ရခိုင့်သံဃာ့သမဂ္ဂီမှ ကြေညာချက်။
(၂၀) နှစ်ပြည့်မြောက် ၈၈၈၈ လေးလုံးနေ့ နှင့်ပတ်သတ်ပြီး ရခိုင့်သံဃာ့သမဂ္ဂီ၏ ထုတ်ပြန်ကြေညာချက်။
ယနေ့ သည် ရှစ် (၈၈၈၈) လေးလုံးလူထုအုံကြွမှုနှစ် နှစ်ဆယ်မြောက်နေ့  ပြည့် မြောက်ဖြစ်ပြီး၊ ၁၉၆၂ ခုနှစ်မှစကာ စစ်အာရှင်စနစ်၏ ဆိုးဝါးရက်စက်မှုများကို တအုံနွေးနွေးခံစားလာခဲ့ရသော ပြည်သူများ၏ အမြင့်ဆုံးပေါက်ကွဲ လှုပ်ရှားမှုဖြစ်သည်။ စစ်အစိုးရ၏ လူမဆန်စွာ ရက်ယုတ်မာမှုများကြောင့် ရဟန်းရှင်လူပြည်သူများ၏ အသက်၊ သွေးများစွာကို ပေးဆပ်ခဲ့ရသော နေ့  အချိန်ကာလတခုလည်း ဖြစ်ပေသည်။
မြန်မာနိုင်ငံကို ကမ္ဘာ့အလည်တွင် အဆိုးဝါးဆုံးနိုင်ငံတနိုင်ငံအဖြစ် တွန်းပို့ နိုင်ခဲ့သော ရက်စက်ကောက်ကျစ်သော စစ်အစိုးရ၏ လုပ်ရပ်များသည် အစဉ်အလာအတိုင်း လူသတ်၊
မုဒိမ်းကျင့်၊ ထောင်သွင်းအကျဉ်းချခြင်းနှင့် ညဉ်းပန်းနှိပ်စက်ခြင်းများကို ဒလစပ် လုပ်ဆောင်လာခဲ့သည်မှာ ယနေ့ အထိပင် ဖြစ်သည်။
နိုင်ငံတကာနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခွင့်များရရှိစေရန် မြန်မာစစ်အာဏာရှင်အစိုးရသည် ကမ္ဘာပြည်သူများနှင့် ကမ္ဘာ့ကုလသမဂ္ဂကြီးကို အကြိမ်ကြိမ် ကတိက၀တ်များပေးခြင်း၊ စာချုပ်များတွင် လက်မှတ်ရေးထိုးခြင်းများကိုလည်း အကြိမ်ကြိမ်ပယ်ဖျက်နေခြင်းဖြင့် နိုင်ငံတကာတွင် အရှက်သိက္ခာ လုံးဝမရှိသော အာဏာရူးများအဖြစ် ဆိုးရွားစွာ ရပ်တည်နေပေသည်။
ယခုကဲ့သို့  အမူအကျင့်ရှိသော စစ်အစိုးရနှင့် စစ်ခေါင်းဆောင်များသည် သူတို့  ချမှတ်ထားသော လမ်းစဉ်များနှင့် အကောင်အထည် ဖေါ်ဆောင်ရွက်နေသော လုပ်ရပ်များးတွင် မည်သူ့ ကိုမှလည်း ဂရုမစိုက်ခြင်းဖြင့်၊ ဒီမိုကရေစီ ချစ်မြတ်နိုးသော ရဟန်းရှင်လူ ပြည်သူလူထုများကို လူမဆန်စွာ ရက်ရက်စက်စက် ဖိနှိပ်ခြေမှုန်းခြင်းများကို ရဲဝံ့စွာ ဆက်လက်လုပ်ဆောင်နေပြီး နိုင်ငံတကာကို အန်တုမည့် နူးကလီးယား တည်ဆောက်မှုလုပ်ငန်းများကိုတောင်မှ စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။
မိမိတို့ အာဏာ တည်မြဲရေးမှလွှဲပြီး မည်သည့်အရာကိုမှ တန်ဘိုးထားဆောင်ရွက်ခြင်း မရှိသည့် အာဏာရူး စစ်ဗိုလ်ချုပ်များ. လုပ်ရပ်ကြောင့် မြန်မာနိုင်ငံ့ အာဏာစက်၊ ဓမ္မစက်များ ပျက်စီးနေခြင်းကို ကမ္ဘာ့ပြည်သူများ အသိဖြစ်သည်။
သို့ ဖြစ်သောကြောင့် အတိုက်အခံအင်အားစုများအနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်နိုင်ရန်အတွက် စည်လုံးညီညွတ်မှုကို တိုးမြှင့်တည်ဆောက်နိုင်ရန် အလွန်အရေးကြီးပြီး၊ ပြည်တွင်းပြည်ပ ဟန်ချက်ညီညီလှုပ်ရှားနိုင်မှ စစ်အာဏာရှင်စနစ်ဆိုးကြီးကို ပြောင်းလဲပစ်နိုင်မည် ဖြစ်သည်။
မြန်မာ့သမိုင်းတွင် ထင်ရှားပြောင်မြောက်ခဲ့သော ဆရာတော် ဦးဥတ္တမ၊ ဆရာတော် ဦးဝိစာရတို့ ၏ နိုင်ငံရေးလှုပ်ရှားမှုများသည် အလွန်အရေးပါ အရာရောက်ခဲ့သည်မှာ သမိုင်းတွင် အထင်အရှားရှိခဲ့ပြီး ဖြစ်သည်၊ ထို့ အတူ လက်ရှိ ဒီမိုကရေစီကို လိုလားပြီး စစ်အာဏာရှင်စနစ်ဆိုးကို တိုက်ဖျက်နေသော ရဟန်းရှင်လူပြည်သူများမှ ပိုမိုထိရောက်စွမ်းဆောင်နိုင်သော နည်းလမ်းများဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်သင့်သည်။
၎င်းစနစ်ဆိုးကြီး ရှိနေသမျှ ရှစ်လေးလုံးတော်လှန်ရေး၊ ရွှေဝါရောင်တော်လှန်ရေးများနှင့်အတူ
ဘက်ပေါင်းစုံမှ ဒီစနစ်ဆိုးကြီးကိုတော်လှန်နေကြသော တော်လှန်ရေးများသည်လည်း တက်ကြွစွာ ဆက်လက်ရှင်သန်နေဦးမည် ဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံ. အခြေအနေသည် ကြောက်မက်ဖွယ်ကောင်းသော အမှောင်ထုကြီးထဲသို့  တိုးဝင်နေခဲ့ပြီး၊ မြန်မာနိုင်ငံလွတ်လပ်ရေးကို အစွမ်းကုန်တိုက်ပွဲဝင်ခဲ့ကြသော ဆရာတော် ဦးဥတ္တမနှင့် ဆရာတော် ဦးဝိစာရတို့ ၏ နိုင်ငံရေးလှုပ်ရှားမှုများသည် လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ်တွင် ရောင်ပြန်ဟပ်နေပြီ ဖြစ်သည်။ ရဟန်းတော်များ. နိုင်ငံရေးလှုပ်ရှားမှုများသည် မြန်မာနိုင်ငံသမိုင်းတွင် အစဉ်အလာကြီးမားခဲ့သည့်အလျောက် လက်ရှိမြန်မာ့ ရဟန်းတော်များ၏ နိုင်ငံရေးလှုပ်ရှားမှုများသည်လည်း မြန်မာပြည်သူ များ ခံစားနေကြရသော ဆင်းရဲဒုက္ခများကို ချုပ်ငြိမ်းစေပြီး ပြည်သူတရပ်လုံး မျှော်လင့်တောင့်တနေကြသော ဒီမိုကရေစီနှင့် တန်းတူရေးတို့ ကို အမြန်ဆုံး အကောင်အထည်ဖေါ် ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု မိမိတို ရခိုင့်သံဃာ့သမဂ္ဂီမှ အလေးအနက် ယုံကြည်ပါသည်။
ယနေ့  (၈၊ ၈၊ ၂၀၀၈) တွင်ကျရောက်သော နှစ် နှစ်ဆယ်မြောက် ရှစ်လေးလုံးနေ့ မှသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ။ လူအခွင့်အရေးနှင့် တရားမျှတရေးတို့ ဖြင့် အလင်းရောင်သစ်များ ထွန်းလင်းပါစေကြောင်း ဆန္ဒပြုပါသည်။
ပြန်ကြားရေးဌာန
ရခိုင့်သံဃာ့သမဂ္ဂီ။
ရက်စွဲ= ၀၈၊ ၀၈၊ ၂၀၀၈။