ကိုယ့်ဖာသာ ကာကွယ်ဖို့တောင် ခွင့်မပြုနိုင်ဘူးလားကွယ်။
ဝက်တုတ်ကွေးရောဂါ မြန်မာနိုင်ငံတွင် စတင်ဖြစ်ပွားပြီဟု အတည်ပြုသောသတင်း ပြီးခဲ့သည့်စနေနေ့ (၂၇-၀၆-၀၉)က နိုင်ငံပိုင် သတင်းဌာနများက တရားဝင် ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ထို့အတွက်ကြောင့် ကျန်းမာရေး ဗဟုသုတရှိသော မိဘများ၏ သွန်သင်မှုကြောင့် ကျောင်းသူ၊ ကျောင်းသား ကလေးသူငယ်များသည် ကျောင်းသို့လာရာတွင် မျက်နှာဖုံး (Face Mask) များတပ်ဆင်လာကြပါသည်။ ဆရာ၊ ဆရာမများ ကိုယ်တိုင်ကလည်း အခြားကလေးသူငယ်များအား ထိုကလေးသူငယ်များကဲ့သို့ တပ်ဆင်အသုံးပြုသင့်ကြောင်း တိုက်တွန်းပညာပေးကြပါသည်။
တကမ္ဘာလုံးက သိရှိနားလည် လက်ခံထားသော ကျန်းမာရေးအသိကို မြန်မာနိုင်ငံမှ ဆရာဝန်မဟုတ်သော ဒေါက်တာ တဦးက ဗြောင်ကျကျ ကန့်ကွက်ခဲ့ပါသည်။ ထိုသူမှာ ရန်ကုန်မြို့မှ နာမည်ကြီး ဒဂုံ(၁)ကျောင်းတော်ကြီး၏ ဆရာကြီး ဒေါက်တာ အောင်ကိုကို ဖြစ်ပါသည်။ (ထိုသူဒေါက်တာဘွဲ့ဘာနှင့်ရသည်၊ ဘယ်လိုရသည်ကို စာရေးသူမသိပါ။ ဆရာဝန်မဟုတ်တာတော့ သေချာပါသည်။) မလိုအပ်ပဲ မျက်နှာဖုံး မတပ်ဆင်ရဟု ဆရာကြီး ဒေါက်တာ အောင်ကိုကိုမှ တကျောင်းလုံးကို အမိန့်ထုတ်ပြန်ပါသည်။ ထိုအခါ သူငယ်တန်း အတန်းမှူးနှင့် သူငယ်တန်းဆရာမတို့ အကြားအငြင်းပွားဖွယ် ဖြစ်ခဲ့ရပါသည်။
(၃၀-၀၆-၀၉)နေ့၊ အင်္ဂါနေ့တွင် တကျောင်းလုံးနီးပါး ကျောင်းသူ၊ ကျောင်းသားများ မျက်နှာဖုံး ၀တ်လာကြပါသည်။ ဆရာကြီး ဒေါက်တာ အောင်ကိုကိုက မလိုအပ်ပဲ မျက်နှာဖုံးကို တပ်ဆင်ခြင်းကြောင့် အသက်ရှုလမ်းကြောင်းကို ထိခိုက်နိုင်ကြောင်း၊ ထို့ကြောင့် အခြားရောဂါပိုးများ ပိုကူးစက်နိုင်သည်ဟု ရှင်းလင်းပြောကြားကာ ကိုယ်ထိလက်ရောက် ကလေးများထံမှ လိုက်လံ ချွတ်သိမ်းပါသည်။ မိဘအများစုမှ ကလေးများကို ကျောင်းသို့မလွှတ်ချင်သော်လည်း လပတ်စာမေးပွဲကို အကြောင်းပြုပြီး လွှတ်နေကြခြင်းဖြစ်ပါသည်။ မိဘများက သင်ကြားပြောပြချက်ကို လိုက်နာသော ကျောင်းသား၊ ကျောင်းသူများက မျက်နှာဖုံးချွတ်ရန် ငြင်းဆန်ကြပါသည်။ ထိုအခါ ဆရာ၊ ဆရာမများက မျက်နှာဖုံး မချွတ်လျှင် အမှတ် သုညပေးမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုကြပါသည်။
အခြားသော ကျောင်းများကို လေ့လာကြည့်ရာ ကျောင်းသူ၊ ကျောင်းသားများကို မျက်နှာဖုံးစွပ်ရန် တိုက်တွန်းခြင်း၊ မရှိပါက ကျောင်းရှေ့တွင် ဝေငှပေးခြင်းများသာ သိရှိရပါသည်။ မတပ်ဆင်ရ ဟူသောအမိန့်သည် မည်သည့်ကျောင်းမှ မရှိပါ။ နိုင်ငံပိုင် သတင်းစာ၊အသံလွှင့်ဌာနနှင့် ကျန်းမာရေးဌာနများကပါ မျက်နှာဖုံးစွတ်ရန် တိုက်တွန်းအားပေးနေချိန်တွင် ထို အထက(၁)ဒဂုံမှ ဆရာကြီး ဒေါက်တာအောင်ကိုကိုသည် မည်မျှပညာရှိသူလဲ။ မည်မျှ ကျန်းမာရေးဗဟုသုတ ရှိသူလဲ။ မည်မျှတွေးတော ဆင်ခြင်တတ်သူလဲ ကျနော်မသိနိုင်ပါ။ ကျနော့် သားသမီးများခမြာတော့ သူပြုသမျှနုရမည့် ဘ၀တွင် ရှိနေပါသည်ခင်ဗျား။
(ဆုတောင်းချက် - ဆရာကြီး ဒေါက်တာ အောင်ကိုကို ၀က်တုတ်ကွေး မမိပါစေနှင့်ခင်ဗျား။)
No comments:
Post a Comment