အေးဒမြတိုက်ပြီးရင်း တိုက်နေကြသော နအဖအာဏာပိုင်အဖွဲ့အစည်းများလက်အောက်က ပြည်သူတို့ရဲ့ ဘ၀။
အထက်ဖေါ်ပြပါစာကို သေသေချာချာ ဖတ်ရှုကြည့်ပါက လက်ရှိစစ်အာဏာရှင်များအောက်က ပြည်သူများ၏ဘ၀ကို ထင်ရှားစွာ မြင်နေရပါသည်။
ဒုက္ခပေါင်းစုံဖြင့်နေနေကြရသော ပြည်သူများအား အမျိုးမျိုး အဖုံဖုံ နှိပ်စက်ညှဉ်းပန်းဖို့ ကိုသာ သိသော နအဖအာဏာရှင်များလက်အောက်မှ ပြည်သူများဘ၀မှာ နွံထဲသို့  နစ်ပြီးရင်း နစ်သကဲ့သို့  ဖြစ်နေပါသည်။
စစ်အာဏာရှင်များသည် နိုင်ငံပိုင်သဘာဝသယံဇာတများကို အပိုင်စီးရောင်းချ၍ ရရှိလာသော နိုင်ငံခြားငွေများကို ပြည်သူလူထုအတွက် အသုံးချခြင်း မပြုဘဲ၊ ၄င်းတို့အိတ်ကပ်ထဲသို့သာ ထည့်နေသည့်အပြင် ပြည်သူလူထုထံမှလည်း ငွေညှစ်နေသည်ကို တွေ့ရပြန်ပါသည်။
တိုင်းပြည်တစ်ပြည်တွင် လျှပ်စစ်မီးရရှိရေးသည် အစိုးရတိုင်း၏တာဝန်ဖြစ်ပြီး လျှပ်စစ်မီးအခွန်ထမ်းပြည်သူတို့အတွက် လိုအပ်သည်များကို ပြည်သူ့ဘဏ္ဍာမှ ကျခံသုံးစွဲပေးရမည့် တာဝန်ရှိပေသည်။ ပြည်သူများမှာ လျှပ်စစ်မီးခွန် လစဉ်ပေးဆောင်နေရသော်လည်း လျှပ်စစ်မီးမှာ အချိန်ပိုင်းသာ ရရှိနေသည့်အပြင်၊ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေကြရသည့် လုပ်ငန်းရှင်များမှာလည်း အများအားဖြင့် မီးစက်ဖြင့်သာ လုပ်ငန်း လည်ပတ်နေကြ ရပါသည်။
ထိုသို့အခြေအနေတွင် လျှပ်စစ်မီးခများမှာလည်း တစ်ယူနစ်လျှင် (၂၅) ကျပ်မှ (၅၀) ကျပ်အထိ ကောက်ခံယူနေကြပါသည်။ ယခုကဲ့သို့ Transformer ပျက်စီးသည့်အခါမျိုးတွင်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် လျှပ်စစ်မီးများ ပြတ်တောက်ရသည့်အခါမျိုးတွင်လည်းကောင်း ပြည်သူများမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့်သာ ဖြေရှင်းနေခဲ့ရပါသည်။
အာဏာပိုင်များမှ ကျခံဆောင်ရွက်ပေးခြင်းမျိုး မရှိခဲ့ပါ။ အနီးကပ်ဆုံး နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးစတွင် လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက် ပြည်သူများမှာ မိမိတို့ရပ်ကွက်၊ လမ်းများအလိုက် လျှပ်စစ်ဌာနသို့ သိန်းပေါင်းများစွာ ပေး၍ ဓါတ်တိုင်များ ထောင်ခြင်း၊ မီးလိုင်းများတပ်ဆင်ခြင်းတို့ကို ပြုလုပ်ခဲ့ရသည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။
လှိုင်သာယာမြို့နယ် ကျန်စစ်သားအိမ်ရာတွင် တိုက်ခန်းပေါင်း (၉၀) ကျော် (၁၀၀) နီးပါးရှိ၍ တိုက်တစ်တိုက်လျှင် အခန်း (၁၆) ခန်းနှုန်း ရှိပါသည်။ တစ်ခန်းလျှင် ကျပ် (၁၅၀၀၀) နှုန်းဖြင့် ဆိုလျှင် သိန်းပေါင်း (၂၄၀) ကောက်ခံရရှိမည် ဖြစ်ပါသည်။ ထို့ပြင် တိုက်ခန်းများအားလုံး ကျသင့်ငွေပေးသွင်းပြီးမှသာ ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဟု ပါရှိပါသည်။ တိုက်ခန်းအားလုံး မပေးသွင်းနိုင်လျှင် Transformer ပြင်ဆင်ရေးဆောင်ရွက်မည့် အခြေအနေ မရှိပါ။ လက်ရှိတိုက်ခန်းများ မီးလင်းရေးအတွက် ကုမ္ပဏီမှ ငှားရမ်းအသုံးပြုပေးထားသည်ဟု ကျေးဇူးကြီးမားစွာ လုပ်ဆောင်ပေးထားသယောင် ရေးသားထားပါသည်။
ထိုသို့ဆိုလျှင် လျှပ်စစ်မီးရရှိရေးသည် လုပ်သားပြည်သူတို့တွင်သာ တာဝန်ရှိပြီး အစိုးရတွင် မည်သည့်တာဝန်မျှရှိပုံ မရပါ။ မြန်မာပြည်သူပြည်သားများအနေဖြင့် မိမိတို့အတွက် မည့်သို့မျှ အထောက်အပံ့ မပြုသော စစ်အာဏာရှင်များလက်အောက်တွင် နှစ်ပေါင်း (၅၀) နီးပါး ကံဆိုးမိုးမှောင် ကျရောက်နေခဲ့ရပါသည်။
ရှေ့ဆက်၍လည်း စစ်အစိုးရ ခင်းသည့်လမ်းအတိုင်း ဆက်သွားမည်ဆိုပါက ပြည်သူလူထုမှာ အဖိနှိပ်ခံဘ၀များဖြင့်သာ နှစ်ပေါင်းများစွာ လျှောက်လှမ်းကြရဖို့ ရှိနေပါသည်။
မိမိတို့တိုင်းပြည်မှ ထွက်ရှိသော သဘာဝဓါတ်ငွေ့များဖြင့် အိမ်နီးချင်းနိုင်ငံများမှာ လျှပ်စစ်မီးထိန်ထိန်သာနေသော်လည်း မူလပိုင်ရှင်မြန်မာပြည်သူတို့မှာ အမှောင်ထုထဲတွင် ရှင်သန်နေကြ ရပါသည်။
အခြားတိုင်းပြည်များသို့ရောင်းချ၍ ရရှိလာသော ၀င်ငွေများကိုမူ ပြည်သူတို့အတွက် အသုံးမပြုဘဲ ၄င်းတို့အာဏာတည်မြဲရေးနှင့် သားစဉ်မြေးဆက် ကြွယ်ဝချမ်းသာရေးကိုသာ ဦးစားပေး လုပ်ဆောင်နေကြသော စစ်အာဏာရှင်လူတစ်စု၏ လက်အောက်မှ လွတ်မြောက်ရန် ပြည်သူလူထုနှင့်အတူလက်တွဲကာ အဖိနှိပ်ခံ ပြည်ချစ်တပ်မတော်သားများမှလည်း အမြန်ဆုံး ပူးပေါင်းလုပ်ဆောင်ကြပါစို့ဟု အထူးတိုက်တွန်းလိုက် ရပါသည်။
ရေးသားသူ - ရဲသွေးနီ။
(ရေးသားပေးပို့ လာသူ ရဲသွေးနီအား အထူးကျေးဇူးတင်ရှိပါသည်)။
No comments:
Post a Comment