၂၀၀၇ ခုနှစ် မျိုးဆက်ကျောင်းသားတဦးမှ ပြောလာသော နောက်ဆုံးတိုက်ပွဲကို အနိုင်ရအောင် တိုက်ကြပါ။
မေလ (၂၂) ရက်နေ့  ဒီနေ့ ရန်ကုန်မိုးက မနက် မိုးလင်းကတည်းက ရွာနေတာဟာ နေ့လည်ရောက်လေ ပိုသည်းလေ ဖြစ်လာတယ်။ ဒီနေ့ မနက် အိပ်ရာနိုးကတည်းက မိုးရွာတာတွေ့  လိုက်တော့ အမေစုအတွက် ၀ိုင်းဝန်းဆန္ဒဖော်ထုတ်နေတဲ့  အင်းစိန်ထောင်ရှေ့ လမ်းမပေါ်ကို စိတ်ကရောက်သွားပြီး ပူပန်နေမိပြန်တယ်။ ဒီလိုသာ မိုးရွာနေရင် ထောင်ရှေ့ လမ်းမပေါ်မှာ အရင်နေ့ တွေကလို လူရောရှိပါတော့ မလားလို့ ပေါ့။
စိတ်ပူမယ်ဆိုရင်လည်း ပူစရာပါပဲ။ ဘာကြောင့် လည်းဆိုတော့  ရေသာခိုအချောင်လိုက်ချင်တဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ စိတ်ဓါတ်နဲ့ ဒီလိုအရေးကြီးတဲ့ရက်တွေမှာ ရည်မှန်းချက် မရောက်ခင် တောင့် ခံနိုင်ပါ့ မလား။ စိတ်မပူလို့ ကတော့ မဖြစ်။ ဒီအစိုးရဟာ အလျှော့ ပေးလို့ ရတဲ့  အစိုးရမျိုး မဟုတ်။
အလျှော့ မပေးပါပဲ လျော့သွားတဲ့ အရေးကိစ္စတွေမှာတောင် လူထုကို ပိုမိုဖိနှိပ်မှူတွေ ပြုလုပ်လာတာ အားလုံးအသိပင်။ ယခုတကြိမ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးသည့်ကိစ္စတွင်မတော့ နအဖက မြန်မာပြည်သူတရပ်လုံးကို ဂရုမစိုက်ရုံမျှမက ကမ္ဘာနိုင်ငံများကိုပါ စိန်ခေါ်သည့် အနေအထား ပြုလုပ်လာသည်။
ဤတကြိမ်လည်း ကုလသမဂ္ဂ၊ ကမ္ဘာ့ နိုင်ငံများနှင့် မြန်မာပြည်သူလူထုက အရင်ကိစ္စတွေတုန်းကလိုမျိုး လျှော့ တိလျှော့ရဲနဲ့  ပြုလုပ်တောင်းဆိုနေပါက စစ်ဖိနပ်အောက်တွင် တသက်လုံး ခေါင်းမထောင်နိုင်အောင် ပြားပြားဝပ်ရပေလိမ့်မည်။ နအဖ၏ မထွေးလေး မြွေမြိုသလို တဆင့် ပြီးတဆင့် ထပ်တိုးဖိနိုပ်မှုဗျူဟာအား အသေအချာစမ်းစစ်ပါက ရှင်းလင်းစွာ တွေ့ ရပေမည်။
ပထမဦးဆုံးခြေလှမ်းအနေဖြင့် လောင်စာဆီဈေးနှုန်းတက်သည့် ကိစ္စနှင့် လမ်းလျှောက်ဆန္ဒပြခဲ့ကြသော ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ပင် လူထုထောက်ခံမှုရှိသည့် ကိုမင်းကိုနိုင်တို့  (၈၈)မျိုးဆက်ကျောင်းသားများအဖွဲ့ မှ ကျောင်းသားခေါင်းဆောင်များအား ဖမ်းဆီးရုံးတင်စစ်ဆေးခဲ့ပါတယ်။ (၈၈)မျိုးဆက်ကျောင်းသားများအဖွဲ့ မှ ကျောင်းသားခေါင်းဆောင်များအား ရုံးတင်စစ်ဆေးနေသည့် တလျှောက်လုံး အန်အယ်လ်ဒီနှင့် ၈၈ မျိုးဆက်လက်ကျန်များ၏ ဆန့် ကျင်ကန့် ကွက်မှုကိုသာ ကြုံရပြီး၊ လူထုထံမှ မည့် သည့် တုံ့ ပြန်ဆန့် ကျင်မှုမျိုးမှ မတွေ့ ရသည့်နောက်တွင်မတော့ နအဖမှ ကိုမင်းကိုနိုင်အပါအ၀င် (၈၈)မျိုးဆက်ကျောင်းသားများအဖွဲ့ မှ ကျောင်းသားခေါင်းဆောင်များအား နှစ်ရှည်ထောင်ဒဏ်များ အသီးသီးချမှတ်၍ ဆန့် ကျင်ဘက်အင်အားများကို လျော့အောင် တိုက်ချလိုက်သည်။
ဒုတိယခြေလှမ်းအနေနှင့် ရွှေဝါရောင်တော်လှန်ရေးဖြစ်ပေါ်လာသောအခါ လူထုကိုအထင်သေးလက်စနှင့် သံဃာ့ တော်လှန်ရေးအစ ပထမရက်များတွင် မည့် သည့် အရေးယူမှုမျိုးမှ မလုပ်ဘဲ အခြေအနေကို စောင့်ကြည့် နေခဲ့ သည်။ တကယ်တမ်း သံဃာထုနောက်တွင် ၂၀၀၇ ခုနှစ် မျိုးဆက်ကျောင်းသားများနှင့် ပြည်သူလူထုပါဝင်လာသောအခါတွင် သံဃာတော်များအား ရိုက်နှက်ဖမ်းဆီးထောင်ချ၍ အကြမ်းဖက်နှိမ်နင်းခဲ့သည်။
ထိုသို့ သံဃာတော်များအားဖမ်းဆီးနှိပ်စက်နေသည့် အချိန်တွင်လည်း လူထု၏ဆန္ဒပြပွဲများက ပို၍ ပြင်းထန်မလာဘဲ အကြမ်းဖက်နှိမ်နင်းမှုနောက်ကွယ်တွင် တစတစလျှော
့ပါးပျောက်ကွယ်ခဲ့ရသည်။
ဗုဒ္ဓဘာသာနိုင်ငံတခုတွင် လူအများစု ကိုးကွယ်ဆည်းကပ်နေသော သံဃာတော်များအား နှိပ်စက်ဖမ်းဆီး၍ ထင်သလိုလုပ်လို့ ရသွားသောအခါ နအဖအနေနှင့် ဤနိုင်ငံတွင် စိတ်ထင်သလို ပြုလုပ်နိုင်ရန်အတွက် နောက်ဆုံးစူးညှောင့် အနေဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပစ်ရန်သာလိုတော့ သော အနေအထားသို ရောက်ရှိသွားသည်။ ထိုအခါ နအဖသည် ပထမအဆင့် အနေဖြင့် မိမိတို့စိတ်ကြိုက် ရေးဆွဲထားသောဥပဒေကြမ်းကို အဓမ္မ အတည်ပြုသည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် ၄င်းတို့ အနိုင်ရရှိစေရန် အဖက်ဖက်က ပြင်ဆင်ပြီးသောအခါတွင်မတော့ လက်ကျန်အန်အယ်လ်ဒီအင်အားစုများကို အင်အားလျော့ပါးစေရန် ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးသည်။ အင်အားလျော့ပါးပြီဟု ၄င်းတို့  သတ်မှတ်ထားသော အနေအထားအရောက်တွင် အကာအကွယ်မဲ့သလောက်ဖြစ်နေသော ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်၍ ဖမ်းဆီးထောင်ချနိုင်ရန် တရားစွဲဆိုလေပြီ။
ယခုတကြိမ်တွင်လည်း နအဖအနိုင်ရသွားပါက မြန်မာနိုင်ငံသူနိုင်ငံသားများအနေဖြင့် စစ်ဖိနပ်အောက်မှ လွတ်မြောက်နိုင်ရန် မည်သည့် အခါမှ မျှော်လင့် မနေပါနှင့် တော့ဟုဘဲ ဆိုပါရစေ။ အဘယ့် ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်လို တကမ္ဘာလုံးက အသိအမှတ်ပြုထားသော လူထုခေါင်းဆောင်တဦးကိုပင် ထောင်သွင်းအကျဉ်းချနိုင်ခဲ့ပါက ဤနိုင်ငံတွင် နအဖအား ယှဉ်ပြိုင်ဆန့် ကျင်နိုင်မည့် နောက်ထပ်သော ခေါင်းဆောင်တဦးရရန် နောက်ထပ်ဆယ်စုနှစ် နှစ်စုကြာသည့်တိုင်အောင်ပင် ပေါ်ထွန်းလာရန် မလွယ်ကူပေ။
ထိုအနေအထားကို နားလည်သော နအဖခေါင်းဆောင်ပိုင်းများမှာ ဤတကြိမ်တွင်လည်း ၄င်းတို့ဘက်မှ အနိုင်ရရှိအောင် နည်းမျိုးစုံနှင့် ကြိုးစားပေလိမ့်မည်။ ထိုအခြင်းအရာကို မြန်မာပြည်သူတို့ သိနားလည်ဖို့ လိုပေမည်။ ကြိုတင်သိမြင်နားလည်သော ပြည်သူတို့ မှာ တိုင်းပြည်အတွက် နောက်ဆုံးတိုက်ပွဲ နောက်ဆုံးပေးဆပ်မှုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ရုံးထုတ်ရာ အင်းစိန်ထောင်ရှေ့ လမ်းမပေါ်တွင် နေ့ စဉ်နေ့ တိုင်း အခက်အခဲအမျိုးမျိုးကြားမှ လူစုကာ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံအားပေးကြောင်း ဆန္ဒဖော်ထုတ်ပြသနေကြသည်။
ဤနောက်ဆုံးတိုက်ပွဲ၏ အရေးကြီးဆုံးအချက်မှာမြန်မာပြည်၏ လူထုခေါင်းဆောင်ကို ပြည်သူ့  ထောက်ခံမှု မည်၍မည်မျှ များပြားကြောင်းကို နအဖတွေ သိရန် ပြည်သူ့ အင်အားပြဖို့  လိုပေသည်။ အန်အယ်လ်ဒီပါတီမှ လူများနှင့် သာ ဆန္ဒဖော်ထုတ်ပြနေလို့  မလုံလောက်ပေ။ ကျောင်းသားများ၊ ပြည်သူနှင့် လူတန်းစားအားလုံး ပါဝင်ဆင်နွှဲဖို့  လိုသည်။
ဒေါ်အောင်ဆန်းစုကြည်သာ နအဖလက်တွင်း သက်ဆင်းသွားပါက မြန်မာပြည်သူလူထု၏် ကံကြမ္မာမှာ တွေးးဝံ့ဖွယ်ရာ ရှိတော့ မည် မဟုတ်ပါ။ နောက်ဆုံးအနေဖြင့် ပြောပြလိုသည်မှာ သတင်းစာဆရာကြီး အဘဦးဝင်းတင်ပြောသကဲသို့  အန်အယ်လ်ဒီကို ၀န်းရံပါ၊ ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံပေးပါ။ အင်းစိန်ထောင်ရှေ့ ဆန္ဒဖော်ထုတ်ပွဲသို့ သွားရောက်တိုက်ပွဲဝင်ကြပါ။
တတိုင်းပြည်လုံး၏ ကံကြမ္မာသည် သင်တို့  လက်ထဲတွင် ရှိသည်။ နောက်ဆုံးတိုက်ပွဲတွင် အရှူံးကြီး မရှူံးပါစေနှင့်။ မြန်မာ့ သမိုင်းတွင် အမဲစက်ကြီး အဖြစ်မခံပါနှင့် ။ နောင်မျိုးဆက်များ၏ ကဲ
့ရဲ့ ပစ်တင်မှုကို မခံကြရပါစေနှင့် ။
(မင်းသွေးသစ် - ၂၀၀၇ ခုနှစ် မျိုးဆက်ကျောင်းသားတဦး) ။
No comments:
Post a Comment