Thursday, October 2, 2008

ခရီးသည်။

ခရီးသည်။

ကျွန်တော့်ဘ၀ တဆစ်ချိုး
သမိုင်းသစ်ကို ပျိုးခဲ့
ရိုးရိုးလေးပါပဲ.......

ရဲရင့်မြတ်နိုး အမှန်တရားကို ကိုးကွယ်ကြတဲ့ပွဲ
အမှန်တရားကို တူးဖော်ကြတဲ့ပွဲ
ကမ္ဘာကုန်အောင် နွှဲလိုက်ကြတာ
စွပ်ကျယ်လေး တထည်ဝတ်လို့
ကျနော်လဲ ပါဝင်ခဲ့ပါလေရော......

ရွှံ့ရုပ်လည်း မဟုတ် မတွန့်ဆုတ်
ကျောက်ရုပ်လည်း မဟုတ် နောက်မဆုတ်
မြေအုတ်တို့ ပြိုလေရာ ကျောက်အုတ်တို့နဲ့ အစားထိုး
ချိုးဖြူငှက်တို့ သီချင်းသံ
မနက်ဖြန်မှာ ညံစေဘို့
အားမာန်တွေ အစီအရီနဲ့
သြဇာမြေဆီတက်ခဲ့တယ်ပေါ့...........

ကိုညီညီ ၊ ကိုမောင်မောင်ဦး
ကိုပန်းသီ နဲ့ ကိုလှထွေး
ကျော်ဌေးဦး နဲ့ ညီညီသွင်
သန့်ဇင်လင်းနဲ့ ထူးထူးဟန်
ခင်ဗျားတို့ ပျံသန်းနေတဲ့ ကောင်းကင်မှာ
ကျွန်တော်လည်း အတူရှိနေရဲ့
ခွပ်ဒေါင်း တစ်ကောင်ရဲ့ MESSAGE
သွေးမကြောင်စတမ်း တံဆိပ်ခတ်လို့
ပြတ်သားတဲ့ သံန္ဒိဌာန်တွေဟာ
သာယာဝတီ ထောင်နံရံမှာ
ပဲ့တင်ညံနေဆဲပေါ့နော်......။

ပြောရဦးမယ်
မလေးရှားမြေပေါ်က
မျိုးချစ် တစ်ယောက်ရဲ့ ခြေလှမ်း
ကမ္ဘာကို တို့နမ်းခဲ့ပါတယ်
သူငယ်ချင်းတွေကို သတိရ
ကျောင်းပြန် ဂေါ်နိုက်တွေကို သတိရ
လူရှင်င်္သချိုင်းထဲက လွမ်းရတဲ့ညတွေ
ကိုအေးလွင်ရေ..
ခင်ဗျားရဲ့ စာသားပေါက်သွားပြီဗျ
အန်တီစု ပြန်တွေ့ကြတုန်းက
ကြမ်းတစ်ပြေတည်း စကားတွေပြောကြ
ခြံရှေ့ကတခါးဝ ရင်ဘတ်တွေ ဖွင့်ထားလို့
အသားကျ ရင်ဆိုင်
ရန်သူနဲ့အားပြိုင်
ကိုဝင်းလှိုင်တို့ မှတ်မိပါသေးတယ်......။

သွေးနဲ့ပျိုးတဲ့ပန်းတွေ
တစ်ပွင့်ပြီးတစ်ပွင့် မွှေးပျံ့
အနံ့ခံကောင်းတဲ့ ခွေးအတွေကလည်း
တောတွင်းဥပဒေသကို ကျင့်သုံး
နှစ် နှစ်ဆယ်လုံးဆုပ်ထားတဲ့ လက်သီးတွေကတော့
ကမ္ဘာမကျေ ဖြေမရတော့ဘူး.....။

အန်တီရေ..
အဆိုးဆုံးအတွက် အသင့်ပြင်ထားရင်း
ကျွန်တော်တို့ ဘ၀ချခင်း
အံတင်းတင်းကြိတ်ထားတဲ့ နှုတ်ခမ်း
အန်တီ့ခေါင်းပေါ်က ပန်းတွေ
ဘယ်တော့မှ မနွမ်းဘူးဆိုတာ
ကျွန်တော်ယုံတယ်....။
ကိုကျော်ကျော်ထွေး
ခင်ဗျားထုတ်လုပ်တဲ့ ဖယောင်းတိုင်လေးတွေ
တော်တော်လေး လင်းခဲ့တာဖို့
ဦးဝင်တင်တောင် ပြန်လွတ်ခဲ့ပါတယ်...။.

ကဲကဗျာလည်း ရှည်သွားပြီ
ဖတ်တဲ့သူ မပျင်းခင်းမှာ
သတင်းဝင် ကြေငြာရရင်ဖြင့်
ရွှေမြန်မာ အခေါင်နန်းမှာ
အသေအချာ အောင်ပန်းတွေ ပွင့်လာဘို့
အသင့်ပါပြီး ယုံကြည်ချက်တွေနဲ့
ပွေ့ဖက်ကာ ခရီးရှည်ဆက်နိုင်ဘို့
(သူငယ်ချင်းတို့ရေ)
ရှေ့ဆက်လို့ လှမ်း…..။

(ဇော်မြင့်)

No comments: