သာသနာတော်ညှိုးနွမ်းစေသူဟာ အဓမ္မ၀ါဒီ မိစ္ဆာဒိဌိ သန်းရွှေ မောင်အေးတို့ ပါ။
ကုသိုလ်ကောင်းမှုပြုလုပ်ပြီး ဘုရားမှာ ဆုတောင်းမေတ္တာပို့ သူတွေ၊ အလှူဒါနကောင်းမှုပြုသူတွေ၊ သတ္တ၀ါအပေါင်း အေးချမ်းကြပါစေ ဘေးရန်ခပ်သိမ်း ကင်းဝေးကြပါစေလို့  ရွတ်ဆိုမှုပြုသူတွေ ဘုရားကျောင်းကန်သွားပြီး ဘုရားရှိခိုးကြသူတွေ၊ တရားရေအေးတိုက်ကျွေးကြသူတွေ၊ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းသူတွေကို အနှောင့်အယှက်ပေး ခြိမ်းခြောက်တားမြစ် ဟန့် တား ဖမ်းဆီးထောင်ချလုပ်တာတွေဟာ ဗုဒ္ဒဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာ တစ်နေ့ ထက်တစ်နေ့  ပိုဆိုးရွားနေတော့ ဒီလို အမျိုးမျိုးသော အဖျက်တွေလုပ်နေကြတဲ့ နအဖတွေဟာ မိစ္ဆာဒိဌိစစ်စစ်တွေဆိုတာ အထွေအထူး ပြောစရာမလိုလောက်အောင် ပြည်သူတွေ သိကြပါတယ်။
ကုသိုလ်ကောင်းမှုပြုလုပ်ပြီး ဆုတောင်းခွင့်တောင် လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့် မရတဲ့ အခြေအနေဟာ မြန်မာပြည်မှာ လွတ်လပ်ခွင့် ဘယ်လောက်ဆိတ်သုန်းနေပြီလည်းဆိုတာ ထင်ရှားနေပါပြီ။
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တွံတေးမြို့နယ် ဇီးဖြူကုန်းရွာက စေတီတော်ကြီးမှာ ဆုတောင်းပွဲကို ဦးဆောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်နှစ်ဦးဖြစ်ကြတဲ့ တွံတေးမြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးချစ်ဖေနဲ့  စည်းရုံးရေးအဖွဲ့ဝင် ဦးအောင်စိုးဝေတို့ ကို သာသနာတော် ညှိုးနွမ်းစေမှုနဲ့  တရားစွဲဖမ်းဆီးတာဟာ နအဖမိစ္ဆာဒိဌိတွေရဲ့  ဗုဒ္ဒဘာသာတရားအပေါ် စော်ကားမှုပါဘဲ။
ဇီးဖြူကုန်းရွာ အဖတ်တရာစေတီတော်ကြီးမှာ လူငယ်များနဲ့ နာဂစ်မုန်တိုင်းဒဏ် ခံစားခဲ့ကြရတဲ့ ရွာသားများတွေကနေ သာသနာ့အလံနှင့် သပြေပန်းများကို ဂြိုဟ်တိုင်များမှာ စိုက်ထူပြီး ဝတ်ပြုဆုတောင်းခဲ့တာဟာ သာသနာတော် ညှိုးနွမ်းစေမှုလို့  ပြောလို့ ရပါသလား။
သံဃာတော်တွေကို သေနတ်တွေနဲ့ ပစ်၊ ဒုတ်တွေနဲ့  ထုရိုက်၊ ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုပြောကြား၊ သင်္ကန်းတွေကို အတင်းအဓမ္မဆွဲချွတ်၊ တရားပွဲတွေကို ပိတ်ပင်တားဆီး၊ ဆွမ်းကွမ်းအလှူအတန်းလုပ်တာတွေ ဆွမ်းပင့်ဖိတ်ကပ်လှူတာတွေကို ခွင့်မပြုလုပ်တာတွေနဲ့  သံဃာတော်တွေကို ဖမ်းဆီးထောင်ချလုပ်တာတွေကတော့ သာသနာတော်ညှိုးနွမ်းစေတာ မဟုတ်ဖူးလို့  ပြောနိုင်သလား။ ဒီလို အဓမ္မ၀ါဒီ နအဖနဲ့  လက်ပါးစေတွေရဲ့  ပေါ်ပေါ်တင်တင် မိုက်ရိုင်းချက်တွေကမှ သာသနာတော်ညှိုးနွမ်းစေရုံမက ပျက်စီးစေတဲ့ အဖျက်အဆီးတွေပါ။
သာသနာတော်ကို ညှိုးနွမ်းပျက်စီးစေတာ အေးချမ်းစွာနဲ့  သတ္တ၀ါအပေါင်း အေးချမ်းပါစေ၊ အချုပ်အနှောင်ဘ၀တွေကနေ လွတ်မြောက်ကြပါစေလို့  မေတ္တာပို့ ဆုတောင်းသူတွေ မဟုတ်ပါဖူး။ သာသနာတော်ကို ညှိုးနွမ်းပျက်စီးစေတာ အဓမ္မ၀ါဒီ နအဖမိစ္ဆာဒိဌိတွေဆိုတာ မြန်မာပြည်သူပြည်သားတွေတင်မကဖူး တကမ္ဘာလုံးကလူတွေ သိကြပါတယ်။
အဓမ္မ၀ါဒီ နအဖမိစ္ဆာဒိဌိခေါင်းဆောင် သန်းရွှေလည်း မကြာခင်မှာ ရှေ့ က အာဏာရှင်ကြီးတွေသွားရတဲ့ လမ်းကို လိုက်ရတော့မှာတောင် ဘာသာတရား၊ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ မိုက်ရိုင်းနေတုန်းဘဲ။ ဒီလိုမိုက်ရိုင်းစော်ကားမှုတွေကြောင့် ဘ၀ဆက်တိုင်းမှာ သံသရာမိုက်ကြွေးပေးဆပ်လို့ တောင် ကုန်ခမ်းတော့မှာ မဟုတ်ဖူးဆိုတာ အာဏာရှင်သန်းရွှေ မသေခင် သိပါစေ။
ကုသိုလ်ကောင်းမှုပြုလုပ်ပြီး သတ္တ၀ါအပေါင်း ဘေးရန်ကင်းရှင်းပါစေ လွတ်မြောက်ကြပါစေလို့  ဆုတောင်းမေတ္တာပို့ သကြတာကို သာသနာတော်ညှိုးနွမ်းစေသူတွေလို့  စွပ်စွဲသတ်မှတ်ရင် နအဖခေါင်းဆောင်ကြီး သန်းရွှေ မောင်အေးတို့ လည်း အခုလို ဆုတောင်းနေတာဘဲ။
မိမိအာဏာခိုင်မြဲပါစေ၊ မိမိ မိသားစု ကြီးပွားချမ်းသာသထက် ပိုချမ်းသာပါစေ၊ မိမိသားသမီးမြေးမြစ်များ ပြည်သူများအပေါ်မှာ နိုင်ထက်စီးနင်း ပိုကျင့်နိုင်ပါစေလို့  ဆုတောင်းနေတာ။ တိုင်းပြည်အကျိုး စိတ်မကူးဘဲ ကိုယ်ကျိုးစီးပွားချမ်းသာရေး အာဏာဆုတ်ကိုင်ရေးအတွက် ဘာသာသာသနာနဲ့  ရဟန်းသံဃာတော်တွေကို စော်ကားနေတဲ့ သန်းရွှေ မောင်အေးတို့ ကိုသာ သာသနာတော်ညှိုးနွမ်းပျက်ဆီးစေသူ ဖျက်ဆီးသူတွေလို့  ထိပ်ဆုံးကနေ တရားစွဲရမှာပါ။
သာသနာတော်ညှိုးနွမ်းစေသူဟာ အဓမ္မ၀ါဒီ မိစ္ဆာဒိဌိ သန်းရွှေ မောင်အေးတို့ ပါ။
No comments:
Post a Comment