ဒီမိုကရေစီကို ကာကွယ်ကြ ( အပိုင်း - ၅၊ ၆ နှင့် ၇ )။
ဒီမိုကရေစီကို ကာကွယ်ကြ ( အပိုင်း - ၅)။
ပါလီမန်အစ။
ဒီအခါမှစပြီး အင်္ဂလန်နိုင်ငံမှာ မင်းအာဏာသမားများက တစ်ဖက်၊ ဒီမိုကရေစီအခွင့်အရေးသမားများက တစ်ဖက် နိမ့်တုံ မြင့်တုံ အာဏာလုလာကြတာပဲ။ ၁၂၅၈ ခုနှစ်လောက်မှာ “ ဂျွန်” ဘုရင်ကို ဆက်ခံတဲ့ မင်းတပါးဟာ မဟာစာချုပ်ပါ အချက်အလက်တွေကို ဖေါက်ဖျက်ပြီး ထင်တိုင်း ကျင့်ပြန်တယ်။ ဒီအခါမှာ ပြည်သူ့ခေါင်းဆောင်ကြီး “ ဆိုင်မွန်” ဟာ စစ်တပ်ဖွဲ့ စည်းပြီး ဘုရင့်တပ်တွေကို တိုက်ထုတ်တယ်။
အောင်မြင်တဲ့အခါမှာ နယ်စားများသာမက မြို့ ရွာ ခရိုင်တွေက သာမန်အရပ်သား ကိုယ်စားလှယ်အမတ်တွေ ပါဝင်တဲ့ ပါလီမန်လွှတ်တော်ကို ကျင်းပပေးနိုင်ခဲ့တယ်။ ဒီအခါကစပြီး ပါလီမန်ဆိုတာ ပေါ်လာတယ်။
ဒီတုန်းက ပါလ်ီမန်ဟာ အခုခေတ်ပါလီမန်လို တန်ခိုးအာဏာ သိပ်ရှိသေးတာ မဟုတ်ဘူး။ ဒါတောင် ရှင်ဘုရင်တွေကလည်း ပါလီမန်ကို အခွင့်ရတိုင်း ဖျက်ပစ်ကြတယ်။ ကမ္ဘာသုံးနှစ် ၁၆၀၀ ကျော်လာတဲ့အခါကျတော့ ရှင်ဘုရင်တပါးဟာ သက်ဦးဆံပိုင် အာဏာကို သူ့ လက်တွင်း မရောက်ရောက်အောင် ပြုလုပ်ပြီး၊ တိုင်းသူပြည်သားများကို အနိုင်ကျင့်ပြန်တယ်။
ပါလီမန်ကလည်း ဒီမိုကရေစီအတွက် ပြည်သူ့ အားကို စည်းရုံးပြီး ဘုရင့်အာဏာကို ဖီဆန်တယ်။ နောက်ဆုံးကျတော့ ဘုရင်နဲ့ ပါလီမန် စစ်ဖြစ်ကြတယ်။ ဘုရင်ရှုံးတဲ့အတွက် ဘုရင် အသတ်ခံရတယ်။ ပါလီမန်ဂိုဏ်းက အောင်မြင်တဲ့အတွက် သမတနိုင်ငံကိုတောင် ထူထောင်ခဲ့သေးတယ်။
ဒါပေမယ့် ပါလီမန်ဂိုဏ်းအတွင်းမှာဘဲ အကွဲကွဲ အပြဲပြဲဖြစ်ပြီး အချင်းချင်း ပြည်တွင်းစစ် ဖြစ်လိုက်သေးတယ်။ ဒါနဲ့  မင်းတပါးကိုဘဲ ပြန်ပြီး နန်းတင်ကြရပြန်တယ်။ ဒါပေမယ့် ထင်တိုင်းကျင့်တဲ့ ဘုရင်တပါး ပေါ်လာပြန်တဲ့အခါမှာ ဒီဘုရင်ကို ပါလီမန်က ထီးနန်းမှ ချပြီး ပါလီမန်ရဲ့  အာဏာကို ရိုသေလေးစားတဲ့ ဘုရင်သစ်တပါးကို နန်းတင်ကြပြန်တယ်။
ဒီအခါကစပြီး ပါလီမန် အုပ်ချုပ်ရေးစံနစ် ( ၀ါ ) ဒီမိုကရေစီအုပ်ချုပ်ရေးစံနစ်ဟာ အင်္ဂလန်မှာ ခိုင်မြဲလာရတော့တယ်။ နောင်အခါကျတော့ အခုခေတ်မှာလို ပါလီမန်အမတ်တွေထဲက အစိုးရ အဖွဲ့ ဖွဲ့ ပြီး အုပ်ချုပ်လာနိုင်တဲ့ အခြေအနေကို တဖြေးဖြေး ရရှိလာတယ်။ ဒါတွေဟာ ဒီမိုကရေစီအတွက် အင်္ဂလိပ်လူမျိုးများရဲ့  ကြိုးပမ်းမှုတွေဘဲ။
ဒီမိုကရေစီကို ကာကွယ်ကြ ( အပိုင်း - ၆)။
ဒီမိုကရေစီကျမ်းဂန်များ။
အနှစ် ၅၀၀ လောက်အတွင်း ဒီမိုကရေစီအတွက် အင်္ဂလိပ်လူမျိုးများရဲ့ကြိုးပမ်းမှုဟာ အခြားသော အနောက်တိုင်းနိုင်ငံတွေမှာ အတော် ဂယက်ရိုက်တယ်။ အနောက်တိုင်းသား ပညာရှိတွေရဲ့  အယူအဆတွေဟာလည်း အတော်ဂယက်အရိုက်ခံကြရတယ်။ ဥပမာ - အင်္ဂလိပ်ကဗျာ ဆရာကြီး “မီလတန် ” ဟာ လူ့ လွတ်လပ်ရေးအတွက် လွတ်လပ်စွာ တွေးကြံပိုင်ခွင့်၊ ပြောဆိုရေးသားပိုင်ခွင့်၊ ကိုးကွယ်ပိုင်ခွင့် အစရှိတဲ့ ဒီမိုကရေစီ အခွင့်အရေးအကြောင်းကို ချီးကျုးပြီး ကျမ်းတစောင်တဖွဲ့ ရေးသားဖြန့်ချီတယ်။
အင်္ဂလိပ်ပညာရှိ “ဂျွန်လော့ ( ခ် )” ကလည်း လွတ်လပ်မှု၊ လူ့ ဘ၀ရဲ့ ဂုဏ်သိက္ခာရှိမှု၊ စိတ်အေးချမ်းသာယာရှိမှုတွေဟာ လောကလူ့ ဘ၀ရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်ဆိုတဲ့ သဘောတရားကို လည်းကောင်း၊ အစိုးရဆိုတာ ပြည်သူပြည်သားများရဲ့ ဆန္ဒအရ ဖွဲ့ စည်းတဲ့ အစိုးရမျိုးသာ ဖြစ်ရမယ် ဆိုတဲ့ သဘောတရားကိုလည်းကောင်း ရှင်းလင်းပြီး ကျမ်းရေးခဲ့တယ်။
ပြင်သစ်နိုင်ငံမှာဆိုရင် ပြင်သစ်ပညာရှိ “ရူးဆူး” ကလည်း ဒီလိုဘဲ ရေးခဲ့တယ်။ ဒီတော့ အနောက်တိုင်းသားများရဲ့ မျက်စိဟာ ပွင့်သထက် ပွင့်လာကြတယ်။ သက်ဦးဆံပိုင်မင်းများရဲ့  မတရားအုပ်ချုပ်မှုတွေကို တော်လှန်လာကြတယ်။ လူ့ လွတ်လပ်ရေးအတွက် လူ့ အခွင့်အရေးတွေကို တောင်းဆိုလာကြတယ်။ ဒီမိုကရေစီဘက်ကို ပြည်သူ့ အင်အားကြီးတွေဟာ ယိမ်းလာကြတယ်။ အထူးသဖြင့် သောမတ်ပိန်း နဲ့ ရူးဆူးတို့ ရဲ့  ကျမ်းဂန်များကြောင့် အမေရိကန်နိုင်ငံနဲ့ ပြင်သစ်နိုင်ငံ တို့ မှာ မကျေနပ်မှုတွေ ပေါ်လာပြီး ဒီမိုကရေစီဘက်ကို ဒလဟော ယိမ်းလာကြတယ်။ ဒီလို ယိမ်းလာကြပုံတွေဟာ ကမ္ဘာ့သမိုင်းမှာ အမေရိကန်ပြည်တောင်စု အရေးတော်ပုံဖြင့်၎င်း၊ ပြင်သစ်အရေးတော်ပုံဖြင့်၎င်း အထင်အရှား ရှိပါတယ်။
အမေရိကန်အရေးတော်ပုံ။
အမေရိကန်ပြည်ထောင်စုသားတွေဟာ မူလကတော့ အင်္ဂလိပ်မင်းများရဲ့ လက်အောက်ခံ အင်္ဂလိပ်လူမျိုးတွေဘဲ ဖြစ်တယ်။ ဒါပေမယ့် သူတို့ ကို ဗြိတိသျှပါလီမန်မှာ ကိုယ်စားလှယ်အမတ်များအဖြစ်နဲ့ ဆောင်ရွက်ဆွေးနွေးခွင့် မပေးတဲ့အတွက် မကျေနပ်ကြဘူး။ အင်္ဂလိပ်အစိုးရကလည်း ခေါင်းမာတယ်၊ ဒီအခါ အမေရိကန်ပြည်သားတွေဟာ “ ဂျော့ဝါရှင်တန်” ကို ခေါင်းဆောင်တင်ပြီး အင်္ဂလိပ်အစိုးရကို တော်လှန်ကြတယ်။ အောင်မြင်တဲ့အခါမှာ အမေရိကန်ပြည်ထောင်စုကို လွတ်လပ်တဲ့နိုင်ငံရယ်လို့ ကျေညာတယ်။
“လူတိုင်း လူတိုင်းဟာ အခွင့်အရေး တူညီ ရရှိရမယ်။ လွတ်လပ်စွာ နေထိုင်ခွင့် ရှိရမယ်။” အစရှိတဲ့ သဘောတရားတွေကို ကြွေးကြော်လျှက် ဒီမိုကရေစီစံနစ်အရ တိုင်းပြည်ကို အုပ်ချုပ်သွားမယ်လို့  ဆုံးဖြတ်ပြီး တိုင်းသစ်ပြည်သစ်ကို တည်ထောင်ကြတယ်။
ပြင်သစ်အရေးတော်ပုံ။
အမေရိကန်ပြည်ထောင်စုအရေးတော်ပုံ ပြီးဆုံးတဲ့ နောက်ပိုင်းမှာဘဲ ပြင်သစ်အရေးတော်ပုံကြီး ပေါ်လာပြန်တယ်။ ပြင်သစ်နိုင်ငံမှာ မင်းကလည်း သက်ဦးဆံပိုင်အာဏာသုံးပြီး သူထင်တိုင်း အုပ်ချုပ်တာဘဲ။ အခွင့်အရေးရှိတဲ့ နယ်စားမှူးမတ် လူတန်းစားတွေက တမျိုး၊ ပြည်သူလူတန်းစားတွေက တမျိုး စသည်ဖြင့် လူတန်းစား နှစ်မျိုးကွဲပြီး၊ ကြီးနိုင် ငယ်ညှင်း ပြုကြတယ်။ ရှင်ဘုရင်ကလည်း တရားသဖြင့် မစီမံနိုင်ဘူး။ လက်ပိုက်ပြီး ကြည့်နေတယ်။ အညှင်းပမ်းခံရတဲ့ ပြည်သူလူတန်းစားဟာ ကြာတော့ သည်းမခံနိုင်ဖြစ်ပြီး ကလဲ့စားချေတဲ့အနေနဲ့ ပြင်သစ်ဘုရင်ကိုရော နယ်စား မှူးမတ်တွေကိုရော တော်လှန်ကြတာဘဲ။ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တွေ ဖွဲ့ စည်းပြီး ပုန်ကန်ကြတာဘဲ။
အောင်မြင်တဲ့အခါမှာ “နိုင်ငံတိုင်းတွင် လွတ်လပ်စွာပြောဆို ပြုမူနေထိုင်ခွင့် ရှိရမည်။ လူတိုင်းအခွင့်တူ အရေးတူ ရရှိရမည်။ အချင်းချင်းချစ်ခင် မျှတမှု ရှိရမည်။” ဆိုတဲ့ ၀ါဒသစ်ကို ကြွေးကြော်ပြီး ဒီမိုကရေစီစံနစ်အရ ပြင်သစ်သမတနိုင်ငံကို တည်ထောင်လိုက်ကြတယ်။ နောင်အခါမှာ ဥရောပရှိ တခြား နိုင်ငံတွေမှာလည်း မင်းနဲ့ ပြည်သူ တိုက်ရင်းခိုက်ရင်း တွန်းရင်း ကန်ရင်းဆိုသလိုဘဲ ဒီမိုကရေစီကို ကျင့်သုံးလာကြတာကို တွေ့ ရတယ်။
အခုပြောခဲ့တာတွေဟာ လူ့ လွတ်လပ်ရေးနဲ့ လူ့ ဘ၀ရဲ့  ဂုဏ်သိက္ခာတွေကို ရိုသေလေးစားခြင်း မရှိဘဲ ထင်တိုင်းကျင့်ကြတဲ့ သက်ဦးဆံပိုင်များရဲ့ အာဏာစံနစ်ကို တိုင်းသူပြည်သားတွေက ဘယ်လို တော်လှန်ခဲ့ကြတယ်၊ လူ့ လွတ်လပ်ရေးနဲ့  လူ့ဘ၀ရဲ့  ဂုဏ်သိက္ခာကို ရိုသေလေးစားခြင်းရှိတဲ့ ဒီမိုကရေစီပြည်သူ့ဆန္ဒစံနစ်ကို ရရှိလာအောင် ဘယ်လိုစွန့် စား ကြိုးပမ်းခဲ့ရတယ်ဆိုတဲ့ အချက်တွေဘဲ ဖြစ်တယ်။
တနည်းအားဖြင့်ဆိုရရင် လူတွေဟာ လူ့ လွတ်လပ်ရေးကို ရအောင်၊ လူ့ဘ၀ရဲ့ ဂုဏ်သိက္ခာကို လေးစားခြင်းခံရအောင်၊ လွတ်လပ်စွာ တွေးကြံ ဖွင့်ဟပြောဆိုနိုင်မှု အတွက်လည်းကောင်း၊ လွတ်လပ်စွာ ကိုးကွယ်နိုင်မှုအတွက်လည်းကောင်း ပြည်သူ့ဆန္ဒအရ အုပ်ချုပ်နိုင်မှုအတွင်းလည်းကောင်း၊ တရားမျှတခြင်း ရရှိနိုင်မှုအတွက်လည်းကောင်း၊ အခွင့်တူ အရေးတူ ရရှိနိုင်မှုအတွက်လည်းကောင်း ဘယ်လို စွန့် စား ကြိုးပမ်းလာကြရတယ် ဆိုတဲ့အချက်တွေဘဲ ဖြစ်တယ်။ အချုပ်ပြောရရင် ဒီမိုကရေစီရရှိရေးအတွက် အဆင့်ဆင့် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ပုံတွေဘဲ ဖြစ်တယ်။
ဒီတော့ ဒီမိုကရေစီရရှိရေးအတွက်ဆိုတာ ပြောတော့ လွယ်လွယ်ဘဲ။ ဒါပေမယ့် လူ့ သမိုင်းကို ပြန်ကြည့်ရင် ဘယ့်ကလောက် နှစ်ရှည်လများ စောင့်ပြီး ကြိုးပမ်းလာခဲ့ရတယ်။ ဘယ့်ကလောက် အသက်အိုးအိမ်စည်းစိမ်တွေ အဆုံးရှုံးခံခဲ့ကြရတယ်ဆိုတာတွေကို တသီတတန်းကြီး မြင်နိုင်ပါတယ်။
ဒီတော့ ဒီမိုကရေစီရဲ့ တန်ဘိုးကို ဘယ့်နဲ့လုပ်ပြီး ဖြတ်နိုင်ကြမလဲ။ အခုပြောခဲ့တဲ့ ဒီမိုကရေစီဟာ နိုင်ငံရေးနဲ့  ပတ်သက်နေတဲ့အတွက် နိုင်ငံရေးဒီမိုကရေစီလို့ ဘဲ ခေါ်ကြပါစို့။ ဒါဖြင့်ရင် ဘာဒီမိုကရေစီ ရှိသေးလဲလို့  မေးစရာ ရှိပါတယ်။ နိုင်ငံရေးဒီမိုကရေစီအပြင် စီးပွါးရေးဒီမိုကရေစီ ဆိုတာလည်း ရှိပါသေးတယ်။
ဒီမိုကရေစီကို ကာကွယ်ကြ ( အပိုင်း - ၇)။
စီးပွါးရေးဒီမိုကရေစီ။
အခု စီးပွါးရေးဒီမိုကရေစီအကြောင်းကို နဲနဲပြောပြချင်ပါတယ်။ စင်စစ်မှာ စီးပွါးရေးဒီမိုကရေစီဟာ နိုင်ငံရေးဒီမိုကရေစီ သဘောတရားမှ ပေါက်ပွါးလာတဲ့ ဒီမိုကရေစီပါဘဲ။ ပေါက်ပွါးလာပုံက ဒီလိုပါ။ နိုင်ငံရေးဒီမိုကရေစီအရ လူ့ လွတ်လပ်ခွင့် ရှိရပါမယ်။ တိုင်းပြည်အုပ်ချုပ်ရေးမှာ ပြည်သူ့ဆန္ဒအတိုင်း ပါဝင်ဆောင်ရွက်ခွင့်ရှိရမယ်၊ တရားမျှတမှုရှိရမယ်ဆိုတဲ့ သဘောတရားတွေကို စီးပွါးရေးစီမံခန့် ခွဲမှုမှာလည်း တိုးချဲ့ ကျင့်သုံးလာကြခြင်း ဖြစ်တယ်။ ဒါကိုဘဲ စီးပွါးရေးဒီမိုကရေစီလို့  ခေါ်ကြပါတယ်။ စီးပွါးရေးဒီမိုကရေစီ ရှိရမယ်လို့  ကြွေးကြော်လာတာဟာ နိုင်ငံရေးဒီမိုကရေစီ ရရှိပြီးဖြစ်တဲ့ အင်္ဂလန်နိုင်ငံကဘဲ စတင် ကြွေးကြော်လာတာ ဖြစ်ပါတယ်။
စက်မှုလုပ်ငန်းအရေးတော်ပုံ။
အင်္ဂလန်နိုင်ငံမှာ ၁၈ ရာစုထဲဝင်လာတော့ စက်မှုလက်မှုလုပ်ငန်းအရေးတော်ပုံကြီး စတင်ပေါ်လာတယ်။ စက်မှုလက်မှုလုပ်ငန်းအရေးတော်ပုံဆိုတာ တခြား မဟုတ်ပါဘူး။ ကုန်ပစ္စည်းတွေကို ထုတ်လုပ်တဲ့ နေရာမှာရော၊ သယ်ယူပို့ ဆောင်တဲ့နေရာမှာရော စက်ကရိယာ စက်ယန္တရားတွေကို အကြီးအကျယ် အသုံးပြုပြီး၊ ပြည်တွင်းပြည်ပမှာ တွင်တွင်ကျယ်ကျယ် ရောင်းဝယ်ဖောက်ကားလာတဲ့ စီးပွါးရေးအရေးတော်ပုံကြီးဘဲ ဖြစ်တယ်။
အင်္ဂလိပ်လူမျိုးပညာရှိတွေက စက်ကရိယာ စက်ယန္တရားတွေကို တီထွင်လာနိုင်ကြတဲ့အခါမှာ အရင်းငွေရှိတဲ့လူစုဟာ စက်ရုံကြီးတွေ တည်ဆောက်ပြီး အလုပ်လုပ်ကြတယ်။ စက်မှုလုပ်ငန်းတွေကြောင့် လူတွေမှာ စားရေးသောက်ရေး၊ နေရေးထိုင်ရေး သွားရေးလာရေး ကိစ္စတွေမှာဆိုရင် အများကြီး ကျေးဇူးများကြပါတယ်။ ဒါပေမယ့် ကျေးလက်တောရွာမှာ လက်မှုသက်သက်ဖြင့် ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချတဲ့လူတစုဟာ စက်ရုံတွေကို မပြိုင်နိုင်တဲ့အတွက် လက်မှုအလုပ်တွေ ပျောက်ကွယ်ကုန်ကြတယ်။ လက်မှုအလုပ်တွေ ပျောက်ကွယ်ကုန်ကြတော့ လက်မှုအလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကုန်ကြတယ်။ ဒီိတော့ စက်ရုံကြီးတွေရှိတဲ့ မြို့ များကို တက်လာကြပြီး စက်ရုံကြီးတွေမှာ အလုပ်သမားအဖြစ်နဲ့  အလုပ်လုပ်ကိုင် စားသောက်ကြရတယ်။ ဒီတော့ အရင်းရှင်လူတန်းစား အလုပ်သမားလူတန်းစားရယ်လို့  လူတန်းစားနှစ်ခု ထင်ထင်ရှားရှား ဖြစ်ပေါ်လာတယ်။
ဒီအခါဆိုရင် အရင်းရှင်လူတန်းစားဟာ အမြတ်အစွန်းကိုသာ ကြည့်ပြီး အလုပ်လုပ်ကြတယ်။ အမြတ်ရမယ်ဆိုရင် အလုပ်သမားကို ခိုင်းချင်သလို ခိုင်းကြတယ်။ သက်ဦးဆံပိုင်မင်းတွေဟာ တိုင်းပြည်မှာ မိမိတို့ ထင်သလို အုပ်ချုပ်ကြသလိုဘဲ၊ အရင်းရှင်တွေကလည်း ငွေအရင်းအနှီးရဲ့ တန်ခိုးနဲ့  အလုပ်သမားတို့ ရဲ့ လုပ်အားတို့ ရဲ့ လုပ်အားထဲက အမြတ်ထုတ်ချင်သလို ထုတ်ကြတယ်။ ဒီအခါဆိုရင် အလုပ်သမားတွေမှာ ဘာအင်အားမှ မရှိသေးတော့ အရင်းရှင်က ခိုင်းချင်သလို ခိုင်းတိုင်း လုပ်ပေးကြရတယ်။ ဒီလို လုပ်ပေးရပေမယ့် စားရတော့လဲ တစ်လုတ် တစ်ဆုပ်၊ ၀တ်ရတော့လည်း အစုတ်အနုတ်၊ အိပ်ရတော့လည်း ငုတ်တုတ် ဆိုသလို ဆင်းရဲတွင်းက မတက်နိုင်ကြဘူး။ မ၀ရေစာ လုပ်ခ ကလေးနဲ့ တင်းတိမ်နေကြရတယ်။
အရင်းရှင်တွေမှာတော့ အမြတ်ရတိုင်း စည်းစိမ်တိုးနေကြတယ်။ ဒီတော့ စည်းပွားရေးခံစားခွင့်ရရှိမှုဟာ တဖက်စောင်းနင်း ဖြစ်လာတယ်။ တိုင်းပြည်မှာ လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်ခွင့်တော့ ရှိပါရဲ့ ။ တရားဥပဒေအရ တရားမျှတမှုလည်း ရှိပါရဲ့ ။ ဒါပေမယ့် စီးပွားရေးခံစားမှုကိစ္စမှာတော့ အရင်းရှင်လူစုနဲ့  အလုပ်သမားလူစုတို့ ရဲ့  အခွင့်အရေးတွေဟာ မမျှမတ ဖြစ်လာကြတယ်။ ဒီတော့ အလုပ်သမားတွေက သူတို့ နဲ့  ထိုက်တန်တဲ့ လုပ်ခကို တောင်းဆိုလာကြတယ်။ လုပ်ငန်းစီမံခန့် ခွဲတဲ့ ကိစ္စတွေမှာလည်း သူတို့  ပါဝင်ဆောင်ရွက်ခွင့်ရဘို့  တောင်းဆိုလာကြတယ်။ ဒီနည်းအားဖြင့် စီးပွားရေးဒီမိုကရေစီအတွက် အလုပ်သမားတို့ရဲ့ ကြိုးပမ်းမှုဟာ ပေါ်ပေါက်လာရတယ်။
(ဆက်လက်၍ တင်ပြပါဦးမည်)။
(၁၉၅၉ ခုနှစ်က ရေးသားထုတ်ဝေခဲ့တဲ့ မြန်မာနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဦးနုရဲ့  “ဒီမိုကရေစီ ကာကွယ်ကြ” စာအုပ်အား ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါတယ်)။
ဒီစာအုပ်အား စာရိုက်၍ ပြန်လည်ဖေါ်ပြပေးသော ရွှေဆည်းဆာအား အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်)။
No comments:
Post a Comment