Wednesday, September 3, 2008

နအဖ ဘန်ကောက်သံရုံး နောက်ဆက်တွဲအကြောင်:။

အခုလို နအဖ ဘန်ကောက်သံရုံး နိုင်ငံသားဌာနမှ သံအဖွဲ့ဝင်များနှင့် ပွဲစားများအကြောင်း ကိုဖော်ပြပေးပြီးတဲ့နောက်မှာ သံရုံးတွင် တာဝန်ရှိသော သံအမတ်နှင့် အခြားတာဝန်ခံများအကြောင်းကိုလဲ ကြားသိရသလောက် တင်ပြရပါအုံးမယ်၊ ၄င်း သံရုံးအကြီးအကဲဟာ စစ်တပ်မှ ပြောင်းလာသူတစ်ယောက်ဖြစ်ပြီး သံတမန်တွေရဲ့ ကျင့်ဝတ်တွေကို ကောင်းစွာ မသိရှိဘဲနဲ့လဲ နခဌ ကို ၀င်ရောက်ခဲ့တယ်ဆိုတာ ကြားသိရပါတယ်။

၎င်းကိုယ်တိုင်ကလဲ အောက်ခြေ၀န်ထမ်းများနည်းတူ လဘ်စားမှုများကို ပြုလုပ်နေပြီးတော့ စီးပွားရေးလုပ်ငန်းရှင် တော်တော် များနဲ့လဲ ဆက်ဆံရေးပြေလည်အောင် လုပ်ထားတဲ့ လူတစ်ယောက်ဖြစ်ပါတယ်၊ စစ်တပ်က ပြောင်းလာပြီးတော့ သံအမတ်ဘ၀ကို တော်တော်လေးလဲ သဘောကျနေတယ်လို့ထင်မြင်ရပါတယ်။ သံရုံးနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းရဲ့ ပြောပြချက်များအရ ဇနီးဖြစ်သူက အရင်က အရာရှိကြီးတစ်ဦးရဲ့ သမီးဖြစ်ပြီးတော့ မာနလဲတော်တော်ကြီးပြီး သူတို့အိမ်ကို အ၀င်အထွက်လုပ်ချင်ရင်တော့ တော်ရုံတန်ရုံ လက်ဆောင်လောက်ကို ဂရုမစိုက်ဘဲနဲ့ တော်တော်လေး တန်ဖိုးကြီးကြီးနဲ့မှ မျက်နှာအမူအရာ ကောင်းနိုင်ကြောင်း၊ သားသမီးများကလဲ နာမည်ကြီးကျောင်းကောင်းမှာ တက်ပြီးတော့ ပိုက်ဆံကိုလဲ ရေလိုသုံးနိုင်တဲ့အကြောင်း ကြားသိရပါတယ်။

၎င်းလက်ထက်မှာတော့ သံရုံးအတွက် နာမည်ပျက်စရာများ မကြာခဏဖြစ်ပေါ်ခဲ့ပေမယ့်လဲ ထိုသူကိုယ်တိုင် ကတော့ ဟန်မပျက်နေနိုင်နေတာကို တွေ့ကြရပါတယ်၊ သံရုံးစာရေး တစ်ယောက်လဲ လွန်ခဲ့တဲ့ ၂နှစ်လောက်က မကျေနပ်ပဲ ထွက်ပြေးသွားသလို လတ်တလော မကြာသေးသောကာလတွင်လဲ သံရုံးမီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။ သောက်မြင်ကတ် မကျေနပ်သောကြောင့် ရှို့မီးဟု အများက ယူဆရသော်လဲ၊ မီးလောင်မှုဖြစ်ပွားသည့်နေရာမှာ သံရုံး၏ ငွေစာရင်းဌာန တစ်ခုဖြစ်နေကြောင်း၊ မည်သည့်စာရင်း ဇယားမျှ မကျန်တော့ကြောင်းကို ၄င်း၏အိမ်အား ၀င်ထွက်သွားလာနေသည့် သံဝန်ထမ်းတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

အပြင်ပန်းတွင် လဘ်ပေးလဘ်ယူမှုကို ၀န်ထမ်းများအား တင်းကျပ်စွာ ပိတ်ပင်ထားရှိသော်လည်း ၄င်းကိုယ်တိုင်ကမူ အိမ်တွင် အချိန်ပြည့် စီးပွားရေးသမားများ၏ ကားများက အတားအဆီးမဲ့စွာ ၀င်ထွက်သွားလာနေသည်ကို စထွန်လမ်းပေါ်ရှိ ၄င်းနေအိမ်ဝတွင် စောင့်ကြည့်နေပါက တွေ့ရပါလိမ့်မည်။

ဘန်ကောက်မြို့ရှိ သူဠေးဟု အမည်တွင်သူများမှာလဲ ၄င်းနှင့် မသိသူမရှိဘဲ သူနှင့်ခင်မင်မှု အတိုင်းအတာပေါ်မူတည်ပြီး လုပ်ပိုင်ခွင့်များပေးထားကြောင်း၊ ထိုသူများအတွက် သံရုံးနှင့် ပတ်သက်သော လိုအပ်ချက်များရှိခဲ့ပါက ရုံးပိတ်ရက်ဖြစ်နေသော်လည်း အောက်ခြေ၀န်ထမ်းများကို စေခိုင်းပြီး အမြန် လုပ်ပေးနိုင်ကြောင်း၊ လဘ်စားမှုအတိုင်းအတာကို မူတည်ပြီး အခွင့်အရေးများပေးနေကြောင်းကိုလဲ ၄င်းအိမ်အား ၀င်ထွက်နေသော စီးပွားရေး လုပ်ငန်းရှင် တစ်ချို့ထံမှ ကြားသိရပါတယ်၊ အိမ်တွင်လဲ နှစ်စဉ် မွေးနေ့ပွဲများကျင်းပပြီး ၄င်းအတွက် ဘဏ္ဍာငွေရှာဖွေသော စီးပွားရေးမှာလဲ တော်တော်အလုပ်ဖြစ်ကြောင်း၊ အပျော်အပါးကို ခုံမင်သူဖြစ်ပြီး အကြောင်းမရှိ အကြောင်းရှာကာ သံရုံး ဘဏ္ဍာငွေများဖြင့် ပျော်ပွဲရွှင်ပွဲများကိုလဲ မမောနိုင်မပန်းနိုင် လုပ်တတ်သူဖြစ်ကြောင်း၊

ထို့အပြင် ရင်းနှီးမှုကို အခွင့်ကောင်း ယူကာ သူဠေးဆိုသောသူများဆီမှ မကြာခဏ အလှူခံတတ်ပြီး၊ ထိုသူများ၏ ကားများကိုလဲ ၄င်း၏ ကိုယ်ရေးကိုယ်တာ ခရီးသွားစရာများတွင် ယူသုံးတတ်လေ့ရှိကြောင်း၊ ပတ်စပို့၊ ဗီဇာနှင့်ပတ်သက်ပြီး လုပ်ပိုင်ခွင့်မရှိသည့်ကိစများတွင် သံရုံးအောက်ခြေ၀န်ထမ်းများက အကျိုးအကြောင်းပြောပြ ငြင်းဆိုသော်လည်း ၄င်းနှင့် ခင်မင်ရင်းနှီးသူဖြစ်ပါက ဖုံးတစ်ချက်ဆက်လိုက်ရုံဖြင့် ချက်ချင်းပြီးစေနိုင်ကြောင်းကို ကြားသိရပါတယ်။

ဒီလိုမျိုး အကြီးအကဲတစ်ယောက်အနေနဲ့ နအဖသံရုံးလို နေရာမျိုးတွင် အကြီးအကျယ်လဘ်စားနေမှုများကို အထက် နအဖမှ လူကြီးများက လစ်လျူရှုကာ နေနိုင်သော်လည်း မြန်မာနိုင်ငံသားများအတွက် ကတော့ အမှန်တကယ် နစ်နာ စရာများရှိနေကြပါသည်။