အနုပညာရှင်တွေ မြန်မာ့ယဉ်ကျေးမှုကို ဘယ်လို ထိန်းသိမ်းကြမှာလည်း။
အထူးသဖြင့် အနုပညာရှင်တွေဟာ တိုင်းပြည်နဲ့ လူမျိုးရဲ့  ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးကြဖို့  လိုပါတယ်။ ကိုယ်လုပ်ချင်ရာ လုပ်လို့ ရတယ်ဆိုပြီးတော့ ခေတ်နဲ့ အညီတိုးတက်ရမယ်ဆိုပြီး ထင်ရာစွတ်လုပ်ကြမယ်။ ကိုယ်ရဲ့ ရိုးရာယဉ်ကျေးမှုကို လွန်လွန်ကျူးကျူး ထိခိုက်စေနိုင်တာတွေကို အလေးမထား ဂရူမစိုက်ဖူးဆိုရင်တော့ မြန်မာ့ယဉ်ကျေးမှုဟာ လုံးပါးပါးသလို ပျောက်ကွယ်သွားမှာ အမှန်ဘဲ။
တိုးတက်နေတဲ့ လက်ရှိခေတ်ယဉ်ကျေးမှုနဲ့  ကိုက်ညီအောင် တီထွင်ဖန်တီးတယ်ဆိုပေမယ့် လက်ခံသင့်တဲ့ အတိုင်းအတာဆိုတာ ရှိပါတယ်။ သို့ သော်လည်း မိမိတိုင်းပြည်နဲ့  လူမျိုးကို ဘယ်လောက်အကျိုးပြုလည်း၊ မိမိယဉ်ကျေးမှုကို ဘယ်လိုထိခိုက်စေသလည်း။ စာရိတ္တကောင်းမွန်ရေးနဲ့  ဘာသာတရားနဲ့  ဘယ်လို ထိန်းသိမ်းသင့်သလည်းဆိုတာနဲ့  ချင့်ချိန်ပြီး လက်လွတ်စပယ် မလုပ်ကြဖို့  လိုပါတယ်။
အထူးသဖြင့် လူငယ်တို့  သဘာဝအရ အသစ်အဆန်းကို စမ်းသပ်ချင်တယ်။ ဖန်တီးချင်တယ်။ တီထွင်ချင်တယ်။ ထင်ပေါ်ကျော်ကြားချင်တယ်။ လက်စွမ်းပြချင်တယ်။ စူးစမ်းချင်တယ်။ ခေတ်နဲ့ အမှီလိုက်ချင်တယ်။ မိမိတို့  စွမ်းရည်နဲ့  အတွေးအခေါ်သစ်တွေကို ထုတ်ဖေါ်ချင်တယ် - စသဖြင့် လူငယ်တွေရဲ့  လူငယ်ဘာသာဘာဝကို နားလည်လက်ခံနိုင်ပေမယ့်၊ လိုအပ်တာထက်ပိုကဲပြီး မိမိတို့  လိုက်နာထိန်းသိမ်းသင့်တဲ့ မြန်မာ့ယဉ်ကျေးမှုလေးတွေနဲ့ တော့ ပြန်လည်ဆင်ခြင်သင့်ပါတယ်။
ငွေကြေးချမ်းသာတယ်၊ နာမည်ကျော်ကြားမှုရှိတယ်၊ အသိုင်းအ၀ိုင်းကြီးတယ်၊ ပိုင်ရာဆိုင်ရာတွေရှိတယ်ဆိုပြီး ငါတို့  လုပ်ချင်ရာလုပ်မယ်ဆိုပြီး အခြားလူမျိုးခြားတွေရဲ့  (သူတို့  ယဉ်ကျေးမှုနဲ့ သူတို့  ကိုက်ညီနေကြတဲ့) အပြုအမူတွေ တေးဂီတတွေ အနုပညာဖြော်ဖြေမှုတွေအတိုင်း ပုံတူလိုက်ပြီး အတုခိုးနေတာ၊ မူလထက် ကိုယ်က ပိုပြီး လွန်ကျူးပြနေတာတွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့  စာရိတ္တတွေကို ပျက်စီးစေဖို့  လုပ်တာနဲ့  တူပါတယ်။ ဒီလိုဆောင်ရွက်ပြုမူတွေက စပြီး ဂိုဏ်းအုပ်စုတွေဖွဲ့ လာကြတယ်၊ ရန်စကြတယ် ရန်ဖြစ်ကြတယ်၊ မူးယစ်ဆေးဝါးတွေ သုံးစွဲကြတယ်၊ လိင်ပိုင်းဆိုင်ရာ ပျော်ပါးမှုတွေ ဖြစ်လာကြတယ်။
ကိုယ်ကျင့်စာရိတ္တကို ကောင်းမွန်စေဖို့  ယဉ်ကျေးမှုနဲ့  ထိန်းသိမ်းရပါတယ်။ ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ အတွက် စာပေ ဂီတ ရုပ်ရှင် အစရှိတဲ့ အနုပညာတွေက လမ်းမှန်ပြကြရပါတယ်။ ဒါမှသာလျှင် မျိုးဆက်သစ်လူငယ်တွေဟာ တိုင်းပြည်ရဲ့  သားကောင်းရတနာအဖြစ် ကိုယ်ကျင့်တရားပြည့်ဝတဲ့၊ တိုင်းပြည်ကို ကောင်းကျိုးပြုနိုင်မယ့်သူတွေအဖြစ် ပေါ်ပေါက်မှာပါ။
အနုပညာရဲ့  စွမ်းပကားဟာ အင်မတန် ကြီးမားပါတယ်။ အများပြည်သူ မျက်စိထဲ နားထဲ ရောက်ရှိ စွဲလမ်းစေတဲ့ အရာလည်း ဖြစ်ပါတယ်။ အနုပညာစွမ်းအားနဲ့  ကောင်းတာကို ဖေါ်ပြရင် ကောင်းကျိုးဖြစ်ဖို့  လမ်းပြပါလိမ့်မယ်။ ဆိုးရွားတကို ဖေါ်ပြရင် ဆိုးရွားတာဖြစ်ဖို့  လမ်းပြပါလိမ့်မယ်။ အနုပညာရှင်များဟာ တိုင်းပြည်နဲ့  လူမျိုးကို အမှန်တကယ်အကျိုးပြုတဲ့ ဖေါ်ပြချက်တွေကို ပြည်သူ့ အနုပညာရှင်ပီသစွာနဲ့  ဆောင်ရွက်ပေးရတဲ့ တာဝန်ဝတ္တရားရှိသူတွေပါ။ အောင်မြင်ကျော်ကြားထင်ရှားတဲ့ အနုပညာရှင်တွေဟာ တိုင်းပြည်နဲ့  လူမျိုးအတွက် စာရိတ္တပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာ၊ လူမူရေးရာပိုင်းဆိုင်ရာတွေမှာ စံပြပုဂ္ဂိုလ်တွေအဖြစ် ဖြစ်ကြရမှပါ။
ပြည်သူကို အမှန်တကယ်အကျိုးပြုတဲ့ စာပေကို ရေးသားရမယ်၊ တေးဂီတကို သီဆိုရမယ်၊ ကပြမှု ဖြော်ဖြေရမယ်၊ သရုပ်ဆောင်ပြသရမယ်။ ဒီလို မဟုတ်ဘဲ ငွေကြေးရဖို့ သာ ၊ နာမည်ကျော်ကြားထင်ပေါ်လိုလို့ သာ၊ ကိုယ်ထင်ရာ ကိုယ်လုပ်လို့ ရလို့  လုပ်နေတာသာ ဆိုရင်တော့ ဒါဟာ ပြည်သူကို စော်ကားတာပါဘဲ။
အနုပညာရှင်တွေဟာ ပြည်သူ့ အကျိုးကိုသာ ကြည့်ရပါမယ်။ ပြည်သူတွေအတွက် မသင့်တော်သာ ရှိရင် မိမိရဲ့ အနုပညာထုတ်ဖေါ်ပြသတင်ဆက်မှုကို သုံးသပ်ပြီး ပြင်ဆင်ရပါမယ်။
လက်သင့်ခံနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်ပြီး ခေတ်မှီတယ် ခေတ်ဆန်တယ်ဆိုပြီး ကိုယ်တိုင်းပြည်နဲ့  လူမျိုးဂုဏ်သိက္ခာ ယဉ်ကျေးမှု စာရိတ္တကို ထိပါးတဲ့ ရိုင်းရိုင်းစိုင်းစိုင်းဖေါ်ပြမှုတွေကိုတော့ ထင်ရာစိုင်းပြီး မလုပ်ကြပါနဲ့ လို့ ။
တိုင်းပြည်ကို မတရားအုပ်ချူပ်နေသော နအဖလူရှုပ်ကြီးများကလည်း ယခုလို သိသိကြီးနဲ့  မမြင်ချင်ယောင်ဆောင်တာ ဒါမှမဟုတ် ကြည့်ကောင်းလွန်လို့  မှေးနေကြတာများလား။ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုတာ ဒီဟာပါလား။
No comments:
Post a Comment