Tuesday, July 14, 2009

အကျင့်ပျက် သတင်းရဲအဖွဲ့ ကလည်း လာဘ်စား၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးသူတွေကလည်း လာဘ်စားနဲ့  ဖြစ်ချင်တိုင်း ဖြစ်နေကြသော အရှုပ်တော်ပုံ။






















(၁) ။

ရုရှားသင်တန်းပြန် စစ်ဗိုလ်ပြုတ် (၃) ဦးကို နိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့တဲ့ အကျင့်ပျက်သတင်းရဲအဖွဲ့ အတွင်း အရှုပ်အထွေးများကြောင့် ရန်ကုန်တွင် ဇူလိုင်လ စောစောပိုင်းက နိုင်ငံကူးလက်မှတ်ပွဲစား (၁၁) ဦး ဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိပါသည်။

တကယ်ဆိုရင် သတင်းရဲအဖွဲ့အတွင်း ယခုမှ အကျင့်ပျက်ခြင်းမဟုတ်ပါ။ (၄)နှစ်တာကာလအတွင်း စနစ်တကျ ပျက်စီးနေသည့် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးကို ပြည်ထဲရေးဝန်ကြီးရဲ့ လက်ရုံးတစ်ဆူဖြစ်သော ဦးမြင့်သိန်းက အကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

ဦးမြင့်သိန်းနှင့် တိုက်ရိုက်ဆက်ဆံပြီး (၁)ရက်အတွင်း (၃)ရက်မကြာစေရ အမြန်ဆုံးရရှိရေး ဆောင်ရွက်ပေးနိုင်သည့် ပွဲစားကြီးများဖြစ်သော ကူးမား (လွစ္စလမ်း)၊ ဇော်မိုး(စင်ဝှါ)နဲ့ မောင်တိတ်တို့မှာ တစ်ပတ်လျှင် (၃) အုပ်ထက်မနည်း၊ တစ်အုပ်လျှင် (၁၅) သိန်းဖြင့် လုပ်ကိုင်ပါသည်။

ကူးမားမှာ ဦးမြင့်သိန်းနှင့်တပည့်များအား (၁၃) သိန်းပေးပြီး တအုပ်လျှင် (၂) သိန်း တွက်ချေကိုက်ပါက လုပ်ကိုင်ပါသည်။ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံကူးလက်မှတ်ပွဲစား (၁၁) ဦးအနက် ယင်းတို့ပါဝင်ခဲ့ခြင်း မရှိဘဲ အမှုနှင့် မပတ်သက်ဘူးလို့ သတင်းလွှင့်ပြီး မယားငယ်နှင့်အတူ ပြောင်ပြောင်တင်းတင်း သွားလာနေတာကို တွေ့ရပါသည်။

ကြာသပတေးနေ့က ကိုကျော်သူမှာ လွယ်အိတ်အတွင်း ပါရှိခဲ့သော နိုင်ငံကူးလက်မှတ် စာရွက်စာတမ်းအတုများနဲ့ ငွေကျပ် (၄) သိန်းကို ဖမ်းဆီးရေးအဖွဲ့များနှင့် တွေ့ဆုံသဖြင့် ဖျောက်ဖျက်ခဲ့ရပါသည်။ ကိုကျော်သူမှ ဖမ်းဆီးရေးအဖွဲ့နှင့် ပူးပေါင်း၍ လက်ထောက်ချသဖြင့် ပွဲစားကြီး အောင်ကျော်ဇော အပါအ၀င် (၁၁) ဦးကို ဆက်တိုက်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ဖမ်းဆီးခံရသူများအနက် ရဲနိုင်ဦးမှာ နိုင်ငံကူးလက်မှတ်ဌာန ဌာနမှူး ဦးဝင်းနိုင်ဦး၏ ညီဖြစ်ပါသည်။

အောင်ကျော်ဇော အနေဖြင့် ဗိုလ်ကြီးဟောင်း (၃) ဦးထံမှ တစ်အုပ်လျှင် (၁၂) သိန်းနှုန်း ရယူလုပ်ဆောင်ခဲ့ပါသည်။ ပွဲစားလောကမှာ နိုင်ငံကူးလက်မှတ်တစ်အုပ်ရဘို့ ဆင်သတ်အရပ်ဝေပြီး ပိုင်ရာဆိုင်ရာများနဲ့ အဆင့်ဆင့် ဆောင်ရွက်ရပါသည်။

မှတ်ပုံတင်ပြင်ဆင်အတုနှင့် အိမ်ထောင်စုစာရင်းလုပ်ခ - ၁၅၀၀၀၀
ကာယကံရှင်မပါ ပုံစံအရောင်းဌာန လျှောက်လွှာခ - ၃၀၀၀၀
နိုင်ငံသားစာရွက်စာတမ်းစစ်ဆေးရေးဌာန - ၃၀၀၀၀
စလစ်ထုတ်ပုံစံလက်ခံဌာန - ၇၀၀၀၀
မြို့နယ်အခွန်ပုံစံ(၁၇)ကင်းရှင်းခ - ၃၀၀၀၀
ပြည်တွင်းအခွန်ရုံးကြီးပုံစံ(၁၉)ထုတ်ခ - ၃၀၀၀၀
ရေးသွင်းဌာနအမြန်ခ - ၁၀၀၀၀၀
အမှုဟောင်းစစ်၊ စာတွဲတင်/ချခ - ၃၀၀၀၀
အာဏာပိုင်လက်မှတ်ရေးထိုး(သာမန်) - ၃၀၀၀၀၀ - (တရုတ်/ကုလား) ၅၀၀၀၀၀
ကွန်ပျူတာဌာနစာရင်းနက်စစ်ခ - ၃၀၀၀၀
စာအုပ်ထုတ်ပေးဌာနအချိန်မီဆောင်ရွက်ခ - ၇၀၀၀၀
လုပ်ငန်းအဆင့်ဆင့်ပိုင်ဆိုင်ရာပွဲစားငယ်တဦးငှားရမ်းခ - ၁၅၀၀၀

မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရာတွင် တာဝန်အရှိဆုံးမှာ ဦးမြင့်သိန်း ဖြစ်ပါသည်။ ယင်းကိုယ်စား လက်မှတ်ရေးထိုးခွင့်ပြုထားသူ အာဏာပိုင် (၃/၄)ဦးအနက် ညာလက်ရုံး ဦးမျိုးသူစိုး (ထောက်လှမ်းရေးဟောင်း ဗိုလ်ကြီး) ကတော့ တစ်လလျှင် (၃) ကြိမ်မှ (၅) ကြိမ်အထိ လက်မှတ်ရေးထိုးပြီး (၁၅) သိန်းမှ (၂၅) သိန်းနီးပါး ရရှိပါသည်။

ဦးမျိုးသူစိုး၏ ဇနီး မခင်ဆွေဦးသည် ယခင်ကပင် နိုင်ငံကူးလက်မှတ်ပွဲစားတဦးဖြစ်ရ်ျ ယခုကိစ္စတွင်လည်း ပါဝင်ပတ်သက်နေရာ ခေါ်ယူစစ်ဆေးမည်ကို စိုးရိမ်ပြီး ဆေးရုံတက်ရောက် တိမ်းရှောင်နေပါသည်။

ဖမ်းဆီးရေးအဖွဲ့မှ နိုင်ငံကူးလက်မှတ်ဌာန ဌာနမှူး ဦးဝင်းနိုင်ဦး၏ ဇနီး ( ဦးမြင့်သိန်း၏ တူမ) အား (၂) ကြိမ်ခေါ်ယူ စစ်ဆေးခဲ့သော်လည်း မခင်ဆွေဦးကိုမူ စစ်ဆေးခြင်း မရှိသည့်အပေါ် ကျေနပ်မှု မရှိကြောင်း ကြားသိရပါသည်။

ဦးမြင့်သိန်း၏ ဘယ်လက်ရုံး ရေးသွင်းဌာနက ဦးကျော်စိုး ကတော့ သားမင်္ဂလာဆောင်အခမ်းအနားကို စီဒိုးနားတွင်ပြုလုပ်ရ်ျ ဧည့်ခံပွဲအား အမ်သရီးတွင် သိန်းခြောက်ဆယ် အကုန်ကျခံကျွေးမွေးခဲ့ရာ ဖိတ်စာ၊ လက်ဆောင်လက်ဖွဲ့ အားလုံးကို ပွဲစားများကပဲ ကမကထပြုခဲ့ရပါသည်။ နိုင်ငံကူးလက်မှတ် ဌာနမှူး ဦးဝင်းနိုင်ဦးသည်လည်း ဦးမြင့်သိန်း၏ တူဖြစ်နေ၍ ယင်းဌာနတစ်ခုလုံးတွင် ဆွေမျိုးသားချင်း တပည့်ရင်းများဖြင့် ဖွဲ့စည်းပြီး စနစ်တကျ အကျင့်ပျက်နေခြင်း ဖြစ်ပါသည်။

(၂) ။

အကျင့်ပျက်သတင်းရဲအဖွဲ့ မှ အရာရှိငယ်တဦးသည် အနိမ့်ဆုံး တစ်လလျှင် ကျပ် (၃) သိန်းခွဲခန့် လာဘ်ငွေရရှိသကဲ့သို့ အရာရှိကြီးများမှာလည်း တစ်လလျှင် ကျပ်သိန်း (၃၀) ထက်မနည်း ရရှိနေသဖြင့် ဦးမြင့်သိန်းမှာ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော်တို့တွင် ကွန်ဒိုတိုက်ခန်း/နေအိမ် အဆောက်အဦး မြောက်များစွာ ပိုင်ဆိုင်ခဲ့ပါသည်။ သန်လျှင်ကျိုက်ခေါက်ဘုရားအနီး မြေကွက်ကျယ်ကြီးတွင် ယခုအခါ (၂) ထပ်တိုက်တစ်လုံးကို ပွဲစားများမှ ထပ်မံဆောက်လုပ်ပေးနေရပါသည်။

တရားဥပဒေသည် အားလုံးအတွက် မဟုတ်ဘဲ ပိုင်းခြား၍ စောင့်ရှောက်ကာကွယ်ထားသည်ကို အများပြည်သူနှင့်တကွ နအဖခေါင်းဆောင်ကြီးများ သိရှိနိုင်စေရန် ရေးသားဖော်ပြလိုက်ရပါသည်။

(သတင်းပေးပို့ လာသူ လွင်အောင်အား အထူးကျေးဇူးတင်ရှိပါသည်)။

No comments: