Monday, February 23, 2009

သံဃာအတုအယောင်ဆိုတာ ဘယ်ဟာလည်းဆိုတာ နအဖများ သိစေရန်။






















ဓါတ်ပုံပါ သင်္ကန်းဝတ်ထားတဲ့ လူငယ်ဟာ ရန်ကုန်မြို့၊ လမ်းမတော်မြို့ နယ်တစ်ဝိုက်မှာ လိုက်လံတောင်းစားနေပါတယ်။ ဒီလူငယ်နဲ့ အတူ နောက်တစ်ဦးကလည်း ဒီလိုဘဲ သင်္ကန်းဝတ်ထားပါတယ်။ အမျိုးသမီးငယ်ငယ်များထံမှာ ပိုက်ဆံမထည့်မချင်း လုံးဝ လှည့်မပြန်ဘဲ ရပ်ပြီး မရရအောင် တောင်းခံပါတယ်။ ပိုက်ဆံတောင်းတာ မထည့်ပါက ဆဲရေးတိုင်းထွာမှုများ ပြုလုပ်ပါတယ်။ နိုင်ငံခြားသားများထံမှာလည်း နောက်ကနေ တစ်ကောက်ကောက်လိုက်ပြီး တောင်းပါတယ်။ စားသောက်ဆိုင်တွေမှာလည်း နိုင်ငံခြားသားက မှာထားတဲ့ အစားအသောက်တွေ ရောက်လာရင် ဦးအောင်နှိုက်ယူလိုက်ပြီး၊ နိုင်ငံခြားသားနဲ့  ပါလာတဲ့ မြန်မာစကားပြန်က နှင်ထုတ်ရင် ပြန်ဆဲဆိုပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်ကို ရန်တွေ့ ပါတယ်။

ဒီလို သင်္ကန်းဝတ်ပြီး တောင်းရမ်းစားသောက်နေသူများကို စည်ပင်သာယာ၊ ယာဉ်ထိမ်းရဲ၊ နယ်ထိန်း၊ မယက၊ ရယကတွေ၊ ကြံ့ ဖွတ်ကလည်း မြင်မြင်ကြီးနဲ့  မဖမ်းဆီးဘဲ မသိချင်ယောင်ဆောင်နေကြတယ် ထင်ပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ ပြည်သူတွေအရေး ရှေ့ ကနေ မားမားမတ်မတ် ရပ်တည်ပြီး ငြိမ်းချမ်းစွာနဲ့  စီတန်းလှည်လည့် လမ်းလျှောက်ခဲ့ကြတဲ့ သံဃာတော် အစစ်အမှန်တွေကိုကြတော့ သံဃာအတုအယောင်ပါဆိုပြီး မတရား စွပ်စွဲ ဖမ်းဆီးပြီး ထုထောင်းသတ်ဖြတ် ရိုက်ပုတ်ထောင်ချနဲ့  လုပ်ခဲ့ကြတယ်။

ဗုဒ္ဓဘာသာ သာသနာတော်ညှိုးနွမ်းစေတဲ့ မြန်မာလူမျိုးတို့  ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ သင်္ကန်းဝတ်ပြီး တောင်းရမ်းစားသောက်နေကြတဲ့ ဒီလို အတုအယောင်တွေကိုကြတော့ ဘယ် နအဖလက်ပါးစေကမှ ထိထိရောက်ရောက် အရေးယူဆောင်ရွက်တာ မတွေ့ ရပါလား။

နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ ကြီးကလည်း ဒီလို အတုအယောင်ကိစ္စမျိုးတွေကြတော့ သက်ဆိုင်ရာကို မပြောရဲဘဲ နှာများစေးတော်မူနေကြသလား မသိပါဖူး။

ဒီလို သိသိသာသာ ပေါ်တင်ကြီးတွေ့ မြင်နေရတဲ့ အတုအယောင်တွေကို မဖမ်းဆီး အရေးမယူတာကတော့ နအဖတို့ ရဲ့  အာဏာကို နည်းနည်းလေးတောင် မထိခိုက်စေဖူးလို့  ယူဆတာကြောင့် ဂရုမစိုက်တာများလား။

သံဃာတော်အစစ်အမှန်တွေကိုကြတော့ ရိုင်းစိုင်းစွာ စော်ကားကြ၊ သင်္ကန်းတွေကို အတင်းအဓမ္မ ဆွဲချွတ်ခဲ့ကြနဲ့ ပြုလုပ်ခဲ့ကြတဲ့ နအဖနဲ့  လက်ပါးစေတွေ ပြောဆိုစွပ်စွဲနေတဲ့ “သံဃာအတုအယောင်၊ သင်္ကန်းဝတ်အရည်ခြုံ” ဆိုတဲ့ စကားလုံးတွေဟာ ဘယ်သူတွေဖြစ်လည်းဆိုတာ ဒီဓါတ်ပုံနဲ့  သက်သေပြလိုက်ပါတယ်။

ဗုဒ္ဓဘာသာ သာသနာတော်ကြီး မှန်မှန်ကန်ကန် တိုးတက်ထွန်းကားပါစေ၊ ဗုဒ္ဓမြတ်စွာဘုရားရဲ့  သားတော် သံဃာတော် အစစ်အမှန်များ ဘေးဒုက္ခ ကင်းဝေးကြပါစေ။

ဗုဒ္ဓဘာသာ သာသနာကို စော်ကားနေကြသော မိစ္ဆာဒိဌိအပေါင်း လျင်မြန်စွာ ကျဆုံးပါစေ။

No comments: