နအဖအုပ်စုအတွင်း ဝေဖန်ခဲ့သလို စိတ်ဝေဒနာရှင် ကျပ်မပြည့်သူ တစ်ဦးထဲ မဟုတ်ပါ။
(အထက်ဖေါ်ပြပါပုံကတော့ သန်းရွှေကိုယ်တိုင် ပြောတဲ့ “တို့တိုင်းပြည်မှာလည်း ဒီလိုအရူးတစ်ယောက်လောက်တော့ ရှိအုံးမှဘဲ” ဆိုသူ မောင်ဦး) ။
လေးစားရပါသော နိုင်ငံဝန်ထမ်းများသို့ - မိတ်ဆက်ပါရစေ။ ကျနော်က ငယ်စဉ်ဖတဆိုးဖြစ်ပြီး ဦးလေးအုပ်ချုပ်ရေးမှူးနဲ့အတူ နိုင်ငံတလွှား ရွှေ့ပြောင်းတာဝန်ကျတဲ့နေရာကို လိုက်ပါရင်း ကြီးပြင်းခဲ့ရပါတယ်။
ယခု ရင်ဖွင့်ပြောပြချင်တာကတော့ ကျေးဇူးရှင်ဦးလေးနှင့်တကွ လေးစားရပါသော နိုင်ငံဝန်ထမ်းများအပေါ် ဖိနှိပ်ညဉ်းပမ်းအနိုင်ကျင့်နေတဲ့ နဖအထိပ်ပိုင်းခေါင်းဆောင်ကြီးတွေလုပ်ရပ်နဲ့  ပတ်သက်ပြီး လုံးဝ ရင်ထဲမှာ မခံမရပ်နိုင်ဖြစ်ခဲ့တာက ဒီလိုပါ -
တစ်ချိန်က နအဖကက်ဘိနက်အစည်းအဝေးတစ်ခုအပြီး နအဖအုပ်စုအတွင်းက ၀ါရင့်ဝန်ကြီးတချို့က တပ်ချုပ်ကြီး၏ နား မကြားကြားအောင် “ပြည်ထဲရေးက မောင်ဦး တယောက် ရူးကြောင်ကြောင်တွေ လုပ်နေပြီ၊ ကျပ်မပြည့်တော့ဘူး” လို့ ဆိုလိုက်တော့ နအဖ သန်းရွှေက “တို့တိုင်းပြည်မှာလည်း ဒီလိုအရူးတစ်ယောက်လောက်တော့ ရှိအုံးမှဘဲ” လို့ ပြုံးပြုံးကြီး မိန့်သတဲ့။ ဒီကနေ့ နအဖအုပ်စုအတွင်းမှ စောစောက သူတို့ အချင်းချင်း ဝေဖန်ခဲ့ကြသလို စိတ်ဝေဒနာရှင် ကျပ်မပြည့်သူဟာ မောင်ဦးတစ်ယောက်ထဲ မဟုတ်တော့ပါ။
မကြာသေးမီကပဲ အကြောင်းမရှိ အကြောင်းရှာလို့ မြို့နယ် ခရိုင်နဲ့ တိုင်းအုပ်ချုပ်ရေးမှူးနေရာတွေမှာ ဘောင်းဘီချွတ်သစ္စာခံ ရုံးအဖွဲ့မှူးနှင့် ဒုစုံစမ်းရေးညွှန်မှူး ရဲမြင့်တို့ရဲ့ ထောက်ခံအကြံပြုသူအများအပြားဖြင့် လုပ်သက်ကြီး သက်ကြားရွယ်အိုများကို လဲလှယ်ဖယ်ရှားရေး လုပ်ဆောင်ခဲ့တာကြောင့် သူတို့ ရဲ့ မိသားစုအချို့ ရတက်မအေး ၀မ်းရေးရောက်ယက်ခတ်သွားခဲ့ရပါတယ်။
ပြီးတော့တခါ သားဖြစ်သူ မင်္ဂလာပွဲကြီးကလည်း အုပ်ချုပ်ရေးမှူးအဆင့် နှစ်ကျပ်သားကနေ ငါးကျပ်သားအထိ လက်သိပ်ထိုးလို့ ရန်ကုန်ဒေသခံများနှင့် လုပ်ငန်းရှင်အကြီးအကဲတချို့ပါမကျန် ၀န်ပိကာ ရွှေပိသာဆယ်ချီလက်ဖွဲ့ရခဲ့တာမို့ ငြင်းစရာ မရှိပါဘူး၊ ဒါ့အပြင် ရုံးချိန်လား နားချိန်လား မကွဲမပြားနဲ့ ရောက်လေရာ ဂေါက်ကွင်းကို လက်ညှိုးထိုးသဖြင့် တနေကုန်တနေခန်း ၄/၅ ကော်နာဆိုလား ရဲဘက်အကြီးအကဲ ဦးအုန်းမြင့် ကိုယ်တိုင် ဒေါ်လာလောင်းကြေးရရှိရေး မကင်းရာမကင်းကြောင်း ကြေးရတတ်အပေါင်းနဲ့  ဂေါက်ပွဲဆင်ယင်ပေးသော်လည်း စိတ်ဆိုးမာန်ပါ အနိုင်ရှာ၍ မြန်မာငွေကျပ်သိန်းသုံးလေးဆယ် မရမချင်း ညစ်တွန်း တွန်းခဲ့တာ ဂေါက်ဖာများမှာတော့ နားမခံသာလောက်သည့် လာဘ်မစားဘူးဆိုသော စကားလုံးများနှင့် အကြိမ်ကြိမ် မိုးချုပ်ခဲ့ရပါသည်။ နေအိမ်ဆီက မဟေသီနဲ့လည်း ရတက်ပွေခဲ့ရသော ဟိုတယ်မန္တလေးရဲ့တညတာ တတိယအလွှာပြသနာက မကြားဝံ့ မနာသာသော AK ဆင်တဲ့အကွက်တွင် ယစ်မူးပက်လက်ဖြစ်ခဲ့ပါတယ်။
လက်အောက်ငယ်သားဝန်ထမ်းများအပေါ် နှစ်ပဲခြောက်ပြား တိုင်စာများအား အရေးတယူပြုလျှက် စာရေးစာချီအဆင့်ကိုပင် ညွှန်မှူးများကိုယ်တိုင် စစ်ဆေးဆောင်ရွက်စေခဲ့ပြီး နင်ပဲကဆ ဆုံးမပြစ်ဒဏ်ပေးသည့်အပြင် နေပြည်တော်ရွှေနန်းရင်ပြင်၌ ညနက်သန်းခေါင်အစည်းအဝေး ခေါ်ယူခဲ့ရာ ၄င်းမှာ စက်တော်ခေါ်နေပြီး ကိုးနာရီမှသည် ဆယ့်နှစ်နာရီအထိတိုင် ငုတ်တုတ်ထိုင်၍ စောင့်စား ခစားစေခဲ့သည်မှာလည်း ခေတ်သစ်သက်ဦးဆံပိုင်လို ပြုကျင့်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်တွေကို နီးစပ်ရာတချို့လည်း သိပြီးသား ဖြစ်ကြပါတယ်။ ပြောချင်တာက ခေတ်ပျက်သူဌေးစီးပွားရေးသမားတွေအပြင် ဌာနအတွင်း သက်ကြီးရွယ်အိုဝန်ထမ်းတွေကိုပင်မငဲ့ အောက်လက်ငယ်သားပင်မကျန် ဗိုလ်ကျအနိုင်ကျင့် ညှင်းပန်းနှိပ်စက် ဂုဏ်ယူလျှက် ဖြုတ်ထုတ်သတ်လုပ်ခဲ့မှုများသည် နအဖအုပ်စုအတွင်း အချင်းချင်းဝေဖန်ခဲ့ကြသလို စိတ်ဝေဒနာရှင် ကျပ်မပြည့်သူတဦး ဟုတ်/မဟုတ်ကို ဘယ်သူကူလို့ စစ်ဆေးအရေးယူနိုင်မလဲဆိုတာ မေးစမ်းချင်ပါတော့တယ်။
စာကြွင်း -
ဥပဒေအထက်တွင် မည်သူမျှမရှိစေရတဲ့လား ……
(ရေးသားသူ - လွင်အောင်)။
No comments:
Post a Comment