ဇီးကုန်းမြို့ နယ်မှာ နအဖဆန့် ကျင်ရေး စာများ ဖြန့် ဝေ။
မေ (၃၁) ညက ဇီးကုန်းမြို့နယ်မှာ စစ်အစိုးရဆန့်ကျင်ရေး ဒီမိုကရေစီတပ်လှန့်သံဆိုတဲ့ စာရွက်တွေ လိုက်လံကပ်ကြကြောင်း သိရှိရပါတယ်။ အေဖိုးဆိုဒ် စာရွက်တွေပေါ်မှာ စာကြောင်း ၂၀လောက်ပါပြီး စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ကာလတလျှောက်မှာ အဖိနှိပ်ခံရတာတွေ၊ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်ပြီး ဖမ်းဆီးထားတဲ့ အကြောင်းတွေ ရေးသားထားပါတယ်။
စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတွေကို သတ်ဖြတ် ဖမ်းဆီးတာတွေ။ ၂၀၀၈ ဖွဲ့စည်းပုံဆန္ဒခံယူပွဲမှာ ကလိမ်ကကျစ်လုပ်ပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေတာတွေကို ပြည်သူတွေအနေနဲ့ ရဲရဲတောက် သတ္တိရှိစွာ တွန်းလှန်သွားဖို့ ရေးသားထားပါတယ်၊
အဆိုပါ စာရဲ့ အောက်နားမှာ အစစ်အမှန် လူထုအသံ ဆိုတဲ့ ကြွေးကြော်သံ ၆ ချက် ပါရှိပါတယ်။
၁။ စစ်အာဏာရှင် ဖွဲ့စည်းပုံ ၂၀၀၈ ဖျက်သိမ်းပြစ် ဖျက်သိမ်းပြစ်။
၂။ စစ်ဗိုလ်ချုပ်တွေ စိုးမိုးမဲ့ ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ အလိုမရှိ။
၃။ တွေ့ဆုံဆွေးနွေးရေး ချက်ချင်းလုပ် ချက်ချင်းလုပ်။
၎။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ် ချက်ချင်းလွှတ်။
၅။ ဒီမိုကရေစီ အောင်ရမည်။ အောင်ရမည်။
၆။ မတရားတဲ့ အမိန့်အာဏာမှန်သမျှ ဖီဆန်ကြ ဖီဆန်ကြ။
ဟု ဆိုပြီး ပြည်သူထဲက ပြည်သူများလို့ ရေးသားထားတဲ့စာတွေ နေရာအနှံ့တွေ့ရတယ်လို့ သိရပါတယ်။
(ပေးပို့သူ - ပြည်တွင်းလှုပ်ရှားသူတဦး)။
No comments:
Post a Comment