Friday, March 6, 2009

ကိုဘုန်းမော်သို့  တိုင်တည်ပြောဆိုခြင်း။
















သမိုင်းဆိုတာ ဆေးလိပ်မီးခိုးတွေလို အာရုံထဲကနေ လွင့်ပျယ်သွားတတ်ပေမယ့်… သမိုင်းဆိုတာကတော့ ကျောက်စိုင်ကျောက်ခဲတို လို အထင်အရှား ကျန်ရစ်ခဲ့တတ်စမြဲပါ…..။ ဘုန်းမော်ရေ……ကံ့ကော်တွေ ဝေပြန်ပြီ RIT ကျောင်းရှေ့က ကုက္ကိုပင်ကြီးပေါ်မှာ ဥသြငှက် လေးတွေ မင်းနာမည်ကို လာခေါ်နေကြပြန်ပြီ။ မင်းစရေးခဲ့တဲ့ သမိုင်းပေးတာဝန်ဆိုတာကို မျိုးဆက်သစ်တွေကလည်း သွေးစွန်းလက် တွေနဲ့ လက်ခံသယ်ပိုးနေကြပြီ။

ကမ္ဘာ့အယုတ်မာဆုံး စစ်အာဏာရှင်တစုကတော့ မင်းတို့ငါတို့ သွေးတွေနဲ့ ခြေဆေးလို့ သာသနာ့ အလံကိုတောင်နင်းခြေလို့ ၂၀၁၀မှာ ရာဇဘိသိတ်ခံဘို့ ၀တ်လဲတော်ပြင်နေကြပြီလေ။ အကျဉ်ထောင်အသီးသီးက တောက်ခေါက်သံတွေနဲ့ ပြည်သူတွေရဲ့အသံမဲ့တွေ ငါတို့အားလုံးကြားနေရတယ်။ ကိုယ်ခန္ဓာအကျဉ်းစံနေရပေမယ့် စိတ်ဓါတ်တွေက အမြင့်ပျံနေတဲ့ ငါတို့ခေါင်းဆောင်တွေကို၊ ငါတို့ပြည်သူ တွေကို၊ ငါတို့တော်လှန်ရေးကို၊ ငါတို့ချစ်တဲ့အမှန်တရားကို၊ ပြီးတော့ ဘုန်းမော်ဆိုတဲ့မင်းကို ငါတို့သစ္စာရှိပါတယ်။ အဲဒီသစ္စာတရားက ငါတို့ စိတ်ဓါတ်ကို လက်နက်တပ်ဆင်ပေးလိုက်ပါတယ်။ ၂၀၀၉ ဆိုတာ ရိုးသားသူတို့ အောင်ပွဲနှစ်ပါ။ ငါတို့တပ်ဦးမှာ ဘုန်းမော် … မင်းနဲ့အတူ သူရဲ ကောင်းဝိညာဉ်တွေ လိုက်ပါပူးကပ်နေမယ်ဆိုတာ ငါတို့ယုံတယ်။ ဒီယုံကြည်ချက်ဟာ ခွန်အားပဲ။

ပေတရာပေါ်က ၈၈ ၀ိညာဉ်တွေ၊ ဒီပဲယင်းလယ်ကွင်းကြားမှာ သွေးစွန်းသွားတဲ့ ခမောက်တွေ၊ ရွှေဝါရောင်လမ်းမတွေပေါ်က မေတ္တာသုတ် ရွတ်သံတွေ၊ မင်းဆိုးမင်းညစ်ဒဏ်ကို အခုချိန်အထိခံနေရတဲ့ ဧရာဝတီတကျောက နာဂစ်ဝိညာဉ်တွေ … အားလုံးအတွက် ဒီနှစ်ဟာ စစ်အာဏာကို အမြစ်ပါမကျန်အောင် အမြီးလှန်ချိုးမယ့် အရိုးတွေတွန်မယ်နှစ် ဖြစ်စေ့မယ်။

(`ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ်မဟုတ်။ မည်သူတဦးတယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိပိုင်ပစ္စည်းမဟုတ်။ မည်သူတဦးတယောက် တဖွဲ့တသင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သောနိုင်ငံမဟုတ်` ဆိုတာ - မြန်မာ့လွတ်လပ်ရေးနေ့  ဖြစ်တဲ့ (၄.၁.၁၉၄၈) မှာ သမ္မတကြီး စပ်ရွှေသိုက်က မြန်မာနိုင်ငံလွတ်လပ်ရေးကြေငြာစာတမ်း အပိုဒ်(၅) မှာ ဖတ်ကြားခဲ့တယ်)။

မနွမ်းခင် ကြွေလွင့်သွားတဲ့ ဘုန်းမော်ရေ ….

လှေခွက်ချည်းကျန် အလံမလှဲဖူးဆိုတာ ကတိရဲရဲပေးပါတယ်။

(ရေးသားသူ - ဇော်မြင့်) ။

No comments: