အမှန်ကိုမြင်၊ အမှန်ကိုတွေး၍ အမှန်ကို ရွေးချယ်ကြမှာလား။
၂၀၀၃ခုနှစ်မှာ (နအဖ) က နိုင်ငံရေးလမ်းပြမြေပုံ(၇)ချက် Road Map ကို တိုင်းသိပြည်သိ၊ ကမ္ဘာသိ ကြေညာခဲ့ပါသည်။ အာဆီယံအသိုင်းအဝိုင်းနှင့် အနောက်အုပ်စုကို လှည့်စားရန်အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နိုင်ငံရေးကစားကွက်တခု ဖြစ်ပါသည်။
အနောက်အုပ်စုက နိုင်ငံရေးတိုးတက်မှု မရှိကြောင်း ဖိအားပေးလာသည့်အခါ နိုင်ငံရေးလမ်းပြမြေပုံ (၇) ချက် Road Map အတိုင်း သွားနေပါသည်ဟု အကြောင်းပြလာခဲ့ပါသည်။ အာဆီယံအသိုင်းအဝိုင်းကလည်း Road Map အတိုင်း သွား၊မသွား စောင့်ကြည့်ပါဦး၊ဟူ၍ နအဖဘက်ကို အကာအကွယ် ပေးခဲ့ကြသည်။
နိုင်ငံရေးလမ်းပြမြေပုံ (၇) ချက် Road Map ထွက်ပေါ်လာသော်လည်း၊ အချိန်ဇယား Time Frame မပါလာခဲ့ပါ။ နိုင်ငံတကာမှ အချိန်ဇယားထုတ်ပေးရန် ဖိအားပေး တောင်းဆိုလာပြန်တော့လည်း အမျိုးသားညီလာခံကျင်းပနေဆဲဖြစ်ကြောင်း၊ လူမျိုးစုကိစ္စတွေ ဆွေးနွေးနေဆဲဖြစ်ကြောင်း စသဖြင့် ဆင်ခြေပေးခဲ့ပြန်ပါသည်။ မဖြစ်မနေ ထုတ်ပြန်ပေးရမည့် အခြေအနေရောက်မှ ( ၂၀၁၀ ) ခုနှစ်တွင် ကျင်းပပေးမည်ဟု ပြောကြားခဲ့ပါသည်။ ထုံးစံအတိုင်း ကျင်းပမည့် ( ရက်၊ လ ) မပါဘဲ တစ်ကွက် ချန်ထားခဲ့ပြန်ပါသည်။
ယခုအချိန်ထိ ၂၀၀၈ခုနှစ်တွင် နအဖမှ အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း ရွေးကောက်ပွဲကော်မရှင် ဖွဲ့ပေးခြင်း၊ ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပေးခြင်းများကို မသိကျိုးကျွံပြု၍ အချိန်ဆွဲလျှက်ရှိပါသည်။
သို့ဖြစ်ပါ၍ “နအဖ” ၏ နိုင်ငံရေးလမ်းစဉ်ကို လေ့လာပါက အောက်ပါအချက်(၃)ချက်ကို တွေ့နိုင်ပါသည်။
၁။ တိုင်းပြည်နှင့်လူမျိုးအပေါ် စေတနာ လုံးဝ မထားရှိခြင်း။
၂။ အာဏာကို ထာဝရ ဆုပ်ကိုင်ထားလိုခြင်း။
၃။ နိုင်ငံတကာ၏ ပြင်းထန်သော ဖိအားမရှိပါက ပြုပြင်ပြောင်းလဲမှု၊ မလုပ်ဆောင်လိုခြင်း။
အထက်ဖော်ပြပါ အချက် (၃) ချက်ကို အခြေခံ၍ “နအဖ” က နိုင်ငံရေးကစားလာခဲ့ရာ၊ ၁၉၈၈ခုနှစ်မှ စတင် ရေတွက်ပါက (၂၁) နှစ်သို့ ရောက်ရှိလာခဲ့ပါပြီ။
“နအဖ”သက်တမ်းတလျှောက်လုံး လှည့်စားခြင်း၊ လိမ်ညာခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်း၊ ရက်စက်ခြင်း၊ စသောနည်းဗျူဟာများဖြင့် တိုင်းပြည်ကို ချုပ်ကိုင်ခဲ့ပါသည်။
၂၀၀၇ခုနှစ်၊ သံဃာအရေးအခင်း (ရွှေဝါရောင်တော်လှန်ရေး) တွင် လက်နက်ဖြင့် ဖြေရှင်းခြင်း၊ ဒီပဲရင်းလုပ်ကြံမှုအရေးအခင်း၊ ကျောင်းသားအရေးအခင်းများ နှင့် နေပြည်တော်သို့ အဓမ္မရွေ့ပြောင်းစေခြင်း စသည့် ဖြစ်စဉ်များက သက်သေခံလျှက်ရှိပါသည်။
မြန်မာပြည်သူများနှင့် နိုင်ငံတကာမှ လိုလားသော နည်းဗျူဟာမှာ တွေ့ဆုံဆွေးနွေးခြင်း၊ တရားမျှတခြင်း၊ ဒီမိုကရေစီလမ်းကြောင်းသို့ နိုင်ငံတကာ၊စံနှုန်းများနှင့်အညီ လျှောက်လှမ်းခြင်း စသည်တို့ ဖြစ်ပါသည်။ သို့သော် ပြည်သူလူထု၏ လိုလားချက်နှင့်၊ “နအဖ” လိုလားချက်သည်၊ ထပ်တူမဖြစ်ဘဲ၊ သီးခြားစီဖြစ်ရုံမက ဆန့်ကျင်ဖက် ဖြစ်လျှက်ရှိပါသည်။ မည်သို့ပင်ဖြစ်စေ၊ ပြည်သူများက၊ ဆင်းရဲနွမ်းပါးလျှက်ရှိကြပါသည်။
ပြည်သူလူထု၏ကြီးမားသော၊ မျှော်လင့်ချက်(၂)ခုရှိနေပါသည်။
၁။ “နအဖ” ခေါင်းဆောင်များ သဘောထားပြောင်းလဲကာ ပြည်သူများနှင့် သဟဇာတဖြစ်လာရေး။
၂။ စေတနာပြည့်ဝပြီး စွမ်းရည်ထက်မြက်သော တပ်မတော်ခေါင်းဆောင်တဦး ပေါ်ပေါက်လာရေး။
“နအဖ”သည်၊ ပြည်သူများနှင့် နိုင်ငံတကာတို့၏၊ လိုလားချက်များကို၊ လုံးဝအလေးဂရုမပြုဘဲ၊ တိုင်းပြည်ဘဏ္ဍာငွေများကို စာရင်းရှင်းတမ်းမရှိ၊ စည်းမျဉ်းစည်းကမ်းမရှိ၊ စိတ်ကြိုက်သုံးစွဲကာ အာဏာတည်မြဲရေးအတွက် လုပ်ဆောင်လျှက်ရှိပါသည်။ ၎င်းတို့၏ လုပ်ရပ်ပေါင်းများစွာအနက်မှ သိသာထင်ရှားသော လုပ်ရပ်အချို့ကို ဖေါ်ပြလိုပါသည်။
၁။ ၂၀၀၃ခုနှစ်၊ Road Map ကြေညာသည့် အချိန်မှစ၍ ယနေ့အချိန်အထိ ပြည်ခိုင်ဖြိုးအသင်း၊ (လူမှုရေးအသင်းအမည်ခံ၊ “နအဖ”၏ နိုင်ငံရေးပါတီ) မှ မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်လျှက် ရှိခြင်း။
၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် အခြားတရားဝင်နိုင်ငံရေးပါတီများ၊ မဲဆွယ်စည်းရုံးခွင့် လုံးဝမရှိသည့်အပြင်၊ ပါတီရုံးခန်းပင်ဖွင့်ခွင့် မရရှိခြင်း။
၃။ စီးပွားရေးဦးပိုင်လီမိတက်၊ ( တပ်မတော်၊စီးပွားရေးအဖွဲ့ ) နှင့် ပြည်ခိုင်ဖြိုးအဖွဲ့ တို့  ပူးပေါင်းကာ၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်းများကို လက်ဝါးကြီးအုပ် ဆောင်ရွက်လျှက်ရှိပြီး၊ ဘဏ္ဍာငွေရှာဖွေစု ဆောင်းထားရှိခြင်း။
၎။ “နအဖ” ခေါင်းဆောင်များကိုယ်တိုင်၊ ကားပါမစ်ချပေးခြင် ၊လုပ်ငန်းတခုတည်းမှ ကျပ်ငွေသိန်း ပေါင်း၊ သန်းနှင့်ချီ၍ စုဆောင်းရရှိထားခြင်း။
၅။ ၎င်းဘဏ္ဍာငွေများဖြင့် ပြည်ခိုင်ဖြိုးအဖွဲ့ဝင်များက ကျေးရွာအဆင့်ထိ ကွင်းဆင်းကာ၊ မဲဆွယ်စည်းရုံးလျှက်ရှိခြင်း။ ( မျက်စိစမ်းသပ်ပေးခြင်း၊ ခွဲစိတ်ကုသပေးခြင်း၊ မျက်မှန်များလုပ်ဆောင်ပေးခြင်း၊ စိုက်ပျိုးရေးစားရိတ်ထုတ်ပေးခြင်း၊ စာကြည့်တိုက်များထူထောင်ပေးခြင်း၊ ရုပ်မြင်သံကြားစက်များ တပ်ဆင်ပေးခြင်း။)
၆။ ၂၀၁၀ခုနှစ်၊ ရွေးကောက်ပွဲအတွက် နိုင်ခြေရှိမည့် ကိုယ်စားလှယ်များကို ကြိုတင်သတ်မှတ်စိတ် ကြိုက်ရွေးချယ်၍ မြို့နယ်များ သတ်မှတ်ပေးကာ မဲဆွယ်စည်းရုံးစေခြင်း။ (မဲဆွယ်စားရိတ်အား သက်ဆိုင်ရာတာဝန်ခံ ပြည်ခိုင်ဖြိုး၊ ဝန်ကြီးများမှ အကန့်အသတ်မရှိ ထုတ်ပေးနေခြင်း။)
၇။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ကျန်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များအနက်၊ တစ်ချို့မှာ၊ ဖမ်းဆီးထောင်ချ၊ အကျဉ်းချခံနေရခြင်းနှင့် ပြင်ပရှိ ကိုယ်စားလှယ်များမှာလည်း၊ နိုင်ငံရေး လှုပ်ရှားခွင့် လုံးဝမရှိနိုင်အောင် ခြိမ်းခြောက်ထားခြင်း။
၈။ နိုင်ငံပိုင်သတင်းစာများ၊ ဂျာနယ်များ၊ ရုပ်သံလွှင့်ဌာနများ၊ ရေဒီယိုအသံလွှင့်ဌာနများ၊ကို အ သုံးပြု၍ အတိုက်အခံနိုင်ငံရေးသမားများကို အကြည်ညိုပျက်စေရန် ဝါဒဖြန့်လျှက်ရှိခြင်း။
၉။ မီဒီယာနှင့်စာနယ်ဇင်းကဏ္ဍအားလုံးကို “နအဖ” မှ လုံးဝထိန်းချုပ်ထားကာ၊ ပုဂ္ဂလိကဂျာနယ်များနှင့် မဂ္ဂဇင်းများတွင် အစိုးရလိုလားချက်အတိုင်း ရေးသားဖေါ်ပြခိုင်းခြင်း။
၁၀။ ၎င်းတို့နှင့် နီးစပ်သော ကုမ္ပဏီပိုင်ရှင်များ၊ ငွေကြေးချမ်းသာသူများအား၊ ၎င်းတို့၏ မွေးရပ်ဇာတိမြေ သို့ သွားရောက်၍၊ ရွေးကောက်ပွဲဝင်ကြရန်၊ ညွှန်ကြားထားခြင်း။ အမှန်တကယ်၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိရန်၊ ယခုလမှစ၍၊ ဇာတိမြေတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ကာ စည်းရုံးရေးများ၊ ပြုလုပ်စေခြင်း။
၁၁။ ရွေးကောက်ပွဲတခုတွင် အဓိကကျလှသော ကိုယ်စားလှယ် ရွေးချယ်ခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ ဝါဒဖြန့်ရန် အချိန်ကာလ ပိုမိုရရှိခြင်း၊ ဘဏ္ဍာရေးငွေ ကြိုတင်စုဆောင်းထားရှိခြင်း စသည့် အချက်များကို “နအဖ” မှ စိတ်တိုင်းကျ ကြိုတင်လုပ်ဆောင်ထားပြီး ဖြစ်သဖြင့် ရွေးကောက်ပွဲလမ်းကြောင်းကို အတင်းအဓမ္မဖော်ဆောင်ရန် စီစဉ်လျှက်ရှိခြင်း။
၁၂။ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး အမှုဆောင်ဝန်ကြီးများက သီးခြားခွဲထွက်ကာ နိုင်ငံရေး ပါတီထူထောင်ရန် စီမံထားရှိခြင်း (၎င်းပါတီများအား ပြည်ခိုင်ဖြိုးအဖွဲ့ဝင်များ အပြည့်အဝ မဲပေးစေခြင်းနှင့် မဲအရေအတွက် အမြောက်အများ ရရှိနိုင်ရေးအတွက် အမျိုးသမီးရေးရာအဖွဲ့ချုပ် အပါအဝင် NGO များအား ပြည်ခိုင်ဖြိုး ဌာနချုပ်လက်အောက်သို့ သွတ်သွင်းပြောင်းလဲလိုက်ခြင်း။)။
၁၃။ ရွေးကောက်ပွဲတွင် မဲအနိုင်ရရှိရေးအတွက် မဲပေးနိုင်ခွင့်ရှိသူ ပြည်သူများထဲမှ ၇၀% ခန့်ကို ကြိုတင်စုဆောင်းထားရှိခြင်း။ ( နိုင်ငံဝန်ထမ်းမဲ၊ စစ်တပ်မဲ၊ အခွင့်ထူးခံ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုမ္ပဏီဝန်ထမ်းများမဲ၊ ပြည်ခိုင်ဖြိုးအဖွဲ့ဝင်များမဲ၊ NGO အဖွဲ့ဝင်များမဲ၊ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ များ၏၊ ခြိမ်းခြောက်ထားမှုကြောင့် ၎င်းတို့အား မဲပေးကြမည့်ရပ်ကွက်နေ ပြည်သူတချို့၏မဲ)။
“နအဖ”သည် ၂၀၁၀ ရွေးကောက်ပွဲအတွက် အချိန်အသာစီးရယူထားခြင်း၊ ဘဏ္ဍာငွေ အသာစီးရယူထားခြင်း၊ မဲဆွယ်စည်းရုံးမှု အသာစီးရယူထားခြင်း၊ ကိုယ်စားလှယ်လောင်းရွေးချယ်ထားမှုအသာစီးရယူထားခြင်း၊ မဲဆန္ဒရှင်များအနက်မှ ထောက်ခံမဲဆန္ဒရှင်တချို့ ကြိုတင်ရရှိအောင် အသာစီးရယူထားခြင်း၊ မီဒီယာနှင့် လူထုဆက်သွယ်ရေးကိစ္စ အသာစီးရယူထားခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ၊အသာစီးရယူထားခြင်းတို့အား သိက္ခာ အရှက်ကင်းမဲ့စွာဖြင့် လုပ်ဆောင်လျှက် ရှိပါသည်။
အထက်ဖော်ပြခဲ့ပြီးသော အရပ်ရပ် အသာစီးရယူထားမှုအပြင် “နအဖ” အနေဖြင့် ရွေးကောက်ပွဲ ကျင်းပရာတွင်လည်း စီမံခန့်ခွဲမှုအာဏာဖြင့် ထပ်မံ၍ အသာစီးရယူသွားမည်ဆိုပါက မြန်မာပြည်သူလူထု၏ ရှေ့ရေး ကံကြမ္မာမှာ မတွေးဝံ့စရာပင် ဖြစ်ပါတော့သည်။
သို့ဖြစ်ပါ၍ တိုင်းပြည်နှင့်လူမျိုးကို အမှန်တကယ် ချစ်မြတ်နိုး၍ ဖွံ့ဖြိုးတိုးတက်မှုကို လိုလားသော ရဟန်းရှင်လူများ၊ နိုင်ငံရေးပါတီများ၊ မဖြစ်မနေ လုပ်ဆောင်ရမည့် အလွန်အရေးကြီးသည့်အချက် တခုသာ ကျန်ပါတော့သည်။
“၂၀၁၀” ရွေးကောက်ပွဲ ကျင်းပရာတွင် မဲအရေအတွက် မှန်ကန်မျှတမှုနှင့် လွတ်လပ်စွာ မဲပေးပိုင်ခွင့်အတွက် ကမ္ဘာကုလသမဂ္ဂနှင့် နိုင်ငံတကာ၏၊ ကြီးကြပ်မှုအောက်မှ ကျင်းပနိုင်ခွင့်ရရှိရေးအတွက် ပြင်းပြင်းထန်ထန် တောင်းဆိုသင့်ပါကြောင်း” နှိုးဆော်တင်ပြအပ်ပါသည်။
၁၉၄၈ ခုနှစ်ကတည်းက လွတ်လပ်ရေး ရရှိခဲ့သည့် မြန်မာနိုင်ငံအား အခြားနိုင်ငံများနည်းတူ ဖွံ့ဖြိုးတိုးတက်စေလိုသော ဆန္ဒအမှန်ဖြင့် အကြံပြုတင်ပြခြင်း ဖြစ်ပါသည်။ သဘာဝသယံဇာတ ပေါကြွယ်ခြင်း လူသားအရင်းအမြစ် ပေါများခြင်း ရှိပါသော်လည်း၊ တိုင်းပြည်မှာ ဆင်းရဲမွဲတေပြီး ပြည်သူလူထုအများစုမှာ အငတ်ဘေးနှင့် ကြုံတွေ့နေကြကာ၊ ရှေ့ရေး အနာဂါတ်မှာ ဝေဝါးမှောင်မဲလျှက် ရှိနေပါသည်။
ပြည်သူအားလုံး၏ အနာဂါတ် သာယာလှပမှသာ တိုင်းပြည်အနာဂါတ်လည်း သာယာလှပနိုင်ပါလိမ့်မည်ဟု ရိုးသားစွာ ယုံကြည်မိပါသည်။
အမှန်ကိုမြင် အမှန်ကိုတွေး၍ အမှန်ကို ရွေးချယ်နိုင်ကြပါစေ။
လေးစားစွာဖြင့် - သူရဲကောင်း။
No comments:
Post a Comment