်ရုံသက်သက်နဲ့ မလုံလောက်တော့ပါဘူး။ ကမ္ဘ္ဘာ့အရေး၊ မြန်မာ့အရေးကို လေ့လာ၊ ဝေဖန်၊ သုံးသပ်နိုင်ဖို့ လိုလာပါပြီ။ ပြင်ပစာပေ တွေပါ လေ့လာလိုက်စားဖို့ လိုလာပါပြီ။ အနာဂါတ်ရဲ့ တိုင်းပြည်ခေါင်းဆောင်တွေဟာလည်း ဒီကျောင်းသားတွေထဲကပဲ ပေါ် ထွက်လာမှာ မဟုတ်ဘူးလား။

ခေတ်အဆက်ဆက်က ကျောင်းသားလူငယ်တွေဟာ သမိုင်းပေးတာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့ကြတာ သမိုင်းရှိပါတယ်၊ သာဓကတွေရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်မှာ အင်္ဂလိပ်အစိုးရကို တွန်းလှန်ဖို့ဆိုတာ မြန်မာကျောင်းသာတိုင်းရဲ့ သမိုင်းပေးတာဝန်တစ်ခုပါဘဲ။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းအမှုးပြုတဲ့ ကျောင်းသားလူငယ်တွေဟာ ကျောင်းစာသင်ခန်းမှထွက်ပြီး သပိတ်မှောက်ပြီး ဆန့်ကျင်ခဲ့ကြပါတယ်။ ဂျပန် ၊ အင်္ဂလိပ် အစိုးရကို မြန်မာနိုင်ငံကနေ မောင်းထုတ်နိုင်ခဲ့တာဟာ ကျောင်းသားလူထုကြီးရဲ့ အင်အား မပါဘူးလို့ ငြင်းချက်ထုတ်လို့မရပါဘူး။ ဒီလို သမိုင်းအဆက်ဆက် နာမည်ကောင်းရှိခဲ့ကြတာ ကျောင်းသားလူထုပါ။ ဒါကြောင့် ကျောင်းသားသမိုင်းကို ကျောင်းသားတွေ ဆက်လက်ထိန်းသိမ်းကြရမှာပါ။ ဆက်လက် လက်ဆင့်ကမ်း သယ်ဆောင်ကြရမှာပါ။

ကျောင်းသားတွေရဲ့  ကျောင်းသားသမဂ္ဂကို ကျောင်းသားတွေ ကိုယ်တိုင် ပြန်တည်ဆောက်မယ်။

(၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း တပ်ဦးမှ ဦးဆောင်ခဲ့ကြသော ကျောင်းသားလူငယ်အပေါင်းအား ဂုဏ်ပြုအပ်ပါသည်)။