Friday, August 21, 2009

ဘယ်သူ့မှာ တာဝန်ရှိလဲ။
























ဒီနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ငယ်ငယ်က ဖတ်ခဲ့ဘူးတဲ့ ပုံပြင်လေးတစ်ပုဒ်ထဲက သူကြီး အိမ်က နွားနို့အိုးကြီးနဲ့ တူနေပါတယ်။ ပုံပြင်လေးကတော့ ဒီလိုပါ….

တခါက ရွာလေးတရွာမှာ ပွဲလုပ်ဖို့ ရှိနေပါသတဲ့။ ကျေးရွာတွေမှာ လုပ်တဲ့ ပွဲလေးဆိုတော့လည်း ထုံးစံ အတိုင်း စည်ကားအောင် လုပ်ရမှာက သူကြီး ရဲ့တာဝန်ပဲမဟုတ်လား။ ဒီတော့ သူကြီးက မောင်းကို ထု၊ လူစုပြီးတော့ ပြောပါသတဲ့ “လာမဲ့ စနေနေ့ညနေမှာ ကျုပ်တို့ရွာမှာ ပွဲတော် လုပ်မှာကို လူတိုင်းလည်း အသိဖြစ်တယ်။ ပွဲတော်မှာ လာတဲ့လူတွေကို ဧည့်ခံဖို့အတွက် အစားအသောက်ကို ရွာကလူတွေကပဲ စုပေါင်း ကျွေးမွေးရအောင်၊ ဒီတော့ ကျုပ် အိမ်ရှေ့မှာ ရာဝင်အိုးကြီး တစ်လုံးထားထားမယ်။ စနေနေ့ မနက်ကျရင် ရွာသားတွေက တစ်အိမ်ကို နွားနို့ ၂ ပိဿာစီလာထည့်ကြပါ။ ပွဲတော်ကို လာတဲ့လူတွေကို နွားနို့နဲ့ ဧည့်ခံမယ်” လို့ ကြေငြာပါသတဲ့။

ရွာသားတစ်ယောက်က အိမ်ပြန်ရောက်တော့ စဉ်းစားမိသတဲ့ “ ပွဲတော်မှာ နွားနို့တိုက်ဖို့ဆိုတော့ အိမ်တိုင်းကတော့ ပို့ရမှာပဲ။ ငါလည်း ပို့တော့ ပို့ချင်တယ်။ ဒါပေမဲ့ ငါ့မှာက သားသမီးကလည်းများ၊ မိန်းမကလည်း မမာနဲ့ ဆိုတော့ စီးပွားရေး ကအဆင်ပြေလှတယ်မဟုတ်ဘူး။ နွားနို့ ၂ပိဿာရဲ့ တန်ဖိုးဆိုတာကလည်း နည်းတာ မဟုတ်လေတော့ ငါ အပိုမသုံးနိုင်ဘူး။ ဘယ်လိုလုပ်ရင်ကောင်းမလဲ” ဆိုပြီး စဉ်းစားပါသတဲ့။ စဉ်းစားနေရင်းနဲ့မှ သူ အကြံတစ်ခုကို ရလိုက်တဲ့အတွက် အရမ်း ၀မ်းသာသွားပြီး အဲဒီလိုလုပ်ဖို့ပဲ ဆုံးဖြတ်လိုက်ပါသတဲ့။ သူ့အကြံကတော့ သူကြီး အမိန့်နဲ့ ရွာပွဲတော်အတွက် အလှူဆိုတော့ လူတိုင်းကတော့ နွားနို့လာထည့်ကြမှာပဲ။ ငါကတော့ ဆင်းရဲတဲ့ လူလည်းဖြစ်ပြန်၊ စီးပွားရေးလည်း အဆင်မပြေပြန်ဆိုတော့ နွားနို့အစား ရေ ၂ပိဿာပဲ သွားထည့်လိုက်မယ်။

လူတိုင်း နွားနို့ ထည့်ထားတဲ့ အိုးထဲကို ငါရေ ၂ပိသာလောက် ရောရုံနဲ့တော့ ဘာမှ မဖြစ်သွားလောက်ပါဘူးဆိုပြီး တွေးမိ တော့ သူ အတော်စိတ်ချမ်းသာသွားတယ်။ နွားနို့ထည့်ရမဲ့ စနေနေ့ မနက်ကျတော့ သူလည်း ရေ ၂ပိသာကို နွားနို့ ပုံးထဲထည့် ပြီးသူကြီးအိမ်ရှေ့က အိုးထဲကို သွားထည့်ခဲ့တယ်တဲ့။ အိုးကြီးကလည်း ရာဝင် စဉ့်အိုးကြီး ဖြစ်နေလေ တော့ အထဲမှာ မှောင်မှောင်မဲမဲ ဘာမှ မမြင်ရလေတော့ သူ့အတွက် အတော်လေး အဆင်ပြေသွားတာပေါ့။

အဲဒီလိုနဲ့ ညနေရောက်လာလို့ ဧည့်သည်တွေကို ဧည့်ခံရတော့မဲ့အချိန်ရောက်တော့ သူကြီးက ဧည့်သည် တွေကို ရွာသားတွေစုပေါင်း ဧည့်ခံမှုအဖြစ် နွားနိ့နဲ့ ဧည့်ခံမယ့်အကြောင်းကြေငြာပြီး နွားနို့ အိုးကို ဖွင့် ပြီး ခွက်နဲ့ ခပ်လိုက်သတဲ့ ပြီးတော့ မှ ဧည့်သည်တွေကို ခွက်ပေးမယ်အလုပ်မှာ သူကြီးရဲ့ မျက်နှာဟာ ပျက်သွားပြီး ခွက်ကို အိုးထဲ ပြန်ထည့်ပြီး ပြန်ခပ်ပြန်သတဲ့။ သူကြီးတစ်ယောက် အိုးထဲကို ခွက်နဲ့ ခပ်လိုက် ကြည့်လိုက် ပြန်ခပ်လိုက် လုပ်နေရင်းကနေ တဖြည်းဖြည်း မျက်နှာကြီးနီလာပြီး
“ဟေ့၊ ဒီအိုးထဲကို နွားနို့ ၂ပိသာစီ ထည့်ရမယ် မှာထားရက် နဲ့ ရေ တွေ ထည့်တာ ဘယ်သူတွေလည်းကွ” လို့ အော်ပါသတဲ့။ ဒီတော့ ရွာသားတွေလည်း အပြေးလာကြည့်ကြတော့ အိုးကြီး တစ်လုံးလုံးမှာ နွားနို့နဲ့ တူတာဆိုလို့ တစ်စက်မှ မရှိပဲ တစ်အိုးလုံးဟာ ရေတွေကြီး ဖြစ်နေတာကို တွေ့ရ ပါသတဲ့။

ကဲ ကျမတို့ မြန်မာနိုင်ငံတော ဒီမိုကရေစီ အရေးတော်ပုံနဲ့ သူကြီးအိမ်ရှေ့က နွားနို့အိုးကြီးနဲ့ ဘာများ ကွာခြားပါသေးလည်း။ ဒီမိုကရေစီ အရေးတော်ပုံအတွက် လူတိုင်းလူတိုင်းမှာ တာဝန်ရှိနေပါတယ်။ မြန်မာပြည် ဒီမိုကရေစီ ရဖို့အရေးကို ကုလသမဂ္ဂ ကလည်း လာလုပ်ပေးလို့ မရပါဘူး၊ အမေရိကန်ကလည်း မကူနိုင်ပါဘူး။ ပြည်သူတွေက မိမိတို့ ကံကြမ္မာကို မိမိကိုယ်တိုင်ဖန်တီးမှ ဖြစ်မှာပါ။ အဲဒီလို ကိုယ့်ကြမ္မာကိုယ်ဖန်တီးကြရမဲ့ အချိန်မှာ ကျမတို့ မြန်မာ လူမျိုး ပြည်တွင်း၊ ပြည်ပက လူတွေ ဘာလုပ်နေကြပါသလဲ။ အင်တာနက် စာမျက်နှာပေါ်မှာတော့ နအဖ စစ်အစိုးရကို တိုက်နေလိုက်ကြတာ၊ ဇာတ်ပွဲတွေထဲမှာ လူရွှင်တော်တွေ ပြက်သလိုမျိုး ကောင်မလေးကို ဘယ်နှယ့်ဝိုင်းမယ်၊ ဒီနှယ်ဝိုင်းမယ် ဆိုပြီး မိုးလုံးပြည့်ပဲ။ ဒါပေမဲ့ လက်တွေ့မပါတဲ့ စကားလုံးတိုင်းဟာ အလုပ်မပြီး မြောက်ဘူး၊ နွားနို့အိုးထဲကို ထည့်တဲ့ ရေတစ်ပုံးဖြစ်သွားမှာပဲ ဆိုတာကို သတိရစေချင်တယ်။

ပြည်တွင်းမှာ ရှိနေတဲ့ လူငယ်တွေကရော၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ သမိုင်းကပေးတဲ့ ဒီမိုကရေစီ အရေးကို လက်ဆင့်ကမ်းနိုင်ဖို့၊ လူတွေမှာ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးတွေကို လူနဲ့အတူ၊ သူများတွေနဲ့အမျှ ခံစားနိုင်ဖို့ ဘာတွေများကြိုးစားပမ်းစား ဆောင်ရွက်နေကြပါသလဲ။ တနေ့တနေ့chat room ထိုင်၊ ဘောပွဲကြည့်၊ ဘီယာဆိုင်သွား၊ ဟေးလားဝါးလား လုပ်နေရုံနဲ့တော့ ဘာမှ ဖြစ်မလာနိုင်ပါဘူး။ ကိုယ့်သွားရမဲ့ လမ်းကို ကိုယ့်ဘာသာ ရှာကြည့်ဖို့ မကြိုးစားကြပဲနဲ့ အမှောင်ခေတ်မှာ မွေးလာရတာမို့ လမ်းလျှောက်ရင်း လမ်းပျောက်နေရ တာပါလို့ ပြောနေကြမယ်ဆိုရင်တော့ အတွေးအခေါ် အယူအဆတွေ လွဲနေပြီလို့ပဲ ထင်ပါတယ်။

ကျမတို့ ပြည်သူလူထုတွေ သူတလူ ငါတစ်မင်းနဲ့ မညီမညွတ် စည်းလွတ်ဝါးလွတ် ကိုယ်ကချင်တဲ့ ဇာတ်ကို ကိုယ်ရေးလို့ ပြည်တွင်းက လူတွေကလည်း ကိုယ်ထင်ရာ ကိုယ်စိုင်း၊ ပြည်ပကလူတွေကလည်း အင်တာနက် ပေါ်ကအော်လိုက်၊ သံရုံးရှေ့ သူများ စာရွက်ကိုင်ရင် လိုက်ကိုင်လိုက်၊ ဒါတွေကိုပဲ ကိုယ့် အကျိုးအတွက် လှည့်ကွက်လုပ်ပြီး သုံးတဲ့လူက သုံးသွားလိုက်လုပ်နေတဲ့ အချိန်မှာ နအဖ စစ်အစိုးရကတော့ ငကန်းပြီးသွားရင် ထားသွားရမဲ့ ငစွေလေးတွေကို မွေးနေပါတယ်။ လူတွေ မှတ်မှတ်သားသား သတိမထားမိခင်မှာပဲ သူတို့အတွက် အသေခံပေးဖို့ တန်ဆာခံလေးတွေကို ရုရှားပို့ ပညာရပ်ပေါင်းစုံတွေကို သင်ပြီး ပညာမတတ်ခဲ့တဲ့ သူတို့ ထက် ပို ယုတ်မာတဲ့ မျိုးဆက်တွေကို မွေးဖို့ လုပ်နေကြပါပြီ။

ကျမတို့ ပြည်သူလူထုရဲ့ ရင်သွေး အနာဂတ်လူငယ်လေးတွေက B.Sc (copy), B.A (မိတ္တူ) ဘွဲ့တွေပိုက် လို့ ပိုက်ဆံရပြီးရောဖွင့်ထားပြီးတက်တဲ့လူတိုင်း အောင်လက်မှတ်ရနေတဲ့ သင်တန်းတွေက အောင်လက်မှတ်တွေနဲ့ လူရာဝင်နေတဲ့အချိန်မှာ နအဖက သူတို့ရဲ့ အနာဂါတ်ကို နအဖက ရုရှားပြန် စစ်ဗိုလ်တွေနဲ့ တည်ဆောက် နေပါတယ်။ နောင်တစ်ချိန်မှာ ပညာမတတ်တဲံ့ အစိုးရလက်အောက်မှာ ငါတို့မနေနိုင်ဘူး၊ ၅ယောက်ပေါင်းလို့မှ ၁၀တန်းမအောင်တဲ့ကောင်တွေ အုပ်ချုပ်တာမခံနိုင်ဘူးလို့ ပြောလာကြမဲ့ ပါးစပ်တွေကို ကြိုတင်ပိတ်ထားနိုင်ဖို့ သူတို့စီစဉ်နေကြပါပြီ။

ပိုက်ဆံရှိတဲ့လူတွေက မြန်မာပြည် ပညာရေးကို အထင်မကြီးလို့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် နိုင်ငံခြားမှာ ကျောင်းတွေ ကိုတက်၊ နိုင်ငံခြားတက္ကသိုလ်တွေက ရတဲ့ M.B.A, Engineer, Network ပညာရှင် ဘွဲ့တွေကို ရထားတဲ့ လူငယ်တွေကလည်း ကိုယ့်တိုင်းပြည် ကိုယ်မပြန်ပဲ သူတို့ဘွဲ့နဲ့ ထိုက်တန်တဲ့လစာ ရတဲ့ ရေကြည် ရာမြက်နှရာမှာ ဒေါ်လာတွေ စားပြီး သေချာတဲ့ အနာဂါတ်ကို တည်ဆောက်နေကြချိန်မှာ မြန်မာပြည်ရဲ့ အနာဂါတ်မှာ ဘယ်သူတွေက ဦးဆောင်မှာလဲ ဆိုတဲ့ မေးခွန်းဟာ မေးစရာမလိုလောက်အောင် ရှင်းလင်းတဲ့ အဖြေထွက်လို့ နေပါပြီ။

ဘာမှ လေ့လာသင်ယူထားခြင်းမရှိပဲ၊ ကမ္ဘာ့စီးပွားရေး၊ လူမှုရေးတွေကိုအကျွမ်းတ၀င် နားမလည်၊ ဘ၀ကိုရေစုန်မျောရင်း၊ စားဝတ်နေရေးအတွက် ရုန်းကန်ရင်း နဲ့ အသိပညာတွေ ထပ်ဖြည့်မထားနိုင်ဘဲ တစ်လုံး၊ နှစ်လုံး၊ သုံးလုံး သံသရာဝဲထဲက ရုန်းမထွက်နိုင်တဲ့ လူတွေကို အုပ်ချုပ်နိုင်ဖို့ ဆိုတာ အရမ်းကို လွယ်ကူတဲ့ ပုစ္ဆာတစ် ပုဒ်ဖြစ်တယ်ဆိုတာကို ကျမတို့ သတိမထားမိခင်မှာပဲ နအဖက သိရှိပြီး ပြည်သူတစ်ရပ်လုံးကို အဲဒီလမ်းကို တွန်းပို့ ထားပြီးပါပြီ။

အဲဒီတော့…….။ သူကြီးအိမ်ရှေ့မှာတော့ မြန်မာပြည်ရဲ့ အနာဂါတ်အတွက် နွားနို့အိုးကြီး တစ်လုံး ရှိနေပါပြီ၊ အဲဒီအိုးကို ဖွင့်တဲ့အချိန်မှာ နွားနို့ရှိမလား၊ ရေတွေချည်းပဲ ဖြစ်နေမလားဆိုတာကတော့ အိုးကြီးထဲကို နွားနို့ ထည့်ရမဲ့ တစ်ဦးတစ်ယောက်စီရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။

ကျမတစ်ဦးတစ်ယောက်ထဲရဲ့ အမြင်ကို ပြောရရင်တော့ ခုချိန်အထိ မြန်မာပြည် ဒီမိုကရေစီ မရသေးတာဟာ နွားနို့အိုးထဲမှာ ရေများနေသေးလို့ပဲ ထင်ပါတယ်။

(ရေးသားသူ - မေမင်းဆက်)။

No comments: