Wednesday, June 3, 2009

“မြန်မာ့အားကစား မြန်မာများ ရန်ပွဲများကြသည်” နဲ့  “ဇာတိနတ်မောက် မကွေးခရိုင်.. သိကြများခုတိုင်” ကြွေးကြော်မှု။

မနေ့က မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲ (MNL) မှာ ရန်ကုန် (တေဇပိုင်အသင်း) နဲ့ ဥဿာ (grand royal အသင်း) တို့ ကန်တော့ ရန်တွေဖြစ်ပြီး ပရိတ်သတ်တွေ အချင်းချင်း ခဲတွေနဲ့ပစ်ကြကြောင်း သိရှိရပါတယ်။

ဖြစ်စဉ်အကျဉ်းကတော့ ရန်ကုန်က တစ်ဂိုးနိုင်နေပြီး ပွဲပြီးခါနီးအချိန်မှာ ဥဿာ ဂိုးဧရိယာနားမှာ ပြစ်ဒဏ်ဘောဖြစ်တာကို ဒိုင်က ပိုင်နယ်တီ ပေးလိုက်တယ်။

နိုင်ငံခြားသားဘောလုံးသမားတစ်ဦးက ကန်ပြီး ဂိုးဝင်သွားတော့ မြန်မာပရိတ်သတ်အကြောင်းမသိပဲ ဥဿာ ပရိတ်သတ်တွေရှေ့လာပြီး အောင်ပွဲခံပြတဲ့အတွက် ဥဿာပရိတ်သတ်တွေက ဆွမ်းကြီးလောင်းပွဲ စပါတယ်။ ပြောင်းဖူးရိုး၊ ဖိနပ်၊ ရေသန့်ဘူး၊ အစုံ ၀ိုင်းပေးကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ နိုင်ငံခြားသားဘောလုံးသမားတစ်ဦးက ကံကောင်းတော့ သူ့မထိပဲ အနောက်ကပြေးလာတဲ့ မျိုးမင်းထွန်းကို ပြောင်းဖူးရိုးထိသွားတယ်။ မျိုးမင်းထွန်းကလည်း နိုင်ငံခြားပွဲတွေအကြည့်များလို့ ထင်ပါရဲ့ သေနတ်မှန်သလိုလဲကျသွားပြီး လှိမ့်နေတယ်လို့  ပြောပါတယ်။

အဲဒီမှာတင် ရန်ကုန်ပရိတ်သတ်ကလည်း သူတို့လူတွေကို လုပ်ရပါ့မလားဆိုပြီး ဥဿာပရိတ်သတ်ကို ခဲနဲ့ထုပါတယ်။

အောင်ဆန်းကွင်း အထူးတန်း ပွဲကြည့်စဉ်မှာ တခြမ်းက ဥဿာပရိတ်သတ်၊ တခြမ်းက ရန်ကုန်ပရိတ်သတ် နေကြတယ်။ အလယ်မှာက VIP & Media box ရှိပါတယ်။

အထူးဧည့်သည်တော်တွေ၊ သတင်းသမားတွေက အလယ်ကနေကြည့်ကြပါတယ်။
ပရိတ်သတ်ချင်းလည်း ပစ်ကြရော ခဲတွေအကုန်လုံးက အဲဒီအလယ်ကိုပဲ ကျတယ်။ အလယ်က လူကြီးလူကောင်းဆိုတဲ့သူတွေ ထိုင်တဲ့နေရာမှာ ထိုင်နေတဲ့လူတွေအကုန်လုံး ခုံလေးတွေ ခေါင်းပေါ်အုပ်ပြီး ထွက်ပြေးကြရကြောင်း သိရှိရပါတယ်။

ရန်ကုန်ဖက်က အသင်းအုပ်ချုပ်သူ ဦးစိုင်းခင်မောင်အေးနဲ့ grand royal ဖက်က admin Manager တစ်ယောက်အပါအ၀င် (၆) ယောက် ထိပ်ပေါက်ခေါင်းကွဲ နည်းနည်းများလို့ ဆေးခန်းရောက်သွားကြပါတယ်။ ကျန်တဲ့ နည်းနည်းထိတဲ့လူတွေကတော့ အများကြီးဖြစ်ကြောင်း သိရှိရပါတယ်။ ကွင်းအပြင်တွင်လည်း အပြင်ထွက်သွားပြီးမှ ရန်ပွဲ ဆက်ဖြစ်ကြသေးကြောင်း သိရှိရပါတယ်။

ဒီလိုမျိုး ဘောလုံးပွဲ ၀ါသနာကြီးကြတဲ့ မြန်မာလူထုကို နအဖက နိုင်ငံရေးထဲ စိတ်ဝင်စားမှုလျော့နည်းအောင် ဘောလုံးအသင်းတွေ တည်ထောင်ခွင့်ပြုထားသလို စီးပွားရေးရှင်ကြီတွေကလည်း ဒီအပေါ်မှာ အခြေပြုပြီး စီးပွားရေးလုပ်ကွက်တွေနဲ့  လုပ်နေကြပါတယ်။

နအဖနဲ့  ဒီဘောလုံးအသင်းရှင်တွေက ဘောလုံးပွဲမှာ ရန်ပွဲတွေ မဖြစ်အောင် ထိန်းမယ်လို့ သာ ပြောကြပေမယ့် နိုင်ငံရေးလှုပ်ရှားမှု အရိပ်အယောင်မတွေ့ ရရင် ဒီအတိုင်းဘဲ လက်ပိုက်ကြည့်နေကြတာပါ။ ဘောလုံးပွဲဝါသနာပါကြတဲ့ ပြည်သူအချင်းချင်း ယခုလို ပဋိပက္ခဖြစ်လည်း သူတို့ အတွက် ဘာမှအရေးလုပ်စရာ မရှိပါဖူး။

စောစောကပြောတဲ့အတိုင်း နအဖထိပ်ပိုင်းကသူတွေ လာကြည့်တဲ့အခါမျိုးနဲ့  ဘောလုံးပွဲထဲမှာ နိုင်ငံရေးလှုပ်ရှားမှု လုပ်မှာ စိုးတဲ့အခါမျိုးလောက်သာ မဟားဒယားနဲ့  လုံခြုံရေးတွေ နင်းကန်ချထားတော့တာပါဘဲ။

နိုင်ငံရေးလှုပ်ရှားမှုလို့  မပြောသာတဲ့ အဖြစ်အပျက်တစ်ခုကိုတောင် ပြသနာ ရှာခဲ့ပါသေးတယ်။ မကွေး FC စကန်တဲ့ နေ့က အားပေးတဲ့ ပရိတ်သတ်တွေက “ဇာတိနတ်မောက်မကွေးခရိုင်.. သိကြများခုတိုင်” ဆိုပြီး ဆက်တိုက်အော်နေလို့ နအဖလုံခြုံရေးတွေက ပြသနာရှာတာပါ။

“ဇာတိနတ်မောက် မကွေးခရိုင်.. သိကြများခုတိုင်” ဆိုတဲ့စာသားက ဗိုလ်ချူပ်အောင်ဆန်းအကြောင်း သီကုံးဖွဲ့ ဆိုထားတဲ့ သမိုင်းဝင်ကဗျာထဲက ဖြစ်နေတာကိုး။ “ဇာတိနတ်မောက်မကွေး ခရိုင်.. သိကြများခုတိုင်” “ကြံ့ ကြံ့ ခိုင်တဲ့ ဇာနည်ဘွား မိခင် ဒေါ်စု သား” လို့  ရွတ်ဆိုနေကြစာသားလေးပါ။ ဒါကို မကွေးသားတွေ ဘောလုံးပွဲမှာ သူတို့  နယ်မြေဒေသကို ဂုဏ်ယူစွာနဲ့  “ဇာတိနတ်မောက်မကွေးခရိုင်.. သိကြများခုတိုင်” လောက်ဘဲ ထပ်ခါထပ်ခါ ရွတ်ဆိုတာကို နဂိုကမှ ဗိုလ်ချူပ်အောင်ဆန်းအမည်တို့  ဒေါ်စု အမည်တို့ ကြားရင် ကြောက်တွန့် နေတဲ့ နအဖကြောင့် လုံခြုံရေးတွေက ဒီလိုဆိုရမလားဆိုပြီး ပြသနာရှာတာ ဖြစ်ပါတယ်။

ဒီတော့ နအဖတွေ ခွင့်ပြုထားတဲ့ ဘောလုံးသတင်းတွေ တည်ထောင်ပြီး ဘောလုံးပြိုင်ပွဲတွေ ကျင်းပတာက မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည် မဖြစ်ဘဲ “မြန်မာ့အားကစား မြန်မာများ ရန်ပွဲများကြသည်” ဆိုတာ ဖြစ်နေပါတယ်။

မြန်မာလူမျိုးတွေ ဘောလုံးဝါသနာကြီးကြတာကို ခုတုံးလုပ်အသုံးချပြီး ပြည်သူတွေ မြန်မာ့အရေး နိုင်ငံအရေးကို စိတ်ဝင်စားမှုနည်းသွားစေဖို့  အာရုံလွှဲတာရယ်၊ လောင်းကစားတွေ ပိုမိုတိုးပွားလာတာရယ်၊ ဘောလုံးပွဲကြည့် ပရိသတ်ပြည်သူတွေအချင်းချင်း ပဋိပက္ခဖြစ်ကြပြီး အချင်းချင်းရန်ပေးများတာရယ် ဖြစ်နေစေပြီး၊ နအဖနဲ့  ဘောလုံးအသင်းရှင် စီးပွားရေးသမားကြီတွေကတော့ ကြီးပွားသထက် ကြီးပွားချမ်းသာအောင် စီမံနေပါတော့တယ်။

မြန်မာလူမျိုး ငယ်စဉ်ကလေးဘ၀ထဲက ကြီးပြင်းလာတဲ့အထိ ဘောလုံးဝါသနာပါကြတာကို မပြောလိုပေမယ့် မြန်မာ့ယဉ်ကျေးမှု ဂုဏ်သိက္ခာကို စောင့်စည်းပြီး အော်ဟစ်ဆဲဆို ရန်မဖြစ်ကြဘဲ ကစားတဲ့သူမှသာ အားကစားစိတ်ဓါတ်ရှိသင့်တာမက ပွဲကြည့်ပရိသတ်ပါ အားကစားစိတ်ဓါတ်ပြည့်ဝစွာနဲ့  ကောင်းကောင်းမွန်မွန် အားပေးကြည့်ရှူကြတာမျိုး ဖြစ်ရလေအောင် အလေးထားဆောင်ရွက်ပေးရမယ့်အစား၊ လောင်းကစားတွေ မှိုလိုပေါက်စေတာ၊ ဒိုင်လူကြီးတွေ ဘောလုံးသမားတွေ လာဘ်စားနေကြတာ၊ ရန်ပွဲတွေဖြစ်စေအောင် ဖန်တီးပံ့ပိုးနေတာတွေကတော့ ဘောလုံးအသင်းတွေကို အုပ်ချူပ်နေကြသူတွေနဲ့  ပိုင်ရှင်တွေမှာ တိုက်ရိုက်သက်ဆိုင်ပါတယ်။

(မြန်မာ့ဘောလုံးဝါသနာရှင်တစ်ဦး) ။

No comments: