အနိုင်မခံ ။

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤမှောင်မိုက်အတွင်းမှနေ၍ အနိုင်မခံ၊ အရှုံးမပေးတတ်သော ငါ၏စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးဆိုပါ၏။
လောကဓံတရား၏ လက်ဆုပ်တွင်းသို့ ဘယ်လိုပင်ကျရောက်နေရသော်လည်း ငါမူကား မတုန်မလှုပ်၊ မငိုကြွေး (ကံ) တရား၏၊ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့် ငါ၏ဦးခေါင်းသည် သွေးသံတို့ ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်။
ဤလောဘ ဒေါသတို့၏ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား၊ သေခြင်းတရားသည် ကြောက်မက်ဖွယ်ရာ ငံ့လင့်လျှက်ရှိ၏။ သို့ပင်မူ ငါ့အား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မျှ မကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသွားရာ တံခါးဝသည် မည်မျှပင် ကျဉ်းမြောင်းသည်ဖြစ်စေ၊ ယမမင်း၏ ခွေးပရပိုက်၌ ငါ၏အပြစ်တို့ကို မည်မျှပင် မှတ်သားထားသည်ဖြစ်စေ၊ ငါကား ဂရုမပြု။ ငါသာလျှင် ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါစိတ်၏ အကြီးအကဲ ဖြစ်တော့၏။
(အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း ရေးသည်)။
No comments:
Post a Comment