Wednesday, January 21, 2009

ပြည်သူတွေနဲ့  ပြည်သူ့ တပ်မတော်သားတွေ ဆုံတွေ့ ခဲ့တဲ့ နေ့ တစ်နေ့ အကြောင်း။

























၁၉၈၈ ခုနှစ်။ အဲ့ဒီနေ့ တစ်နေ့ က ရန်ကုန်တက္ကသိုလ် ဒေသကောလိပ်အမှတ် (၁) နယ်မြေဖြစ်တဲ့ ဗိုလ်တစ်ထောင်ဒေသကောလိပ်မှာ ပြည်သူတွေနဲ့  ပူးပေါင်းလာခဲ့ကြတဲ့ တပ်မတော်သားတွေနဲ့  ကျောင်းသားတွေ စုပေါင်းပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ကြတယ်။ ပြည်သူတွေအာလုံးကို အသိပေးခဲ့ကြတယ်။ တပ်မတော်သားတွေ မဆလတစ်ပါတီ အာဏာရှင်ကို ဆန့် ကျင်ကြပြီး ပြည်သူတွေနဲ့  ပူးပေါင်းကြတယ်ဆိုတာကို အဲ့ဒီတပ်မတော်သားတွေက လက်သီးလက်မောင်းတန်းကြွေးကြော်ကာ သူတို့ ရဲ့  သဘောထားဆန္ဒအမှန်တွေကို ထုတ်ဖေါ်ပြသခဲ့ကြတယ်။ ကျောင်းခန်းမဆောင်အတွင်းက သြဘာပေးလက်ခုပ်သံတွေဟာ ကျောင်းအပြင်ဘက်ထိ ဟိန်းပြီးထွက်သွားခဲ့တယ်။ နောက်ထပ် ပြည်သူနဲ့  ပုပေါင်းလာကြတဲ့ ပြည်သူ့ တပ်မတော်သားတွေ ပိုမိုများပြားလာခဲ့ကြတယ်။

ကျောင်းခန်းမအတွင်းမှာ ပြည်သူ့ စစ်သား ဒို့ စစ်သားကွဆိုပြီး ပျော်ရွှင်ကြည်နှူးစွာနဲ့  အော်ဟစ်အားပေးကြတဲ့အသံတွေနဲ့ အတူ အဆိုပါ တပ်မတော်သားတွေနဲ့  ကျောင်းသားတွေ၊ သံဃာတော်တွေ၊ ပြည်သူတွေ ပွေ့ ဖက်လက်ဆွဲနှုတ်ဆက်ကြတဲ့ပုံတွေဟာ သတင်းစာရှင်းလင်းပွဲကို လာရောက်သတင်းယူကြတဲ့ သတင်းထောက်တွေရဲ့  မျက်မှောက်ရှေ့ မှာ သက်သေ သတင်းမှတ်တမ်းတွေ ဖြစ်ခဲ့ကြတယ်။

ပြည်သူ့ တပ်မတော်သားတွေရဲ့  သတင်းစာရှင်းလင်းပွဲအပြီးမှာ ပြည်သူတွေ ၀မ်းသာအားရစေဖို့ အတွက် ပြည်သူ့ စစ်သားတွေ ပူးပေါင်းကြပြီဆိုတာ ပြသဖို့  ရန်ကုန်မြို့ လည်ရှိရာကို သွားရောက်ကြမယ်လို့  အားလုံးက သဘောတူဆုံးဖြတ်လိုက်တာနဲ့  ပြည်သူ့ တပ်မတော်သားတွေကို အကြိုအပို့ လုပ်ဖို့  စီစဉ်ထားပြီးဖြစ်တဲ့ ရေးနော့ (Renault) ဘတ်စကားကြီး နှစ်စီးနဲ့  တင်ဆောင်ပြီး ရန်ကုန်မြို့ လည်ကို ထွက်ခဲ့ကြပါတယ်။

ဒီ ရေးနော့ ဘတ်စကားကြီးနှစ်စီးရဲ့  အတွင်းမှာရော အမိုးပေါ်မှာရော ပြည်သူ့ စစ်သားတွေ၊ ကျောင်းသားတွေ ပြည့်နှက်နေပြီး “ပြည်သူ့ စစ်သား ဒို့ စစ်သားကွ” ဆိုပြီး ကြွေးကြော်သံတွေဟာ ဗိုလ်တစ်ထောင်ကနေ ရန်ကုန်မြို့ လည် လမ်းတစ်လျှောက် အသံတွေဝင်လောက်အောင် အားရ၀မ်းသာနဲ့  ဆူညံနေစေခဲ့တယ်။ ဖြတ်သန်းရာ လမ်းတစ်လျှောက်မှာ ရှိတဲ့ ပြည်သူတွေဟာ ၀မ်းသာအားရလွန်းလို့  လက်ဝှေ့ ရမ်းပြီး ပြန်လည်အားပေးကြရုံမကဖူး ဖြည်းဖြည်းမောင်းနှင်နေတဲ့ကားကြီးတွေနောက်ကိုပါ လိုက်ပါ ချီတက်လာကြတယ်။

ရန်ကုန်မြို့ လည်ရောက်တော့ အထွေထွေသပိတ်ဆင်နွဲပြီး ချီတက်ဆန္ဒပြနေသူတွေ လမ်းဘေးဝဲယာတစ်ဘက်တစ်ချက်ကနေ ရပ်ပြီးအားပေးနေတဲ့သူတွေဟာ ပြည်သူ့ တပ်မတော်သားတွေရဲ့  ကြွေးကြော်သံတွေကြားရပြီး မျက်မြင်ကိုယ်တွေ့  မြင်တွေ့ ရတဲံအခါမှာတော့ ၀မ်းသာအားရနဲ့  အားတက်သရော ကြိုဆိုကြပါတယ်။ ကားပေါ်မှာ လိုက်ပါလာတဲ့ကြတဲ့ ပြည်သူ့ တပ်မတော်သားတွေ ကျောင်းသားတွေရဲ့  မျက်နှာတွေမှာလည်း အပြုံပန်းတွေဝေပြီး ၀မ်းသာလုံးဆို့ မတတ် ဖြစ်နေတာတွေ့ ရတယ်။

တစ်နေရာအရောက် များပြားလှတဲ့ ပြည်သူလူထုတွေကြောင့် ဘတ်စကားကို မောင်းတယ်ဆိုရုံလေး ဘီးတစ်ဘီးစီလှိမ့် မောင်းနေတုန်း ချီတက်နေကြတဲ့ ဆန္ဒပြပြည်သူတွေကို ရပ်ပြီးအားပေးနေတဲ့ထဲက အဖွားအိုတစ်ဦးဟာ ကားပေါ်က ပြည်သူ့ တပ်မတော်သားတွေကို မြင်တယ်ဆိုရင်ဘဲ တုံတုံချိချိနဲ့  ဖြေးဖြေးထွက်လာပါတယ်။ လက်ထဲမှာ ပန်းစီးသေးသေးလေးကို ကိုင်ထားပြီး ကားအနားရောက်တဲ့အခါမှာ ပြည်သူ့ တပ်မတော်သားတစ်ဦးရဲ့ လက်ကိုအသာလေးဆွဲကိုင်ပြီး ဘာသံမှ မထွက်လာဘဲ ငြိမ်သက်နေပါတယ်။

အဲ့ဒီ အဖွားအိုနဲ့  ပြည်သူ့ တပ်မတော်သားတို့ ရဲ့  မြင်ကွင်းကို အနီးအနားမှာရှိတဲ့သူအားလုံးရဲ့  အော်ဟစ်ကြွေးကြော်သံတွေဟာ ချက်ချင်းငြိမ်ကျသွားပြီး မှင်သက်စွာနဲ့  ငေးမောကြည့်မိနေကြပါတယ်။ ဒီအချိန်မှာ အဖွားအိုရဲ့  မျက်ဝန်းမှာ မျက်ရည်စတွေ တဖြည်းဖြည်း စီးကျလာတာကို တွေ့ ရပါတယ်။ မိနစ်အနည်းငယ်လောက် ငြိမ်သက်နေတဲ့ အဖွားအိုဟာ လက်ဆွဲမပျက်ဘဲ တိုးလျတဲ့အသံနဲ့  ပြောလာတာကတော့ “သားရယ် - အမေ့ သားရယ်၊ အောင်ဆန်းသားကို အမေ အခုမြင်တွေ့ ရပြီ သားရယ်” လို့ ဆိုတဲ့ တုန်တုန်ယင်ယင်နဲ့  ပြောတဲ့ စကားလုံးလေးအချို့ ပါဘဲ။ ကြားရတဲ့သူတိုင်း ဘယ်လိုမှ ဖေါ်ပြမရနိုင်တဲ့ ကြည်နှူးပီတိဖြစ်မှုနဲ့ အတူ ရင်ထဲမှာ နစ်ရှိုင်းးစွာနဲ့  ခံစားရင်း အဲ့ဒီအခိုက်အတန့် အချိန်လေးကို မကွယ်ပျောက်စေချင်တော့တာပါဘဲ။

ဒီလိုနဲ့  အမေအိုကို ပြန်လည်အားပေးစကားပြောရင်း မခွဲချင်ဘဲနဲ့ ဘဲ ပြန်လည်ခွဲခွာလာရပြီးတဲ့နောက်မှာ ဆက်လက်ပြီးတော့ ခရီးဆက်ခဲ့ရပြန်ပါတယ်။ ရန်ကုန်မြို့ လည် လမ်းတစ်လျှောက်လုံးမှာ ပြည့်ကြပ်နေတဲ့ လူအုပ်လှိုင်းကနေ တဖြည်းဖြည်းနဲ့  ထွက်ခွာလာရင်း စုံရပ်ဒေသဖြစ်တဲ့ ဗိုလ်တစ်ထောင်ဒေသကောလိပ်ရှိရာကို ဦးတည်ပြီးထွက်လာတယ်ဆိုရင်ဘဲ လမ်းခရီးတစ်ဝက်မှာ ပြည်သူတွေနဲ့  ပြည်သူ့ တပ်မတော်သားတွေ ပူးပေါင်းတာကို လှည့်လည်ပြသတဲ့ ဆန္ဒဟာ အရှိန်သတ် မရသေးဘဲ တစ်ဦးက “’ဒို့ တစ်တွေ ပြည်သူတွေကိုတော့ ပြည်သူ့တပ်မတော်သားတွေ ပူးပေါင်းလက်တွဲကြတာ ပြပြီးပြီ၊ မဆလအာဏာရှင်တွေ သိအောင် ပြသကြချင်တယ်ကွာ” လို့  သူရဲ့ ပြင်းပြတဲ့ဆန္ဒကို ရင်ထဲမှာ မထိန်းနိုင်ဘဲ ထုတ်ပြောလိုက်တဲ့အခါမှာတော့ ခရီးစီစဉ်သူတွေထဲက “ ကဲ ဒါဆိုရင် မဆလတစပ်ပါတီအာဏာရှင်တွေ ရုံးထိုင်နေကြတဲ့ မဆလဗဟိုပါတီဌာနချူပ်ရှိရာ ကုန်းမြင့်သာယာဆိုတဲ့ နေရာကို သွားကြမယ်” လို့  ပြောလိုက်တာနဲ့  ဘတ်စကားနှစ်စီးဟာ အင်းစိန်မြို့ နယ်ဘက်ဆီသွားတဲ့ ပြည်လမ်းကို ဦးတည်ပါတော့တယ်။

ပြည်သူ့ တပ်မတော်သားတွေနဲ့ ကျောင်းသားတွေ အပြည့်လိုက်ပါ စီးနင်းလာတဲ့ ဘတ်စကားကြီးနှစ်စီးဟာ အင်းစိန်မြို့  ပြည်လမ်းကတစ်ဆင့် ဘီအိုစီဘက်ကနေ ကုန်းမြင့်သာယာ သွားတဲ့လမ်းပေါ်ရောက်ပြီး မောင်းနှင်နေချိန်မှာဘဲ ရှေ့ တည်တည့်ကနေ အရှိန်ပြင်းစွာမောင်းနှင်လာနေတဲ့ တီအီးထရပ်ကားတစ်စီးကို ကြိုပြီး မြင်တွေ့ ရပါတော့တယ်။ အားလုံး ရုတ်တရက် ဘယ်လိုဆောင်ရွက်ကြမလည်းဆိုတာ တစ်ဦးကို တစ်ဦးကြည့်ပြီးနေကြရတဲ့အချိန်ပါ။ အကြောင်းကတော့ ရှေ့ ဘက်ကနေ မျက်နှာချင်းဆိုင် မောင်းနှင်လာတဲ့ တီအီးထရပ်ကားဟာ မဆလအာဏာရှင်တွေရဲ့  လက်အောက်ခံ စစ်ကားဆိုတာ အားလုံး သိနေကြလို့ ပါဘဲ။

ဒီအချိန်မှာ ဘတ်စ်ကားအမိုးပေါ်မှာ ထိုင်ပြီလိုက်ပါလာကြတဲ့ ပြည်သူ့ တပ်မတော်သားတွေက ရဲရင့်တဲ့ တည်ငြိမ်တဲ့ အသွင်အမူအရာများနဲ့  “ဘာမှ မစိုးရိမ်ကြပါနဲ့ ၊ ဘာမှ မစိုးရိမ်ကြပါနဲ့ ၊ ကျွန်တော်တို့  ကြည့် ရင်ဆိုင်ပါမယ်” လို့  ပြောသံတွေ ထွက်ပေါ်လာပါတယ်။ ဘာကို ဘယ်လိုရင်ဆိုင်ကြမှာလည်းဆိုတဲ့ မေးခွန်းများဟာ အသီးသီးရဲ့  ရင်ထဲမှာ ပြည့်နေကြပါတယ်။

ရှေ့ က အပြင်းမောင်းနှင်လာတဲ့ တီအီးစစ်ကား တဖြေးဖြေးနဲ့  နီးလာတဲ့အခါမှာ လှမ်းမြင်တွေ့ ရတာကတော့ ရှေ့ တည့်တည့်ကို စက်သေနတ်တစ်လက်တင်ပြီး ချိန်ထားတာ၊ လက်နက်ကိုယ်စီအပြည့်နဲ့ စစ်သားတွေကို တွေ့ မြင်ရပါတယ်။ ပြည်သူ့ တပ်မတော်သားတွေနဲ့  ကျောင်းသားတွေရဲ့  ဘတ်စ်ကားနှစ်စီးနဲ့  တီအီးစစ်ကားတစ်စီးဟာ ကျဉ်မြောင်းတဲ့ကားလမ်းပေါ်မှာ တဖြေးဖြေး ထိပ်တိုက်တိုးလာနေပါပြီ။ ပြည်သူတွေနဲ့  ပူးပေါင်းလက်တွဲဖို့  တပ်နေရာတွေကနေ ထွက်ခွာခဲ့ကြတဲ့ ပြည်သူ့ တပ်မတော်သားတွေမှာ လက်နက်တွေ လုံးဝမပါပါဖူး။ ဒီတော့ တီအီးစစ်ကားပေါ်က လက်နက်ကိုယ်စီနဲ့ ပြစ်ခတ်ရင်တော့ ရင်ကော့ခံရုံကလွဲလို့  အခြား ဘာမှ မရှိပါဖူး။

ဒီနေရာမှာ အင်မတန်ရဲရင့်ကြတဲ့ သတ္တိသွေးနဲ့  ခိုင်မာလှတဲ့ စိတ်ဓါတ်အင်အားတွေကို ပြည်သူ့ တပ်မတော်သားတွေက စပြပါပြီ။ “ပြည်သူ့ စစ်သား ဒို့ စစ်သား၊ ပြည်သူ့ စစ်သား ဒို့ စစ်သား” ကွဆိုတဲ့ အမှန်တရားအတွက် ရင်ဆိုင်ရဲတဲ့ စကားသံတွေဟာ အရှိန်အဟုန်ပြင်းစွာနဲ့  ကျယ်လောင်စွာ ထွက်ပေါ်လာပါတော့တယ်။ အမှန်တရားဘက်ကို ခိုင်ခိုင်မာမာဆုံးဖြတ်ခဲ့ကြတဲ့သူတွေရဲ့  နောက်မဆုတ်စတမ်း ပြတ်သားတဲ့ ရဲရင့်မှုများဟာ ပြစ်ခတ်လာမည့် သေနတ်ကျည်ဆံကို အလျှင်းကြောက်ရွံ့ ခြင်းမရှိဘဲ အာဇာနည်သူရဲကောင်းတို့  စိတ်ဓါတ်နဲ့  ရင်ဆိုင်ကြဖို့  အသင့်ပြင်လိုက်ကြတာပါဘဲ။

လက်တကမ်းအလို ကားတွေရင်ဆိုင်မိချိန်အထိ “ပြည်သူ့ စစ်သား ဒို့ စစ်သား၊ ပြည်သူ့ စစ်သား ဒို့ စစ်သား” ကြွေးကြော်သံများဟာ ပိုပိုပြီး ကျယ်လောင်နေပါတယ်။ တစ်ဘက် တီအီးစစ်ကားပေါ်ကနေ လက်နက်တွေနဲ့  ချိန်ရွယ်ပြီး လိုက်ပါလာကြတဲ့ စစ်သားတွေရဲ့  မျက်နှာပြင်ဟာ ကြော်မက်လွယ်ကောင်းလောက်အောင် ကြမ်းတမ်းစွာနဲ့  စူးစိုက်ကြည့်လာကြတာ တွေ့ မြင်ရပါတယ်။ အမိန့် ဆိုတဲ့ စကားလုံးကိုသာ အသေဆုပ်ကိုင်ပြီး အမှန်တရားကို မမြင်တွေ့ ကြတဲ့သူတွေရဲ့  အသွင်အပြင်ဟာ လူသားရုပ်ပုံမထွက်တော့ဘဲ ခိုင်းစေတာကို မျက်စိစုံမှိတ်ပြီး လုပ်ကြတဲ့သူတွေ စက်ရုပ်သဖွယ်ဖြစ်နေတာ တွေ့ ရပါတယ်။ ဒီအချိန်မှာ ထိပ်တိုက်တိုးကြပါပြီ။ ကားတွေဘေးချင်းပူးကပ်တဲ့ အနေအထားရောက်နေကြပါပြီ။

ဘတ်စကားပေါ် ခေါင်မိုးပေါ်မှာရော အတွင်းမှာရော ပါလာကြတဲ့ ပြည်သူ့ တပ်မတော်သားတွေဟာ “ပြည်သူ့ စစ်သား ဒို့ စစ်သား၊ ပြည်သူ့ စစ်သား ဒို့ စစ်သား” လို့  အပြင်းထန်ဆုံးအော်ဟစ်လိုက်ကြတဲ့အချိန်မှာတော့ တီအီးထရပ်ကားပေါ်က ကားခေါင်းရှေ့ ခန်းအတွင်းမှာ အခန့် သား စီနင်းလိုက်ပါလာတဲ့ ပုခုံးပေါ်မှာ အပွင့်တွေနဲ့  စစ်ဗိုလ်ဟာ မျက်နှာကြီးမဲသွားပြီး အရှက်တရားကို ဖုန်းကွယ်ကာ တီအီးကားကို ဆက်မောင်းဖို့  ပြောဆိုလိုက်ပါတော့တယ်။ တီအီးထရပ်ကားပေါ်ပါ လက်နက်ကိုယ်စီကိုင်ထားကြတဲ့သူတွေအားလုံးဟာလည်း ခက်ထန်ကြမ်းတမ်းတဲ့ မျက်နှာကိုယ်စီနောက်မှာ တွေဝေသော မျက်လုံးများနဲ့  တဖြေးဖြေးဝေးကွာသွားတဲ့ တီအီးစစ်ထရပ်ကားပေါ်မှာ လိုက်ပါသွားပါတော့တယ်။

နောက်ဆုံးမှာတော့ တုံတုံယင်ယင်နဲ့  လက်ဆွဲကိုင်ပြီး ၀မ်းသာအားရပြောဆိုတဲ့ အဖွားအိုရဲ့  မျက်ရည်ရွှမ်းနေသောမျက်လုံး၊ ၀မ်းသာအားရကြတဲ့ ပြည်သူတွေရဲ့  အားတက်သရော အပြုံးမျက်လုံးများ၊ ရဲရင့်ခိုင်မာစွာနဲ့  ပြည်သူတွေအတွက် အသက်ကိုစွန့် လွှတ်စတေးခံရဲတဲ့ ပြည်သူ့ တပ်မတော်သားများနဲ့ ကျောင်းသားတွေရဲ့  တောက်ပနေကြတဲ့မျက်လုံးများ၊ ခက်ထန်စွာနဲ့  အမိန့် ကိုသာ နာခံလိုကြတဲ့ အမှန်မမြင်နိုင်ကြတဲ့ အာဏာရှင်ရဲ့ လက်အောက်ခံ စစ်သားများရဲ့  စက်ရုပ်မျက်လုံးများဟာ ဘယ်သို့ သောအချိန်အခါမှာ ပြည်သူတွေအတွက် တူညီသော အဓိပ္ပါယ်ဆောင်ကြမလည်းဆိုတာ သိချင်လှပါတယ်။

လေးစားလျက် -

နစ်နေမန်း။

(ဖြစ်ရပ်မှန် အဖြစ်တစ်ခုအား ပြည်သူများအတွက် တင်ပြခြင်း ဖြစ်ပါတယ်။ တပ်မတော်သားအပေါင်းတို့ အား ပြည်သူတွေက ပြည်သူ့ တပ်မတော်သားများအဖြစ် မြင်တွေ့ လိုတဲ့ဆန္ဒများကို သိစေလိုပါကြောင်း)။

No comments: