နအဖပြောတဲ့ မြန်မာ့ရိုးရာသင်္ကြန်ဆိုတာလား။
မြန်မာရိုးရာယဉ်ကျေးမှုကို ထိခိုက်ရုံတင်မက လူမြင်ကွင်းမှာတောင် တစ်နှစ်ထက်တစ်နှစ်ပိုလို့ ဆိုးလာတဲ့ ထင်ရာစိုင်းနေခဲ့ကြတဲ့ ၂၀၀၉ ခုနှစ်သင်္ကြန်အတွင်းက ဖြစ်ပျက်မှုတွေပါ။
သင်္ကြန်မဏ္ဍပ်တွေမှာ ရိုးရိုးရေကစားပက်တာမျိုးထက် မူးပြီး ရူးပြိး ကကြခုန်ကြနဲ့  အတာသင်္ကြန်ရိုးရာယဉ်ကျေးမှုဆိုတာကို ထိန်သိမ်းဖို့ နေနေ မြန်မာနှစ်သစ်ကူးရဲ့ အနှစ်သာရကို နားလည်ဖို့ နေနေ လိုင်စင်ရသောင်းကျန်းခွင့်ရတဲ့ ပျော်ပါးပွဲလို ဖြစ်နေကြတာ တွေ့ ရပါတယ်။ နအဖတွေကလည်း ဒါမျိုးတွေကို တမင်သက်သက် မမြင်ချင်ယောင်ဆောင်ပြီး နေနေကြတယ်။ သူတို့ အာဏာကို မထိခိုက်ရင်ပြီးရော သောင်းကျန်းချင်သလို သောင်းကျန်းလို့ ရအောင် လွှတ်ထားပေးတယ်။
သင်္ကြန်မဏ္ဍပ်တွေမှာ ယခင်နှစ်တွေကတည်းက လုပ်နေခဲ့တဲ့ မဏ္ဍပ်ထဲမှာ သစ်သားတန်းတွေကို အမြင့်မှာထိုးပြီး တန်းပေါ် တက်ကကြတာ ယခုနှစ်မှာလည်း ဆက်ရှိနေတုန်းဘဲ။ သင်္ကြန်မဏ္ဍပ်တောင် တော်တော်မြင့်အောင် ဆောက်ထားတာ။ ဒီ သစ်သားတန်းတွေက ပိုပြီးတောင် မြင့်နေတယ်။ ဒီမြင့်နေတဲ့ သစ်သားတန်းတွေပေါ်မှာ ပေါင်ပေါ်စကတ်တိုတိုနဲ့  ရေစိုစိုနဲ့  မိန်းကလေးတွေ တက်ကနေကြတာ အောက်ကကြည့်ရင်တော့ ဟောင်းလောင်းဘဲ။ ဒါ နအဖပြောတဲ့ မြန်မာ့ရိုးရာသင်္ကြန်တဲ့လား။
ရေစိုစို ပေါင်ပေါ်ပေါ် မိန်းကလေးတွေဘဲ မဟုတ်။ ရေပက်မဏ္ဍပ်ထဲမှာ ရှိနေတဲ့ ယောင်္ကျားလေးတွေပါ အတူတက်ကပြီး ဖက်ကြပြုကြ ကကြနဲ့  လုပ်နေကြတာ သင်္ကြန်ရေပက်မဏ္ဍပ်ဆိုတာထက် နိုက်ကလပ်က ကပွဲကို သင်္ကြန်ပွဲတော် ဗန်းပြပြီး ခုတုံးလုပ်ပြီး လူမြင်ကွင်းမှာ ပြနေတာပါဘဲ။ ဒါ နအဖပြောတဲ့ မြန်မာ့ရိုးရာသင်္ကြန်လား။
နိုင်ငံခြားက နိုက်ကလပ်ကပွဲတွေမှာ ကိုယ်လုံးအလှပြ အမျိုးသမီးတွေ အပေါ်ပိုင်းဗလာ အောက်ပိုင်းဗလာနဲ့  သံတိုင်ကို ပတ်ပြီး ကပြတဲ့ဟာတောင်မှ သီးသန့်  နိုက်ကလပ်ခန်းတွင်းမှာဘဲ ပြသကြတာပါ။ နိုက်ကလပ်ကို အသက် (၁၈) နှစ် မပြည့်သေးတဲ့ အရွယ်ငယ်သူတွေ ၀င်ခွင့် မပြုပါဖူး။ တရားဥပဒေအရ တားမြစ်ထားကြပါတယ်။ အခုတော့ မြန်မာပြည်မှာ ဒီ တိုင်ပတ်ကတဲ့အပြုအမူဟာ လူမြင်ကွင်းမှာ လုပ်နေကြတာ (ကိုယ်လုံးတီးသာ မဖြစ်သေးတာ ၀တ်ထားတာတွေကတော့ ဟိုဖေါ် ဒီဖေါ် စလာနေပြီ) တဖြည်းဖြည်းနဲ့  ပိုဆိုးလာပါပြီ။ သင်္ကြန်လို တန်ဖိုးထားသင့်တဲ့ မြန်မာရိုးရာ ချစ်မြတ်နိုးစရာ နှစ်သစ်ကူးပွဲတော်ကို အကျဉ်းတန်စေရုံသာမက သင်္ကြန်ပွဲတော်ဟာ တဖြေးဖြေးနဲ့  နိုက်ကလပ်ပွဲတော် ဖြစ်လာနေပါပြီ။ မူးမယ် ရူးမယ် သောင်းကျန်းမယ် ကဲမယ် လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ပုံစံတွေ ဖြစ်လာတယ်။ ဒါ နအဖပြောတဲ့ မြန်မာ့ရိုးရာသင်္ကြန်လား။
ဒီနှစ် ၂၀၀၉ သင်္ကြန်မှာ ပိုဆိုးလာတာကတော့ သကြန်မဏ္ဍပ်အတွင်းမှာ တက်ကဖို့  သစ်သားတန်းတင်မကဖူး နိုက်ကလပ်မှာ တိုင်ပတ်ကတဲ့ စတီးသံတိုင်တစ်ချောင်းကိုပါ ထည့်သွင်းဆောက်ထားပေးတာပါဘဲ။ ယခင်ခေတ်က မြန်မာလူကြီးတွေ ပြစ်တင်ကဲ့ရဲ့ ပြောဆိုခဲ့တဲ့ အနောက်တိုင်း ပွတ်သဘင်ဆိုတာ လုပ်ကြတဲ့ လူလူချင်း ပွတ်ရုံမက နောက်ပိုင်းမှာ စောစောကပြောခဲ့သလို နိုက်ကလပ်တွေမှာ ခန္ဓာကိုယ်ဗလာနဲ့ မိန်းကလေးတွေ သံတိုင် ပွတ်ပြတဲ့ ပွတ်သဘင်ကိုလည်း မြန်မာ့ရိုးရာသင်္ကြန်မဏ္ဍပ်တွေမှာ မြင်လာရတာဘဲ ဖြစ်ပါတယ်။ ဒါ နအဖပြောတဲ့ မြန်မာ့ရိုးရာသင်္ကြန်လား။
ဒီလို သင်္ကြန်ရေပက်မဏ္ဍပ်တွေမှာရော ရေပက်ခံမော်တော်ကားတွေပေါ်မှာရော လမ်းပေါ်ရေပက်ကစားကြသူထဲမှာရော “မြန်မာဘီယာ” တံဆိပ်နဲ့  ဘီယာပုလင်းတွေ အရက်ပုလင်းတွေ လက်ထဲမှာကိုင်ပြီးသောက်စားနေကြတာ တွေ့ ရတယ်။ ဒါတွေဟာ နအဖက ထိထိရောက်ရောက် အရေးမယူတာအပြင် မြန်မာ့ဘီယာ စီးပွားရေး ရောင်းကောင်းရင်ပြီးရောလို့ သဘောထားတာပါ။
သင်္ကြန်မဏ္ဍပ်တွေ တည်ဆောက်ခွင့်တွေ ရောင်းချကြတယ်။ သင်္ကြန်မဏ္ဍပ်မှာ ရေပက်ကစားခွင့်ကို ရောင်းကြတယ်။ သင်္ကြန်မဏ္ဍပ်အတွင်းမှာ အမြင့်မှာ တက်ကရဖို့  သစ်သားတန်းတွေ ထားပေးတယ်။ လူမြင်ကွင်းမှာ မသင့်တော်တဲ့ ပွတ်ကဖို့ သံတိုင်တွေ ထားပေးတယ်။ ဘီယာ အရက် အစရှိတဲ့ မူးယစ်ဆေးဝါးတွေကို ပေါ်ပေါ်တင်တင် သောက်လို့ ရအောင် လွှတ်ပေးထားတယ်။ ဒါ နအဖပြောတဲ့ မြန်မာ့ရိုးရာသင်္ကြန်လား။
ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါ။ သောက်စားထားလို့ မူးယစ်နေတာရော၊ အခုန်အက ပွတ်သီးပွတ်သပ်လုပ်ထားကြလို့  စိတ်ကြွနေတာရော၊ ရေစိုစို အသားကပ်ကပ် ကိုယ်ပေါ်ပေါ် ၀တ်စားထားတဲ့ မြင်ကွင်းအရရော၊ တားဆီးပိတ်ပင်မှုမရှိ အပျော်အပါးလွတ်လပ်ခွင့်ရထားတာကြောင့်ရော အရှက်တရားနဲ့  အိနြေ္ဒသိက္ခာတရားနည်းပါးလာပြီး အများပြည်သူ လူမြင်ကွင်းမှာ လုပ်ချင်တာတွေ လုပ်လာကြပါတယ်။
မြန်မာ့ရိုးရာသင်္ကြန်မှာ မူးယစ်သောက်စားတယ်၊ ခန္ဓာကိုယ်လုံခြုံမှုနည်းပါးတဲ့ ၀တ်စားဆင်ယင်မှုတွေ ၀တ်စားကြတယ်၊ လိင်ပိုင်းဆိုင်ရာဖြော်ဖြေပွဲတွေလို ပွတ်သပ်ကပြတာတွေ လုပ်ကြတယ်၊ အများပြည်သူ လူမြင်ကွင်းရှေ့ မှာ အမျိုးသားနဲ့  အမျိုးသမီး ဖက်ကြရုံမက နမ်းရှုံ့ တာတွေပါ လုပ်ကြတယ်၊ အများပြည်သူမြင်ကွင်းက ရေကန်ထဲမှာတောင် လိင်ပိုင်းဆိုင်ရာ ပြုမူမှုတွေ လုပ်ကြတယ်။
ဒီလို တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာတဲ့ သင်္ကြန်တွင်း ပျက်စီးမှုတွေကို မမြင်ချင်ယောင်ဆောင်ပြီး သိသိကြီးနဲ့  ထင်ရာစိုင်းခွင့်ပေးထားတာကတော့ နအဖပါဘဲ။ သင်္ကြန်ရေပက်မဏ္ဍပ်တွေမှာ နအဖဆန့် ကျင်ရေး ပြောဆိုလှုပ်ရှားမှုတွေ မဖြစ်အောင် လုံခြုံရေးအပြည့်ယူထားပေမယ့် ဒီလို မြန်မာ့ရိုးရာ အတာသင်္ကြန်ယဉ်ကျေးမှုကို ထိခိုက်နေတာတွေကိုတော့ လုံးဝအရေးမယူတာ နအဖပါဘဲ။
No comments:
Post a Comment