Thursday, May 7, 2009

သန်းရွှေပြောတဲ့ စပါးတွေ။













နအဖခေါင်းဆောင်ကြီး သန်းရွှေက မေလ (၄) ရက်နေ့  နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အထူးစီမံကိန်းများအကောင်အထည်ဖေါ်ရေးအဖွဲ့ ရဲ့  အစည်းအဝေးမှာ ပြောကြားလိုက်တဲ့စကားကတော့ “ စပါးတင်းသန်း ၁၆၀၀ ခန့် အထိ တိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ပြီဖြစ်လို့  နောင်လူဦးရေ သန်း ၁၀၀ တိုးပွားလာသည်အထိ စားနပ်ရိက္ခာအတွက် ပူပင်ကြောင့်ကြရန် မရှိဘဲ လုံလုံလောက်လောက် စားသုံးနိုင်ကြောင်း” ဆိုပြီး ပြောကြားခဲ့ပါသတဲ့။ နိုင်ငံတော်ကြီးမှာ ၀မ်းစာရိက္ခာဖူလုံရုံမက ပိုလျှံနေပြီ ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါသတဲ့။

















နအဖခေါင်းဆောင်ကြီး ပြောတဲ့စကားက မြန်မာပြည်မှာ ပြည်သူလူထုတွေ နေ့ စဉ်နဲ့ အမျှ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရပြီး ဆင်းရဲငတ်ပြတ်နေတဲ့ဘ၀တွေနဲ့  အပ်စပ်မှု လုံးဝမရှိတာတွေ့ ရလို့ ၊ အဓိပ္ပါယ်မဲ့ လိမ်ညာပြောနေတာ စိတ်မမှန်လို့ ဘဲလား အရှက်တရားမဲ့လို့ ဘဲလား နအဖသန်းရွှေ ပြောတဲ့စကား သတင်းစာခေါင်းကြီးမှာ ထင်းထင်းကြီး ပါလာလေရဲ့ ။

မြန်မာပြည်ရဲ့  လူဦးရေ သန်းပေါင်း ၅၀ ကျော်ကို သန်းရွေပြောတဲ့အတိုင်း အထွက်တိုးစပါး သန်း ၁၆၀၀ သာ အမှန်တကယ်သာ ကျွေးမွေးထားနိုင်ရင် အိမ်တိုင်းက ဆန်အိုးတွေ ဆန်အပြည့်နဲ့  အရင်ခေတ်တွေက ပြောသလို မြန်မာပြည်ကြီး ဆန်ရွေသီးဆိုတဲ့ စပါးကျီပြည့်ဖြိုးတဲ့ နိုင်ငံတော်ကြီး ဖြစ်နေမှာပေါ့။ အခုတော့ ဆန်ဈေးတွေကကြီး ပြည်သူတွေ ဆန်စပါးမပြောနဲ့  ထမင်းရည်တောင် ၀ယ်သောက်သုံးနေရတဲ့ဘ၀တွေ အများကြီးပါဘဲ။

ထွက်လာတဲ့ဆန်စပါးတွေကို နိုင်ငံခြားကို ရောင်းစားနေကြတဲ့ နအဖနဲ့  အပေါင်းအပါ စီးပွားရေးလုပ်ငန်းရှင်ကြီတွေရဲ့  အတ္တကြီးမားလှတဲ့ လုပ်ရပ်ကြောင့်၊ ဆန်စပါးထွက်တဲ့ မြန်မာပြည်နေနေကြပြီး မြန်မာပြည်သူတွေ နေ့ စဉ်ထမင်းနပ်မှန်အောင် မစားနိုင်ကြတဲ့ မိသားစုတွေဘ၀ကို ပြန်ကြည့်ကြည့်ပါဦး။

နအဖခေါင်းဆောင်ကြီး သန်းရွှေမိသားစုနဲ့  နအဖဗိုလ်ချူပ်ကြီး မိသားစုအဆွေအမျိုးတွေအတွက်ကတော့ ကောင်းပေ့မွှေးပေ့ ဆန်အကောင်းစားတွေနဲ့  ဟင်းကောင်းဟင်လျာအစုံနဲ့  စားပိုးနင့်အောင် စားနေကြတဲ့အနေအထားကနေ ကြည့်ရင်တော့ ဆန်ရေစပါး ပိုလျှံပေါများနေတယ်လို့  ပြောနိုင်ပေမယ့် လမ်းဘေးမှာ အစာရေစာမ၀လို့  မရှိလို့  တောင်းစားနေကြရတဲ့ သက်ကြီးရွယ်အိုတွေ၊ လူမမယ်ကလေးသူငယ်တွေ၊ အိမ်တိုင်းမှာ စားဝတ်နေရးအတွက် ရတက်မအေးရဘဲ နေ့ စဉ် ပူပင်ကြောင့်ကြမှုတွေနဲ့  ရုန်းကန်ရှာဖွေနေကြရတဲ့ ပြည်သူတွေဘက်က ကြည့်ရင်တော့ မြန်မာ့သတင်းစာတွေထဲမှာ ပါတဲ့ နအဖရဲ့  စိုက်ပျိုးရေးအကြောင်းတွေ ဆန်ရေစပါးအထွက်တိုးတာတွေကို ကြည့်ပြီး ဒေါသထွက်နေရတာ သိကြပါရဲ့ လား။

သာမန်ပြည်သူလူထုမပြောနဲ့ ဦး ကိုယ်တိုင်ကိုယ်ကျ စပါးစိုက်ပျိုးနေကြတဲ့ တောင်သူလယ်သမားမိသားစုတွေဘ၀ကိုဘဲ ကြည့်ပါဦး။ ဆန်စပါး လုံလုံလောက်လောက်နဲ့  စားသုံးနေရသလားဆိုတာ။ စိုက်ပျိုးရေးပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေမပေးဘဲ အတင်းအဓ္မ စပါးစိုက်ခိုင်း၊ ထွက်လာတဲ့စပါးတွေကို အတင်းအဓမ္မ ဈေးနှုန်းနည်းနည်းနဲ့ ရောင်းချခိုင်း၊ ပြီးတော့ နအဖက နိုင်ငံခြားငွေရအောင် ရောင်းတုတ်။ နောက်ဆုံး စပါးကိုယ်တိုင်စိုက်ပျိုးရတဲ့ တောင်သူဦးကြီးတွေတောင် ဆန်စပါးပြန်ဝယ်သုံးရတဲ့ ဘ၀ ရောက်နေကြတာလေ။



















အဲ့ဒီတော့ နအဖ သန်းရွှေပြောတဲ့ ဘယ်မှာလည်း အဲ့ဒီ စပါးတင်း သန်း ၁၆၀၀။ ဘယ်ပြည်သူတွေ ဒီဆန်စပါးတွေကို အရင်ကရော အခုလက်ရှိရော စားသုံးနေရလား။ နောက် လူဦးရေ သန်း ၁၀၀ တိုးပွားလာတဲ့အထိ ပြောမနေပါနဲ့  ယခု လက်ရှိ မြန်မာပြည် လူဦးရေ သန်း ၅၀ ကျော်ကိုဘဲ အခုချက်ချင်း နေ့ စဉ်ထမင်းမငတ်ရအောင် လက်တွေ့  ဖြေရှင်းပေးပါဦး။ နအဖ သန်းရွှေပြောတဲ့အတိုင်း စပါးတင်း သန်း ၁၆၀၀ ကို မြန်မာပြည်က လူဦးရေ သန်း ၅၀ ကျော်နဲ့ တွက်ရင်တောင် အိမ်တိုင်းမှာ ဆန်အိုးနဲ့ တောင် ထားဖို့ မဆန့် လို့  အတော့်ကို ပျော်စရာကြီး ဖြစ်နေမှာ။



















ပြောချင်တာကတော့ နအဖ သန်းရွှေရယ် စကားလုံအကြီးကြီးတွေ ပြောပြီး ပြောမနေပါနဲ့  ကိုယ့်ဖာသာ မသေခင်လေး ထမင်း၀၀စားပြီး စားပိုးနင့်နေပါ။ ငတ်ပြတ်နေတဲ့ပြည်သူလူထုကိုတော့ ကိုယ်ချင်းစာတရားမဲ့စွာနဲ့  မစော်ကားကြပါနဲ့ လို့ ။ နအဖ သန်းရွှေပြောသမျှကို အရုးစကား အရူးယုံဆိုတာလို အစည်းအဝေးအတွင်းမှာ တစ်ဦးချင်းစီ မတ်တပ်ရပ်ပြီး အစီရင်ခံတင်ပြနေကြတဲ့ နအဖ၀န်ကြီးတွေလည်း တစ်နေ့ လောက် ဆင်းရဲသားပြည်သူလူထုအိမ်တစ်အိမ်မှာ ထမင်းအတူလာစားရင်း လက်တွေ့ ဘ၀တွေကို လေ့လာကြပါဦးလို့ ။





































































နအဖ သန်းရွှေပြောတဲ့ စပါးတွေ ပြည်သူတွေ အိမ်မက်တောင် မမက်ရဲပါဖူး။

No comments: