Sunday, October 18, 2009

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ (၄၇) နှစ်မြောက် မွေးနေ့ အမှတ်တရ။

“ကျတော်တို့က ဒီမိုကရေစီဖြစ်ပေါ်ပြောင်းလဲမှုကိုဘဲ တောင့်တတယ်။ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်နိုင်တဲ့ ငြိမ်းချမ်းသောနည်းကိုပဲ ကျတော်တို့ ရွေးချယ်မှာ ဖြစ်တယ်။”

မင်းကိုနိုင်။





















အသက် (၄၇) နှစ်ပြည့် မွေးနေ့ (၁၈ ရက်၊ အောက်တိုဘာလ) အမှတ်တရအဖြစ် ကိုမင်းကိုနိုင် ပြောဆိုခဲ့သော ပြောကြားချက်များအား စုစည်းဖေါ်ပြအပ်ပါသည်။

သမိုင်းပါမောက္ခဒေါက်တာသန်းထွန်း ကွယ်လွန်ခြင်းနဲ့ပတ်သတ်၍ -

“တိုက်ဆိုင်တာလေးတစ်ခုကို ပြောပြမယ် မနေ့က လူထုဒေါ်အမာ မွေးနေ့မှာ ဆရာကြီးကို ကျွန်တော်တို ကန်တော့ဖြစ်လိုက်တယ်။ ကျွန်တော်တို့ကို စကားတစ်ခွန်းလောက် ချီးမြင့်ပါဆိုတော့ ဆရာကြီးက ပြုံးပြုံးကြီးကြည့် နေသေးတယ်။ ပြီးတော့မှ သူ့စကားကို လိုရင်းပဲပြောတယ်။ လုပ်လက်စအလုပ် ဆက်သာလုပ်ပါတဲ့ အဲ့ဒါပဲ။ ဆရာကြီး ကျွန်တော်တို့ကို အမှတ်တရပြောသွားတာ နောက်ဆုံးဘဲ။ ဆရာကြီးလို အင်မတန်စကားနည်းပြီး အလုပ်များများလုပ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဆီက ရလိုက်တဲ့စကား ကျွန်တော်တို့ဘယ်တော့မှ မမေ့ပါဘူး။ ကျွန်တော်တို့ ဆရာကြီးအလောင်းကို ကန်တော့ပြီးတဲ့အခါမှာ အားလုံးတညီတညွှတ်တည်း ဆရာကြီးကို ဂတိပေးလိုက်ကြတယ်။ စိတ်ချပါဆရာကြီး၊ ဆရာကြီးစကားအတိုင်း တပည့်တွေ လိုက်နာပါ့မယ်။ ကျွန်တော်တို့ ကတိပေးပါတယ်။” (ဒီဗွီဘီ ၃၀၊ ၁၁၊ ၂၀၀၅)။

(၁၈) နှစ်ပြည့် ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးနှင့် ပတ်သတ်၍ -

“လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှာရော လွတ်လပ်ရေးရပြီး ဒီမိုကရေစီခေတ်မှာရော ကျောင်းသားထုဘက်က မားမားမတ်မတ် ရပ်တည်ဦးဆောင်နိုင်ခဲ့ပေမဲ့ ၁၉၆၂ ခုနှစ်၊ အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ကျောင်းသားထုရဲ့ ရပ်တည်မှုကို စစ်အစိုးရက ဖျက်ဆီးပစ်ခဲ့တယ်။ ကျွန်တော်တို့တွေ နားလည်တက်တဲ့အရွယ်ရောက်လာတဲ့အခါကြတော့ ကျောင်းသားသမဂ္ဂတွေက မြေပေါ်ကနေ ပျေက်ဆုံးရတဲ့ အခြေအနေမျိုး ရောက်နေပြီ။

ဒီမိုကရေစီနိုင်ငံတွေမှာ ကျောင်းသားသမဂ္ဂဆိုတာ ကျောင်းသားလွှတ်တော်ပဲဗျ။ လွှတ်တော်ထဲမှာလို စနစ်တကျ စကားပြောတက်အောင် မိမိဘာသာလေ့လာပြီးတော့ အခြေအတင်ဆွေးနွေးတက်တဲ့ အကျင့်ကောင်းတွေ မွေးမြူဖို့ . . . တချိန်မှာ တိုင်းပြည်ကို ဦးဆောင်လာရင် တိုင်းပြည်ကို ဦးဆောင်ဦးရွက်ပြုမယ့် ပုဂ္ဂိုလ်တွေဟာ လွှတ်တော်အတွင်းမှာ စကားပြောကြတယ်ဆိုတာ တကယ်တော့ မတူတဲ့ အယူအဆတွေ ကွဲပြားခြားနားတဲ့ အတွေးအမြင်တွေ စိတ်ကူးစိတ်သန်းတွေကို ကိုယ်စီတင်ပြကြတယ်။ မိမိနဲ့ မတူတဲ့ဘက်ကိုလည်း မိမိက နားထောင်ကြရတယ် ပီးတော့မှ ကိုယ့်အတွေးအခေါ်ကို တင်ပြကြရတာကိုး။

ကျောင်းသားသမဂ္ဂအစည်းအဝေးတွေဟာ လွတ်လပ်တဲ့ စိတ်ကူးစိတ်သန်းတွေကို ဖော်ထုတ်ခွင့်ရှိတယ်။ စစ်သင်တန်းလို ပြန်တွေးနဲ့၊ ပြန်မပြောနဲ့ဆိုတဲ့ တဖက်သက် ဖိနှိပ်မှုမျိုး မဟုတ်ဘူး။

ကျွန်တော်တို့ခေတ်မှာ ခန်းမတွေ၊ သမဂ္ဂအဆောက်အဦးတွေ ရှိတော့တာမှ မဟုတ်ဘဲ။ အဲ့ဒီတော့ အခါကြတော့ ရင်ထဲမှာရှိတဲ့ သမဂ္ဂစိတ်ဓတ်နဲ့ သမဂ္ဂအလံကို ထူပြီးတော့ဘဲ သမဂ္ဂကို ထောင်ကျရတာလေ။ အာဏာပိုင်တွေက ခွင့်ပြုမှလို့ စောင့်နေခဲ့လိုရှိရင် ၈၈ မှာ ကျောင်းသားသမဂ္ဂပေါ်မှာ မဟုတ်ဘူး။ ကျောင်းသာသမဂ္ဂစိတ်ဓတ် တွေပြန်နိုးကြားမှာ မဟုတ်ဘူး။ ခွပ်ဒေါင်းအလံတွေ လွှင့်ထူခွင့်ရမှာ မဟုတ်ဘူး။

ခေတ်အဆက်ဆက်က ကျောင်းသားလှုပ်ရှားမှုတွေနဲ့အတူ ပေးဆပ်ခဲ့ကြရတဲ့ ကျောင်းသားတွေရဲ့ မွန်မြတ်တဲ့ ပေးဆပ်မှုတွေကို သိတတ် နားလည်တက်တဲ့အချိန်မှာ ကျောင်းသားသမဂ္ဂရဲ့တန်ဖိုးကို သိလိမ့်မယ်။ ဘယ်အရာမ ဆိုပါဗျာ၊ တန်ဖိုးကိုသိမှ တန်ဖိုးထားလာကြလာမှာပါဗျာ။” (အာအက်ဖ်အေ၊ ၂၈၊ ၈၊ ၂၀၀၆)။

မြန်မာနိုင်ငံအရေးကိစ္စ လုံခြုံရေးကောင်စီ ရောက်ရှိမှုနှင့်ပတ်သက်၍ -

“ဒါဟာ လူ့အခွင့်အရေးကိစ္စ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စဖြစ်နိုင်ရေးဆိုတာ တိုင်းပြည်ထဲမှာ လိုအပ်တဲ့ အရာပါ။ ဒါကြောင့်မို့လို့ ဘယ်နိုင်ငံဘဲဖြစ်ဖြစ်ပေါ့ဗျာ။ ကိုယ့်လက်ပေါ်ကျမှ မီးမှန်းသိတယ်၊ ပူတယ်ဆိုတာမျိုး မဖြစ်အောင်၊ သူတပါးလက်မှာ လောင်နေရင်လည်း မီးပါလား၊ ပူတတ်ပါလား၊ အဲ့ဒီလို စိတ်နှလုံးမျိုးရှိအောင် ကျွန် တော်တို့ ဆက်ပြီးကြိုးပမ်းသွားကြရမှာပေါ့။ ကျွန်တော်တို့ဟာ ရာနှုန်းပြည့်တော့ အောင်မြင်မှုရနိုင်တယ် မဆိုသေးပေးမဲ့ ကျွန်တော်တို့ လက်ရှိအနေအထားမှာတော့ ကျွန်တော်တို့ ကျေနပ်ပါတယ်။ လုံခြုံရေးကောင်စီမှာ စတင်ဆွေးနွေးဖို့ စတင်ကြိုးပမ်းမှုတွေ လှုပ်ရှားရာမှာကတည်းကိုက ကျွန်တော်တို့တွေက ပွင့်ပွင့်လင်းလင်းကို ကျွန်တော်တို့တွေ ထောက်ခံကြိုဆိုခဲ့တာ။ အခုတော့ လုံခြုံရေးကောင်စီမှာ ထည့်သွင်းဆွေးနွေးဖို့အတွက် ဆုံးဖြတ်နိုင်ခဲ့ပြီဆိုတဲ့အခါမှာ ကျွန်တော်တို့တတွေက ၀မ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုရမှာ ဖြစ်ပါတယ်။ ဒါ အင်မတန်အရေးပါပါတယ်။” (ဗွီအိုအေ၊ ၁၆၊ ၃၊ ၂၀၀၆)။

မတ်လ (၁၆) ရက် တံတားနီအရေးအခင်း (၁၈) နှစ်ပြည့်နှင့်ပတ်သက်၍ -

“တကယ်တော့ အဲဒီနေရာမှာ ကျောင်းသားတွေရဲ့ သွေးနဲ့ ချင်းချင်း နီခဲ့ရတယ်ဆိုတဲ့အခါကျတော့ တံတားနီဆိုပြီးတော့ အဲဒီအချိန်ကို ယာဉ်နောက်လိုက်စပါယ်ယာတွေကအစ ဂုဏ်ပြုပြီးတော့ တံတားနီလို့ ခေါ်ပေးခဲ့တာပါ ။

အခု ဒီနေ့အချိန်တော့ ပြုပြင်မှုတွေ ပြောင်းလဲမှုတွေနဲ့ ဖုံးကွယ်လိုက်ပြီ ဆိုပါတော့၊ သွေးတွေကို ထုံးနဲ့ဖုံးခဲ့တယ့် ကာလ ဘယ်လို ဖုံးဖုံးပေါ့ဗျာ။ သွေးဆိုတာကတော့ နီနေဆဲပါ ။ ဒါကကျောင်းသားတွေရဲ့ ဘယ်ခေတ် ဘယ်အ
ခါမဆို အမြဲတစေရှိနေတယ့် သတ္တိသွေးကိုး။

အခု ဒီနေ့ ကျွန်တော်တို့ ပြည်တွင်းမှာ ကျောင်းသားတွေ ရှိနေတယ်။ အဝေးကို ရောက်နေရတဲ့ ကျွန်တော်တို့ ရဲ့ သွေးချင်းကျောင်းသားတွေ ရှိတယ်။

အဲဒီလိုပဲ ထောင်ထဲမှာလဲ ကျွန်တော်တို့ရဲ့ ရဲဘော်ကျောင်းသားတွေ ရှိနေတုန်းပဲ။ အဲဒီလို တနေရာစီ ကွဲနေပေမယ့် ကျွန်တော်တို့တတွေမှာ အနေဝေးလေလေ သွေးနီးလေလေပဲဆိုတာကို ကျွန်တော်တို့ တကယ်တွေ့ မြင်ရတယ်။ အဲဒီအခါကျတော့ ထောင်ထဲက ကျန်နေတယ့် ရဲဘော်တွေကိုလဲ စာနာစိတ်နဲ့ ဒီအချိန်မှာ သူတို့တော့ တိုက်ပွဲတွေစခဲ့ကြတဲ့နေ့ ရောက်လာပြီဆိုရင် သူတို့ပြန်ခံစားပြီးတော့ ကျွန်တော်တို့ကို သတိရနေကြမယ်။ ကျွန်တော်တိုရဲ့ လက်ချင်းဆုပ်ကိုင်ထားရသည့်တိုင်အောင် ကျွန်တော်တို့ရဲ့ စိတ်ချင်းအားဖြင့် ဆက်သွယ်ပြီးတော့ သူတို့တွေ ကြံ့ကြံ့ခိုင်ရင်ဆိုင် နေကြဦးမယ်ဆိုတာ ယုံကြည်နေတယ်။

အဲ့ဒီတော့ ဒီနေ့ခေတ် အခုကျောင်းတက်နေကြတဲ့ ကျောင်းသားတွေမှာလည်း သူတို့ရဲ့ နောင်တော်တွေဖြစ်တဲ့ ရှေ့ ကကျောင်းသားတွေဟာ ဘာကြောင့် ဘ၀တွေ အသက်တွေပေးပြီးတော့ စတေးခဲ့ကြလည်းဆိုတာကို သူတို့နားလည်တဲ့တနေ့မှာ သူတို့ဘာလုပ်ရမယ်ဆိုတာကို သူတို့သိကြလိမ့်မယ်။ ကျွန်တော်တို့က အထွေထွေထူးထူး ပြောနေစရာမလိုဘူးလေ အမှန်တရားဆိုတာက တကယ်တော့ ဘယ်လို ဖုံးကွယ်ထား ဖုံးကွယ်ထား အချိန်တန်လို့ရှိရင်တော့ ပေါ်ကြရစမြဲကိုး။ (ဒီဗွီဘီ ၁၆၊ ၃၊ ၂၀၀၆)။

NLD ၏ ပြည်ထောင်စုနေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သည့် ကမ်းလှမ်းချက်အပေါ်၌ -

“အခုကြေငြာချက်ဟာ တစ်ဦးချင်း တစ်စုံတစ်ဖွဲ့တည်းရဲ့ အကျိုးအတွက် မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့မျက်နှာ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုပဲ ကြည့်ပြီးတော့ ကမ်းလှမ်းလိုက်တယ်လို့ ကျွန်တော်တို့ နားလည်ပါတယ်။

အရေးအကြီးဆုံး အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးက တပါတည်း ဖြစ်ရပါလိမ့်မည်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေဆိုတာဟာ မိမိယုံကြည် ချက်ကြောင့် ထောင်သွင်းအကျဉ်းကျခံနေရတာပါ။

ဘာလို့လဲဆိုတော့ သူတို့ဟာ ပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့ အဖွဲ့အစည်း၊ ရွေးကောက်ပွဲအနိုင်ရပါတီရဲ့ ခေါင်းဆောင်တွေ ဖြစ်နေလို့ပါဘဲ။ အဲဒီအချက်ကြောင့် အရေးတကြီး နှလုံးသွင်းကြပါလို့ ကျွန်တော် လေး လေးနက်နက် တိုက်တွန်းချင်ပါတယ်။” (၁၄၊ ၂၊ ၂၀၀၆ ခေတ်ပြိုင်)။

၁၈၊ ၈၊ ၂၀၀၆ ပြောကြားချက် -

“၁၈နှစ်ကာလအတွင်းမှာ ၁၆နှစ်လောက်က ကျွန်တော်တို့က ထောင်ထဲမှာ တိတ်တဆိတ်နဲ့ တစ်ဦးတည်း ဖြတ်သန်းလာတဲ့အခါကျတော့ ဘာနဲ့သွားတူသလဲဆိုတော့ ဘောလုံးပွဲတပွဲကို ရှုံးလို့ ထွက်လိုက်ရတဲ့ အသင်းတစ် သင်းကနေ စိမ်ပြေနပြေ သုံးသပ်သလို သုံးသပ်ခွင့်မျိုး ကျွန်တော်ရလိုက်တယ်။

တကယ်လို့သာ ဆက်တိုက်သာ ကစားနေမယ်ဆိုရင် အဲဒီလောက်အထိ ပြန်လည်သုံးသပ်ခွင့်မျိုး ရကြမှာ မဟုတ်ဘူး၊ ကျွန်တော်တို့မှာ သံဝေဂတရားတော့ တကယ်တမ်းတွေတာတော့ ******

ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ၁၈နှစ်ကို ပြန်ကြည့်လိုက်ရင် အဲဒီတုန်းက ဝရုန်းမီးတောက်ခဲ့တဲ့ ခေါင်းဆောင်ကြီးဆိုတဲ့ ပုဂ္ဂိုလ်တွေ တကယ်တမ်းပေါ့ဗျာ၊ တိုင်းပြည်မှာ အာဏာကို ကိုင်စွဲထားနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ ဒီကနေ့မှာ တကယ်ကို အသုံးမဝင်တော့တဲ့ ရွက်ခြောက်များလို အသီးသီး ကြွေသွားခဲ့ကြတယ်။ လူပုဂ္ဂိုလ်နာမည်တွေလဲ ပြောစရာမလိုဘူး၊ ပြန်ပြီးတော့ စဉ်းစားကြည့်မယ်ဆိုရင် သိနိုင်တယ်။ အဲဒီလို ဇာတ်သိမ်းတွေ နေဝင်ချိန်တွေ အမျိုးစုံကို ကျွန်တော်တို့ တွေမြင်ခဲ့ရပြီးဆိုတဲ့အခါမှာ သူတို့ရဲ့ သမိုင်းဟာ အဆုံးသတ်သွားပြီ၊ သူတို့ရဲ့အကြောင်းကို ပြောလိုရပြီ၊ အဲဒီတော့ သူတို့မှာ ပြန်လည်ပြင်ဆင်ခွင့် မရှိတော့ဘူး။ သူတို့အတ္တတွေ ကြီးမားရင် ကြီးမားတာနဲ့အမျှ သူတို့ ဟာ သမိုင်းမှာ အကျည်းတန်စွာ အရေးယူခံရတော့မယ်။ အဲဒါ ဒီကနေ့ ကျွန်တော်တိုမြင်ရတယ့် ကိစ္စပါ။

အခုဆိုလိုရှိရင် လွန်ခဲ့တဲ့ ( ၁၈ ) နှစ်က အာဏာသိမ်းခဲ့တဲ့ အဖွဲ့အစည်းထဲကဆိုလျှင် ဘာမှ မကျန်တော့ဘူး။ နှစ်ယောက်လောက်ပဲ ကျန်တော့တာပေါ့။ ကျန်ခဲ့တယ့်လူတွေဟာ ကျွန်တော်တို့ ခံစားခဲ့ရတဲ့ အကျဉ်းသားဘဝမှာ ခံစားရသလို ခံစားရတဲ့ ပုဂ္ဂိုလ်တွေကလဲ ခံစားနေရပြီ။ ဒီလိုပဲ လုပ်ကြံခံရပြီးတော့ တိမ်းပါးသွားတဲ့ သူလည်း တိမ်းပါးသွားခဲံ့ပြီ။ နောက်ဆုံးတော့ ကျွန်တော်တို့ အနန္တသူရိယ အမတ်ကြီးရဲ့ကဗျာထဲကလိုပေါ့ဗျာ၊ သမုဒ္ဒရာထက် ခဏတက်သည့် ရေပွက်ပမာ တသက်လျာတည့် ဆိုတာလိုပေါ့၊ အဲဒါကိုလည်း ကျွန်တောတို့ သွားသတိရတယ်။

အဲဒီလိုရတုန်းရခိုက် အဲဒီရေပွက်ပမာကာလလေးမှာ ဘာတွေလုပ်သွားကြမှာလဲဆိုတော့ တကယ်အချိန်မှီသေးတဲ့ လူတွေဟာ လုပ်ပိုင်ခွင့်တွေ လုပ်ဖို့အခွင့်အလမ်းတွေ ရှိနေတဲံ့အချိန်မှာ အများအတွက် တကယ်အကျိုးရှိမဲ့ ဆုံးဖြတ်ချက်မျိုး သမိုင်းကြောင်း တကယ်ကောင်းမယ့် ကိစ္စမျိုး၊ ပြသနာတွေကို ဖြေရှင်းပေးသွားနိုင်တယ့် အစွမ်း အစနဲ့ နိဂုံးချုပ်စေချင်တယ်။ အဲဒါကြောင့် အချိန်မနှောင်းခင်မှာ လုပ်ကြပါလို့ ကျွန်တော်တို့ တိုက်တွန်းချင်တယ်။ ”
“တယောက်မှာရှိတဲ့ အားနည်းချက်ကို တယောက်က နားလည်ပေး၊ ကြင်ကြင်နာနာနဲ့ထောက်ပြ၊ လက်ချင်းချိတ်ပြီးတော့ ဆက်တိုက်ရအုံးမှာပဲ အောင်ပွဲ မရောက်ခင်တော့ အချင်းချင်း အပြစ်တင်မှုတွေ တွေ့ ရမယ်။ အပြစ်ရှာမှုတွေကို တော့ ကျွန်တော်ကတော့ ရှောင်ရှားစေချင်တယ်။ ဒီမိုကရေစီရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာတောင်မှ အယူအဆတွေ ကွဲပြားကောင်း ကွဲပြားကြလိမ့်မယ်။ တကယ်တမ်း အလုပ်လုပ်မယ်ဆိုလျှင် တူညီတယ့်အချက်တွေကို ရှာဖွေပြီးတော့ တပြီုက်နက် လုပ်လို့ရပါတယ်လို့ ဒီမိုကရေစီရေးအတွက် တကယ်လုပ်တဲ့ ပုဂ္ဂိုလ်တွေဟာ ဒီမိုကရေစီကို တကယ်မြတ်နိုးတဲ့ ပုဂ္ဂိုလ်တွေဖြစ်ဖို့ လိုတယ်ဆိုတာကို ကျွန်တော် တကယ်ပြောချင်တယ်။”

သတင်းစာဆောင်းပါးနဲ့ ပတ်သက်၍ -

“သူတို့ဘက်ကနေပြီးတော့ အလေးအနက်ထားမှု ဒီဂရီမြင့်တက်လာတယ်လို့ ပြောရမှာဗျာ။ ဘာဖြစ်လို့လဲဆိုတော့ အရင်ကထက် ပေါ့ပေါ့ဆဆနဲ့ မရေးတန်ကောင်းဟုဆိုပြီးတော့ သူတို့ရေးသားခဲ့တဲ့ပုံစံပေါ့၊ အခုတော့ သူတို့ ပိုပြီးတော့ လေးနက်မှုပိုပြီး မြင့်လာတယ်လို့ အဲ့ဒီလိုပဲ မြင်ရမှာပေါ့။

ထွေထွေထူးထူးတော့ ပြောစရာမရှိပါဘူး။ သေချာတာကတော့ သူတို့မှာ ရည်ရွယ်ချက် တစ်ခုခုရှိလို့ အဲ့ဒီ ရည်ရွယ်ချက်အတိုင်းလုပ်ဖို့ အရင်ဆုံး ခင်းလိုက်တဲ့ အခင်းအကျင်းလို့တော့ သေချာပါတယ်။ နောက်ကွယ်မှာ သူတို့ ဒုတိယအဆင့်တွေ၊ တတိယအဆင့်တွေ လာဦးမှာပေါ့ဗျာ။ အဲ့ဒါတွေကတော့ စစ်အစိုးရရဲ့ လက္ခဏာတွေလို့တော့ ကျွန်တော် ဒီကနေ့အထိ မတွေ့သေးဘူး။

အဲ့ဒီ ၈၈ ကို ဆူပူမှု၊ အကြမ်းဖက်မှု စကားလုံးတွေ သုံးနှုန်းခြင်းတွေကိုယ်၌ကိုက ကျွန်တော်တို့နဲ့ အမြင်ချင်းသာ ကွာနေတာ။ ဆိုလိုတာကတော့ ကျွန်တော်တို့ ပြည်သူလူထုတစ်ရပ်လုံး တကယ့်ကို ရဟန်းရှင်လူ ပြည်သူ၊ နောက်ဆုံး သီလရှင်တွေပါ ပါတယ်။ တခဲနက်တောင်းဆိုတာ ရိုးရိုးသားသား တောင်းဆိုတာဗျ၊

မွန်းကြပ်နေတဲ့ မှောာင်မိုက်နေတဲ့ဘ၀ကနေ ပိုပြီးတော့ လင်းပွင့်တဲ့ လူ့ဘောင်တစ်ခု ပိုမိုကောင်းမွန်တဲ့ လူ့ဘောင်တစ်ခုကို တောင်းဆိုခဲ့တာ။ အဲ့ဒါဟာ တောင်းဆိုခဲ့ရတဲ့ အာဏာပိုင်တွေဘက်က ကြည့်ရင်တော့ အင်မတန် နားကလော်တယ်လို့ ဖြစ်လိမ့်မယ်။ ဆူပူတယ်လို့ ဖြစ်လိမ့်မယ်။ တကယ်တော့ ကိုယ်လိုချင်တဲ့ဘ၀ ယဉ်ကျေးတဲ့စနစ်တစ်ခုကို တောင်းဆိုတာဟာ အဲဒီအချိန်မှာ အာဏာပိုင်တွေဟာ ဆူပူတယ်ဆိုပြီး ခံစားသွားရတာပဲ။ အဲဒီတော့ ၈၈ ဟာ တကယ်တော့ ကျွန်တော်တို့ဘက်ကတော့ ပြင်းပြင်းထန်ထန် ရပ်တည်ပေးရမှာပဲ။ ၈၈ ဟာ ဆူပူမှုမဟုတ်ပါဘူး၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့ တောင်းဆိုမှု၊ မြင့်မြတ်တဲ့ အရေးတော်ပုံတစ်ရပ်သာ ဖြစ်ပါတယ်။

အဲဒီလို အသုံးနှုန်းတွေနဲ့ တဘက်ကနေပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို သွားကြမယ်ဆိုရင်တော့ ကွာဟာမှုတွေအပေါ်မှာ ကျွန်တော်တို့ဘက်က မဟုတ်မမှန်ဘူး ဆိုတာတော့ ငြင်းဆိုရမယ်။ သူတို့ဘက်ကလည်း ၈၈ ဟာ လူထုဒီမိုကရေစီတောင်းဆိုခဲ့တယ်ဆိုတာကို လက်ခံရမှပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ကိုယ်၌ကိုက အာဏာသိမ်းတဲ့အခါကျတော့ လူထုတောင်းဆိုတဲ့ ဒီမိုကရေစီကို ရွေးကောက်ပွဲလုပ်ပေးပါမယ် ဆိုပြီးတော့ ဂတိခံပြီးတော့ သူတို့ အာဏာသိမ်းရတာလေ။

အဲ့ဒီတော့ ၈၈ ဟာ ဆူပူမှုလား။ ဒါဟာ ဂရုမစိုက်လောက်ဘူးဆိုရင် အဲဒီတုန်းကတည်းက အဲဒီဂတိကို မပေးနဲ့ပေါ့၊ အာဏာ မသိမ်းနဲ့ပေါ။ ကျွန်တော်တို့ဒီလိုပဲ တုံ့ပြန်ရတော့မပေါ့။” (အာအက်ဖ်အေ။ ၂၆၊ ၈၊ ၂၀၀၆)။

“ကျွန်တော်တို့ကို တိုက်ရိုက်စွပ်စွဲတယ်လို့တော့ မခံစားရ ပါဘူး။ သို့သော်လည်းပဲ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ပြောထားချင်တာက ကျွန်တော်တို့ကိုယ်တိုင်က အကြမ်းဖက်မှုကို ဆန့်ကျင်နေတဲ့သူတွေ၊ ကျွန်တော်တို့ က ဒီမိုကရေစီ ဖြစ်ပေါ်ပြောင်းလဲမှုကို တောင့်တတယ်။ တကယ်လည်း အဲဒီလမ်းကို လုပ်ဆောင်နေတာဖြစ်တယ်။ နောက်တခုက ကျွန်တော်တို့မှာ လူသတ်လက်နက်တော့ မရှိဘူး။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူလူထုကိုပဲ အားကိုးတယ်။ ပြည်သူလူထု တရပ်လုံး ပူပေါင်းပါဝင်နိုင်တဲ့ ငြိမ်းချမ်းသောနည်းကိုပဲ ကျွန်တော်တို့ ရွေးချယ်မှာဖြစ်တယ်။” (ဘီဘီစီ၊ ၂၁၊ ၉၊ ၂၀၀၆)။

စစ်အစိုးရသတင်းစာနဲ့ ပတ်သက်၍ -

“တကယ့်ပြည်သူအစစ်မှန်တွေက ဘယ်လို ဆက်ဆံတယ်ဆိုတာကို သွားကြည့်မယ်ဆိုရင် သိနိုင်တယ်။ တကယ့်တကယ် ပြည်သူတွေနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့် ပေးမလား။ အဲဒီပြည်သူတွေက ကျွန်တော်တို့ကို ဆူပူ တဲ့ အကြမ်းဖက်သမားတွေလို့ စွပ်စွဲမလား၊ သို့တည်းမဟုတ်ရင် တိုင်းပြည်ရဲ့ ကောင်းရာကောင်းကျိုးကို လုပ်မယ့်သူတွေလို့ မြင်မလား။ အဲဒါ လွတ်လပ်ခွင့် ဘယ်လောက်ပေးနိုင်မလဲ။ ကျွန်တော်တို့ လက်တွေ့ကျကျ ဖြေရင်းပြချင်ပါတယ်။

သတင်းစာထဲမှာ အစိုးရတသင်းစာအနေနဲ့၊ အစိုးရအာဘော်အနေနဲ့ ထည့်ပြီဆိုတဲ့အခါကျတော့ ၈၈ လို ကိစ္စမျိုးပဲ ကြည့်ပါ။ ၈၈ မှာ ကျွန်တော်တို့က ပြည်သူတရပ်လုံး ဒီမိုကရေစီကို တောင်းတာ၊ အစိုးရက အဲ့ဒီအချိန်မှာ တပါတီအာဏာရှင်တို့ မည်သည် ဒီမိုကရေစီကို အသံမကြားချင်ဘူး။ ဒီမိုကရေစီတောင်းတာနဲ့ သူတို့နားထဲမှာ ဆူတယ် ပူတယ်ဆိုပြီး ဖြစ်တာပဲ။ ဒါကြောင့် ဆူပူမှုလို့ ပြောတာပေါ့ဗျာ။

တကယ်တော့ ပြည်သူတွေက ကျွန်လို မနေချင်ဘူး။ သခင်လိုနေချင်တော့ ဒီမိုကရေစီ တောင်းတာပေါ့ဗျ။ အစိုးရကို ကိုယ်တိုင်ရွေးမယ်၊ ကိုယ်တိုင်ခန့်မယ်၊ အစိုးရ မဟုတ်တာလုပ်ရင် ကိုယ်တိုင်ပြန်ဖြုတ်ချမယ်။ အဲဒါ ပြည်သူတွေရဲ့ အခွင့်အရေး၊ မူလအခွင့်အရေး၊ အဲဒီ အခွင့်အရေးကို ပြောတာ။ အဲဒါ သခင်အခွင့်အရေးပဲ ဒီမိုကရေစီ တောင်းဆိုတဲ့ ကိစ္စကို အာဏာကိုင်စွဲထားတဲ့လူတွေက အာဏာရှင်စိတ်ဓါတ်မျိုး ရှိနေမယ်ဆိုရင် သူတို့က ဆူပူတယ်လို့ နားလည်မှာပဲ။ အဲဒါက တကယ့်ပြည်သူသဘောဆန္ဒကို ဖော်ထုတ်တာပဲခင်ဗျ။

အဲဒါတပြည်လုံးမှာရှိတဲ့ ရဟန်းရှင်လူတွေက တခဲနက်တောင်းဆိုခဲ့တဲ့အတွက် ဒီမိုကရေစီရွေးကောက်ပွဲတွေ လုပ်ပေးပါ့မယ်ဆိုတဲ့ ကတိကို ပေးပြီးတော့ တပ်ကအာဏာသိမ်းရတာ။

အဲဒါပြည်သူတရပ်လုံးက တောင်းတာမဟုတ်ဘူး။ ဒါဟာ ဆူပူမှုသာလျှင် ဖြစ်တယ်ဆိုရင် အဲဒီတုန်းက အဲဒီ ကတိမျိုးမပေးဘဲနဲ့ သိမ်းကြည့်ပါလား။ ကျွန် တော် မေးကြည့်ချင်တယ်။ အဲဒီအခြေအနေမျိုးကို ပြန်မေးပြီးတော့။” (ဗွီအိုအေ၊ ၂၆၊ ၈၊ ၂၀၀၆)။

3D- FUND နှင့်ပတ်သက်၍ -

“ကျွန်တော်တို့ နားလည်ထားတာကတော့ သံတမန်များအနေနဲ့ ဖြစ်စေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများနဲ့ ဖြစ်စေ၊ သူတို့နေက သူတို့လုပ်ငန်းအတွက် သူတို့တွေ့ချင်တဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကို လွတ်လွတ်လပ်လပ် ရွေးချယ်ကြရမှာ။ သူတို့ တွေ့ချင်တယ်လို့ ယူဆရင် ကာယကံရှင်တွေရဲ့ ရွေးချယ်မှုသာဖြစ်တယ်။ အဲဒါ အဓိကကျပါ တယ်။ အဲတော့ ကာယကံရှင်တွေ ရွေးချယ်မှုအပေါ် ကန့်ကွက်တာမျိုး၊ ဝေဖန်တာမျိုးက ဘယ်လိုနည်းနဲ့မှ သဘောမကျဘူး။

ကျွန်တော်တို့ သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောပြီးသားပါ။ အစီအစဉ်တွေအနေနဲ့က မိမိတို့စီစဉ်တဲ့ အစီအစဉ် လက်ဝယ်ရောက်ရှိရေးအတွက် အဲဒီအတွက် သူတိုလုပ်ငန်းတွေ ပြန်ပြီးတော့သုံးသပ်ဖို့လိုတယ်။ အဓိက ကျွန်တော်ပြောချင်တာက သူတို့မှာ သုံးသပ်တဲ့အခွင့်အရေး ရှိရမယ်။ ဒါ မတရားသဖြင့်ဖြစ်နေမယ်၊ အတားအဆီးတွေ ဖြစ်နေမယ်၊ မရေရာမှုတွေ၊ မလုံခြုံမှုတွေ ဖြစ်နေရင် သူတို့က သက်ဆုင်ရာကို ပြန်ပြီးတော့ တောင်းဆိုခွင့်ရှိရမယ်။ အဲဒီလိုတောင်းဆိုခွင့်ပေါ်မှာ မူတည်ပြီး တော့ အမြဲတစေ သုံးသပ်နေရမယ်။ ဘယ်လောက်ထိရောက်မှုရှိသလဲလို့ အဲဒီလို သုံးသပ်ပြီးတဲ့အခါမှာ တောင်းဆို သင့်တာတွေကို တောင်းဆိုရမယ်။ ဒါကို ကျွန်တော်တို့ ကြိုဆိုတယ်။ (ဒီဗွီဘီ၊ ၂၆၊ ၈ ၊ ၂၀၀၆)။

မဂ္ဂင်ကျောင်း HIV ရောဂါဝေဒနာရှင်များနှင့်ပတ်သင်၍ -

“ကျွန်တော်နားလည်ထားတာက တကယ်တမ်း မွန်မြတ်တဲ့ အလုပ် အများအတွက် ကိုယ်ကျိုးတွေကို အထိုက်အလျောက် စွန့်ပြီးတော့ လုပ်ကြတဲ့ အလုပ်မျိုးဆိုတာ မြှောက်ပေးလို့ လုပ်ရတာမျိုး မဟုတ်ဘူးခင်ဗျ။ ဒါမျိုးဟာ မိုက်ရူးရဲ အလုပ် မဟုတ်ဘူး။

ကျွန်တော်တို့ ထောင်တွေထဲမှာ ရှိနေကတည်းက သူတို့တွေအလုပ်တွေကို လုပ်နေတာပဲလေ။ သူတို့အသိ စိတ်ဓတ်နဲ့ သူတို့ လုပ်နေတာ။ ကျွန်တော်တို့နဲ့ ဘယ်လိုပတ်သက်မှုမျိုးတွေ ရှိနေသလဲဆိုရင် ကျွန်တော်တို့ အလုပ် လုပ်ကြတဲ့နေရာမှာ အတွေ့အကြုံကို မျှဝေဖလှယ်ကြတာမျိုးတွေ ရှိဖူးတယ်။ အပြန်အလှန် ကူညီကြတာမျိုးပဲ ရှိတယ်။

တကယ့်တကယ် သူတို့အလုပ်ရဲ့သဘောကိုက လိုအပ်လို့ရှိရင် အိတ်ကပ်ထဲက ပိုက်ဆံကို သူတို့စိုက်ကြ တယ်။ ကိုယ့်ဘ၀တက်လမ်းအတွက် သူတို့မလုပ်ကြဘူး။ ကိုယ့်စီးပွားအတွက်လည်း မလုပ်နိုင်ကြဘူး။ အဲတော့ မွန်မြတ်သန့်စင်တဲ့ အများအကျိုးဆောင်လုပ်ငန်းတွေ ဘယ်သူကမှလည်း မြှောက်ပေးလို့မရဘူး။ အဲဒီလို သံသယမျိုးနဲ့ ချဉ်းကပ်မယ် ဆိုလို့ရှိရင် အမှန်တရားနဲ့ ပိုဝေးသွားမယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ အာဏာပိုင်တွေအနေနဲ့က သံသယအခြေအနေ မမြင်ဖို့ အဲဒါကို တော်တော်ကြီးကို ဆင်ခြင်ရမယ့် ကိစ္စဖြစ်နေတာ။ ကျွန်တော်ဒီကနေ့ ကြုံကြိုက်တဲ့အခါမျိုးမှာ ထောက်ပြချင်တယ်။” (အာအက်ဖ်အေ၊ ၁၆၊ ၈၊ ၂၀၀၆)။

HIV ရောဂါဝေဒနာရှင် ကိုသန်းလွင် ( နိုင်ငံရေးအကျဉ်းသား ) ရက်လည်ဆွမ်းကျွေးနေ့နှင့် ပတ်သက်၍ -

“ဒီနေ့ မနက်မှာတင် အဲဒီဝေဒနာသည်တွေရဲ့ ဆွမ်းကပ်ပွဲကို ရောက်ခဲ့တယ်။ သူတို့ တွေနဲ့ စကားပြောခွင့်ရခဲ့တယ်။ အဲဒီမှာဆိုလို့ရှိရင် လွန်ခဲ့တဲ့ ရက်ပိုင်းတွေတုန်းက စုပေါင်းပြီးနေထိုင်တဲ့ ဆေးကုသဖို့ ရောက်လာတဲ့ တောင်တွင်းကြီးနယ်ဘက်က ရောဂါသည်တွေကို ထမ်းပွေ့ပြီး ခေါ်လာရတာ။ အရိုးပေါ်အရေတင်ပဲ ရှိတော့တာ။ အခုကြတော့ သူတို့က သာမန်လူတစ်ယောက်နီးပါးလောက်တောင် ပြန်ပြီးတော့ လှုပ်ရှားပြီးတော့ အများနည်းတူလောက်ကို တွေ့ ရတယ်။ သူတို့ကို လူ့အဖွဲ့အစည်းကနေပြီးတော့ နွေးနွေးထွေးထွေး ဆက်ဆံတယ်။ ပြီးတော့ လက်တွဲခေါ်တယ်ဆိုတဲ့အသိနဲ့ သူတို့ပြန်ပြီး ထူမတ်လာတာလေ၊ အခုဆိုရင် သူတို့ကိုယ်တိုင်ကိုက လက်ရှိ ဝေဒနာခံစားရတဲ့ လူအချင်းချင်းတောင်မှ သူတို့ကပြန်ပြီး အခြေအနေဆိုးဝါးနေတဲ့ လူငယ်တွေကို ပြန်ပြီးတော့ ပြုစုကုသပေးနေတာ ကျွန်တော်အမှန်တွေ့ခဲ့ရတယ်။ အင်မတန် အားရစရာကောင်းတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။

ဒီရောဂါသည်တွေကို တချို့ က ဘယ်နှစ်လပဲ ခံတော့မယ်။ ခင်ဗျာ ကုသိုလ်ကောင်းမှုသာ ပြုပေတော့၊ တခြား နည်းမရှိတော့ဘူးဆိုပြီး ပြောရင် ဘုန်းဘုန်းလဲတော့တာဘဲ။ ဘာနဲ့တူသလဲ ဆိုရင်တော့ဗျာ၊ ကျွန်တော်တို့ ဟိုစက် ဘီးနင်းသင်ပေးသလိုပေါ့၊ နောက်ကနေ လက်ကိုင်ပေးထားတယ်ဆိုတဲ့ အသိနဲ့ သူတို့က နင်းနေရင် ဖြောင့်နေတာပဲဗျ။ တကယ်တော့ မကိုင်ဘဲနဲ့ လွှတ်လိုက်ရင်တောင် ရနေတယ်။ အဲဒီလို လူ့အဖွဲ့အစည်းက ကြင်နာတဲ့ နှလုံးသားရှိ တဲ့ လူတွေနဲ့ သူတို့ဘ၀တွေ လမ်းခင်းစေဖို့အတွက် ကျွန်တော်တို့ အရင်ဆုံး လုပ်ရလိမ့်မယ် ထင်တယ်။

ဒါကဘာလဲဆိုတော့ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အဆင့်ဆင့်မှာ ရှိနေတဲ့ ကျန်းမာရေးဆိုင်ရာ အသိအမြင်ကို ကျွန်တော်ပြောချင်တာပါ။ အဲဒီမှာ ရပ်ကွက်အဆင့်ကပြောတာက ဒီလူနာတွေကို ထားလို့ရှိရင် သူတို့ရဲ့ ဆီး၊ ၀မ်း တွေကနေပြီးတော့ ကူးစက်ကုန်မယ်လို့ ပြောတာမျိုး၊ သူတို့ရဲ့အသိက ပိုးက ဆီး၊ ၀မ်းကူးတယ်လို့ပဲ သူတို့နားလည်နေတာ။ အဲဒါ ပုလိပ်ရောဂါလို၊ ၀မ်းရောဂါလို လုံးထွေးပြီးတော့နေတဲ့ကိစ္စပေါ့။

အဲဒီလောက်တောင် မသိဘူးဆိုရင် ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ သိမြင်တဲ့ အဆင့်အတန်းဟာ အမျိုးသားကျန်းမာရေးကို ပြန်ပြီးတော့ ခြိမ်းခြောက်နေတယ်။ နောက်တခု ဒီထက်ပိုပြီးမြင်တဲ့ အာဏာပိုင်တွေမှာလည်း ဒီ ရောဂါသည်တွေရဲ့ပွဲတွေ ငါ့နယ်ထဲမှာ လုပ်ခွင့်မရှိဘူး မလုပ်ရဘူးဆိုပြီးတော့ ဒါမျိုးတွေကျတော့ ကျွန်တော်တို့ တိုင်းပြည်မှာ ဟောဒီလို ဝေဒနာသည်တွေ အပေါ်မှာ ဘယ်လိုစိတ်ထားသလဲ၊ ဘယ်လို စိတ်နှလုံးအခံမျိုးနဲ့ ကြည့်ရှုသလဲဆိုတာ ဒါအဖြေပေါ်နေတာ။

အဲဒီတော့ အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်ဟာ အဲဒီရောဂါကူးစက်ပုံအကြောင်းကိုမှ နားမလည်ပဲနဲ့ နောက်တချက် အဲဒီဝေဒနာသည်တွေအပေါ် ဂရုဏာစိတ်နှလုံး မရှိပဲနဲ့ မတူမတန်သလို လူ့အဖွဲ့အစည်းက လက်ခံလို့မရတဲ့ မကောင်းဆိုးဝါးများလို ထင်နေမယ် ဆက်ဆံနေမယ်ဆိုရင် နိုင်ငံတကာက အကူအညီပေးတဲ့ လူသားချင်းစာနာတဲ့ အထောက်အကူတွေဟာ ဘယ်လိုမှ ထိရောက်နိုင်မယ်လို့ ကျွန်တော်တို့ လမ်းမမြင်ဘူး။ အာဏာပိုင်တွေကိုပြန်ပြီးတော့ သင်တန်းတွေ ဖွင့်ပေးရမလို ဖြစ်နေပြီ။ အဲဒါ လက်တွေ့ကျတဲ့ အလုပ်ဖြစ်နေတယ်။

ကျွန်တော်တို့ တင်ပြဖူးခဲ့တဲ့ အခြေအနေရှိတယ်။ လက်ရှိအာဏာရနေတဲ့ အဖွဲ့အစည်းနဲ့ ပြည်တွင်းမှာရှိနေတဲ့ အင်အားစုတွေနဲ့ ညှိနှိုင်းဆွေးနွေးပါ။ ပြီးတဲ့အခါမှာ နိုင်ငံတကာလက်ခံနိုင်တဲ့ စံချိန်စံညွှန်းတွေအတိုင်း ဖြစ်အောင်လို့ ခင်းကျဉ်းလိုက်ပါ။ အဲဒီအခင်းအကျင်းမှာ အဖြေရှာမယ်ဆိုလိုရှိရင် အဲဒါလက်တွေ့ကျကျ လုပ်နိုင်တဲ့အလုပ်ပါ။ အဲဒီအဆင့်ကို မရောက်ဘဲ အစိုးရနဲ့ပဲ ဆက်ပြီးတော့ ညှိနှိုင်းပြီးလုပ်သွားမယ်ဆိုလို့ရှိရင် လက်တွေ့မှာဘဲ အခက်အခဲ တွေ အများကြီး တွေ့နေရပြီ။ နိုင်ငံတကာက ဖေးမပြီး တွဲခေါ်နေကြတဲ့ ဝေဒနာရှင်တွေအပေါ်မှာ ရမ်းရမ်းကားကား ဆက်ဆံခံရတာတွေ ရှိနေတဲ့အခါကျတော့ လက်တွေ့မှာ တကယ့်တကယ် အကူအညီပေးတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပြန်ပြီးတော့ သုံးသပ်ဖို့လိုနေပြီဆိုတာ ကျွန်တော်တို့တွေ မကဘူး၊ ကာယကံရှင်တွေ လက်တွေ့ကျကျလုပ်နေတဲ့လူတွေ အားလုံးက ဒီကနေ့ တောင်းဆိုနေကြပြီ။ (ဒီဗွီဘီ၊ ၁၈၊ ၈၊ ၂၀၀၆)။

စစ်ကြောရေး၌ သေဆုံးခဲ့သော ကိုအောင်လှိုင်ဝင်း ၁ နှစ်ပြည့်၌-

နိုင်ငံသားတွေရဲ့ဘ၀ဟာ ဘယ်လောက်တောင် လုံခြုံမှုကင်းမဲ့သလဲဆိုရင် သူ့အသက်နဲ့ စွန့်ပြီးတော့ ပြသွားခဲ့တာပဲ။ လူတစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရုံးတင်တဲ့အဆင့်တောင် မရောက်ပဲနဲ့ အသက်မပါပဲနဲ့ အလောင်းကိုပဲ သင်္ဂြိုလ်လိုက်ရတယ်ဆိုတဲ့အဖြစ်မျိုးဟာ ဒီမိုကရေစီကို သွားနေပါတယ်ဆိုတဲ့ ကြွေးကြော်သံအောက်မှာ အင်မတန် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ကျွန်တော်တို့တတွေဟာ ပုဂ္ဂိုလ်ရေးအရ ချစ်ခင်မှုသော်လည်းကောင်း၊ မုန်းတီးမှုကြောင့်သော်လည်းကောင်း၊ အခုလို နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ၀င်ပြီးတော့ ဆောင်ရွက်နေကြတာ မဟုတ်ဘူး။ ပတ်သက်နေကြတယ်ရယ်လို့ မဟုတ်ဘူး။ ကျွန်တော်တို့ လိုချင်တာက စနစ် ဖြစ်တယ်။ နိုင်ငံသားတိုင်းဟာ မိမိရဲ့အသက်နဲ့ ဘ၀လုံခြုံရေးသည် နံပါတ် (၁) ဖြစ်ရမယ်။ အဲဒီတော့ အုပ်စိုးသူတွေအနေနဲ့ နိုင်ငံသားတွေရဲ့ လုံခြုံမှုကို အာမခံချက် ပေးနိုင်ရလိမ့်မယ်။

အခုလို အောင်လှိုင်ဝင်းလိုကိစ္စမျိုးမှာဆိုရင် အာမခံချက် မရှိတဲ့အပြင် အာဏာပိုင်တွေဟာ နိုင်ငံသားတွေအတွက် ခြိမ်းခြောက်မှုဖြစ်နေတယ်ဆိုတာ ထင်ထင်ရှားရှား ပြနေတယ်။ ဒါ ကိုအောင်လှိုင်ဝင်းတစ်ယောက်တည်း မဟုတ်ပါဘူး။ နောက်ထပ်များစွာသော ကျွန်တော်တို့ နိုင်ငံသားတွေဟာ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုကို ခံစားနေရသလိုဖြစ်နေတယ်ဆိုတာကို ကိုအောင်လှိုင်ဝင်းကို သက်သေထားပြီးတော့ ကျွန်တော်ပြောချင်တယ်။ (ဗွီအိုအေ၊ ၈၊ ၅၊ ၂၀၀၆)။

ကိုသက်နိုင်ဦးအမှုနှင့်ပတ်သက်၍ -

“အခု ကိုသက်နိုင်ဦးကိစ္စမှာ ဘာကိုပြနေသလဲဆိုတော့ လူတယောက်ပေါ့ သူ့ရဲ့ ရုန်းရင်းဆံခတ်ဖြစ်လာတဲ့အခါမှာ သူ့ အပေါ်မှာ အာဏာပိုင်အဖွဲ့အစည်း၊ လက်နက်ကိုင်အဖွဲ့အစည်းတွေက သူ့ကို ဖမ်းပြီးတော့ အရေးယူလို့ ရပါတယ်။ ဒဏ်ငွေတပ်စရာရှိရင် ဒဏ်ငွေတက်လို့ ရတယ်။

ဒါပေမဲ့ သူ့ကို သေအောင် ၀ိုင်းရိုက်သတ်ခွင့်တော့ မရဘူး။ အဲဒီလို ရိုက်သတ်ခွင့်လိုင်စင်ဆိုတာ ဘယ်သူ့မှာမှ မရှိဘူး။ တရားဥပဒေအတိုင်းပဲ ဖြေရှင်းဖို့သင့်ပါတယ်။

နောက်တစ်ခုက ကျွန်တော်တို့ဆီမှာ ဖြစ်နေတာက ယူနီဖောင်းဝတ်ဆိုလို့ရှိရင် သွေးတွေ ကြွလာတဲ့ ဓလေ့ဆိုးကြီးက အင်မတန်ဝမ်းနည်းစရာလည်းကောင်းတယ်။ နိုင်ငံခြားသားတွေအမြင်မှာလည်း မကောင်းဘူး။ နိုင်ငံကြီးသားပီသမှုလည်း မဟုတ်ဘူး။

အဲဒီတော့ အကြောင်းကြောင်းကြောင့် ယူနီဖောင်းတစ်ခုကို ၀တ်ရတယ်ဆိုတာ တာဝန်ကို ထမ်းဆောင်ဖို့ပဲ ဖြစ်တယ်။ အဲဒီတော့ သာမန်အားဖြင့် ပြည်သူလူထုနဲ့ တွေ့ဆုံရတယ်။ ဖြေရှင်းရတဲ့နေရာမှာ မိမိမှာ တာဝန်ရှိတဲ့အလျောက်ပဲ မိမိတာဝန်ထဲကပဲ ဖြေရှင်းသင့်ပါတယ်။ ဥပမာဆိုပါတော့ နိုင်ငံတကာမှာ မီးသတ်အဖွဲ့အစည်းများဆိုတာဟာ သဘာဝဘေးဒုက္ခတွေကြားထဲက လူသားတွေကို ကယ်တင်ဖို့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပါ။ အဲဒီတော့ ပြည်သူလူထုတွေ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့သက်သက် ဖွဲ့စည်းထားတဲ့ မီးသတ် အဖွဲ့အစည်းတွေ ဖြစ်တယ်။ အဲဒီလိုမျိုး အဖွဲ့အစည်းတွေဟာ ဘယ်လိုအကြောင်းနဲ့မှ လက်နက်ကိုင်ပြီးတော့ အရပ်သူအရပ်သားတွေကို အန္တရာယ်ပြုတာမျိုး ခြိမ်းခြောက်တာမျိုးက ဘယ်လိုနည်းနဲ့မှ မဖြစ်သင့်ဘူးဆိုတာကို ကျွန်တော်တို့ ပြည်သူပြည်သားများအားလုံးကိုယ်စား ကျွန်တော် ဒီကနေ့ တောင်းဆိုချင်တယ်။ ရဲရဲတင်းတင်း ဒီကိစ္စကိုတော့ ပြောချင်တယ်။” (ဒီဗွီဘီ၊ ၁၉၊ ၃၊ ၂၀၀၆)။

၈၈ မျိုးဆက်ကျောင်းသားများကျင်းပတဲ့ ရှစ်လေးလုံးအခမ်းအနားနှင့်ပတ်သက်၍ -

“သေချာတာကတော့ဗျာ ဒီရှစ်လေးလုံးအရေးတော်ပုံနှင့် ပတ်သက်လို့ရှိရင် ဘယ်လိုဘဲ အမှောင်ချထားပါစေ၊ ပုံဖျက်ထားပါစေ၊ တကယ်တော့ ဖြတ်သန်းလိုက်ရတဲ့ပုဂ္ဂိုလ်တွေက တန်ဖိုးကို သိတယ်ဗျ။ အဲဒီရဲ့ အနှစ်သာရ သဘောကို နားလည်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ဆီလာပြီး ပူးပေါင်းဆောင်ရွက်ကြတာပဲ။

တချို့ မျိုးဆက်သစ်တွေရှိတယ်။ အဲဒီတုန်းက မမှတ်မိတဲ့အရွယ် သိပ်ငယ်သေးတဲ့အရွယ်တွေက ယခုကြတော့ လူလားမြောက်နေပြီ။ သူတို့လည်း တခဲနက်လာပြီး ပူးပေါင်းကြတာပဲဗျ။ နယ်တွေကတောင် တက်လာကြတယ် ရရာ ရထား၊ ကားတွေ၊ သင်္ဘောတွေနဲ့ ရောက်လာကြတာပဲ။ ပင်ပန်းကြီးတွေနဲ့ ရောက်လာခဲ့ကြတာပါဆိုတော့။ ဘာကိုပြသလဲဆိုတော့ ကျွန်တော်တို့ ပြည်သူတွေဟာ တကယ်တမ်းခြိမ်းခြောက်မှုတွေ ဘယ်လိုပဲရှိလင့်ကစား၊ ကျွန် တော်တို့ ပြည်သူတွေဟာ အမှန်တရားအတွက်ဆိုရင် ရဲရဲကြီး တိုးရဲတယ်ဆိုတဲ့ အချက်ကို ပြနေတာ။ အဲဒါကို ကျွန်တော် အင်မတန်အားရမိတယ်။

အခုလို အခမ်းအနားမျိုးထက်ပိုပြီး အရေးကြီးတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလို ကိစ္စမျိုးမှာ ပြည်သူရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ အဲဒီလိုမျိုး နားလည်မှုအခြေခံပြီးတော့ စေ့စပ်ဆွေးနွေးလိုက်မယ်ဆိုရင် ကျွန် တော်တို့ တခဲနက်သြဘာပေးဖို့ တခဲနက်ထောက်ခံပေးဖို့ အဆင်သင့်ပဲ။ အဲဒါမျိုးဆိုရင် ၀မ်းမြောက်ဝမ်းသာ ကျွန်တော်တို့က ကြိုဆိုပါတယ်။” (အာအက်ဖ်အေ၊ ၈၊ ၈၊ ၂၀၀၆)။

မစုစုနွေး ဆုရရှိမှုအပေါ်၌ -

ကျွန်တော်တို့ တိုင်းပြည်မှာ တပါတီအာဏာရှင်စနစ်လက်အောက်ကနေ စပြီးတော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးအတွက် လှုပ်ရှားကြတဲ့ ပုဂ္ဂိုလ်အားလုံးဟာ ယခင့်ယခင်ဆုလာဒ်တွေ ရတယ်ဆိုတာ မရှိခဲ့ဘူး။ ပြစ်ဒဏ်တွေပဲ ရှိတယ်။

လူဆိုတာ လူ့အခွင့်အရေးတွေ ရှိရမယ်၊ ဒီမိုကရေစီဆိုတာဟာ လူသားတွေရဲ့ ယဉ်ကျေးမှုစနစ်ဖြစ်တယ်ဆိုတဲ့အချက်ကို မြတ်နိုးတဲ့အတွက် ကျွန်တော်တို့ အလုပ်လုပ်ကြတာ ဖြစ်တယ်။ အဲဒီအထဲမှာ အခုလို ကျေးတောသူလေးတစ်ယောက် သာမန်ပြည်သူထဲက ပြည်သူတစ်ယောက်က သူ့အစွမ်းအစရှိသမျှ သူသတ္တိမွေးပြီးတော့ ရဲရဲရင့်ရင့်ဆောင်ရွက်တဲ့အချက်တွေပေါ်မှာ နိုင်ငံတကာမိသားစုက တုံ့ပြန်လိုက်တဲ့ အသိအမှတ်ပြုမှုပဲလို့ အဲ့ဒီဆုကို ကျွန် တော် မြင်တယ်။

စုစုနွေးလို ပုဂ္ဂိုလ်မျိုးနဲ့ ထိုက်သင့်တယ်လို့ ယူဆလို့ တကယ့် ဂျူရီလူကြီးများအပါအ၀င်ပေါ့ နိုင်ငံတကာက ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ ရွေးချယ်လိုက်တဲ့အပေါ်မှာ ကျွန်တော်တို့ မြန်မာပြည်သားတစ်ယောက်အနေနဲ့ ဂုဏ်ယူပါတယ်။

တဆက်တည်းမှာပဲ ဆုရသည်ဖြစ်စေ၊ ဆုမရသည် ဖြစ်စေပေါ့ဗျ၊ာ အဲဒီလို စုစုနွေးလို ပုဂ္ဂိုလ်မျိုးတွေ တဦးချင်း ကြိုကြားကြိုကြား တိုင်းပြည်အနှံ့မှာ ပေါ်လာမယ်ဆိုရင် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုဟာ အောင်မြင်မှာပါ။ အဲ့ဒီအချိန်မှာ အောင်မြင်မှာပါ။ အများက ငါတို့နဲ့ ဆိုင်တယ်။ ငါတို့ တတ်နိုင်သမျှ ၀င်ပြီး ထမ်းကြမယ်၊ ဖိနှိပ်မှုကို တွန်းလှန်မယ်။ မတရားသဖြင့်လုပ်ရင် မခံဘူး၊ အနိုင်ကျင့်တာမြင်ရင် ဒို့သာရပ်ခံမယ်ဆိုတဲ့ စိတ်ဓါတ်တွေ ပေါ်လာမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်မှာ အားလုံးလိုချင်တဲ့ ဒီမိုကရေစီရမှာပဲ။”

ထိုင်းနိုင်ငံ ၀န်ကြီးချူပ် သက်ဆင် မြန်မာနိုင်ငံရုတ်တရက်ရောက်လာမှုနှင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ပြောတဲ့ကိစ္စအပေါ်၌-

ကျွန်တော်တို့အနေနဲ့ သတိကြီးကြီးနဲ့ ကြည့်ရမှာက ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်ပါစေ၊ ဘယ်လိုအဖွဲ့အစည်းမျိုးကို ကိုယ်စားပြုတာပဲ ဖြစ်ပါစေပေါ့၊ အတိတ်က ဘယ်လို ပြောဆိုခဲ့တယ်၊ ဘယ်လို ပြုမူခဲ့တယ်၊ ကျင့်ကြံခဲ့တယ်ဆိုတာကိုတော့ ကျွန်တော်တို့ မမေ့ဖို့ အင်မတန် အရေးပါတယ်။ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ် မဆိုပါ ကိုယ့်အကျိုးစီးပွားတွေ ကိုယ်စီကိုတော့ ယှဉ်ထိုးပြီးတော့ ကြည့်ကြမှာပဲ။ ပြောကြမှာပဲလေ။ ဒီတော့ ကျွန်တော်တို့က တစုံတခု စကားတခွန်း ကြားရရုံနဲ့တော့ ကျွန်တော်တို့တတွေ ၀မ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ ကျွန်တော်တို့တတွေ အမျှော်မစိုက်ကြဖို့ပဲ အရေးကြီးတာပါ။

အဲဒီလိုတစုံတခုဆီက စကားသံကြားလို့လဲ ကျွန်တော်တို့ စိတ်ဓါတ်တွေ ပျက်ပြားမသွားဖို့ အရေးကြီးပါ တယ်။ ကျွန်တော်တို့က ကာယကံရှင်တွေလေ။ ကျွန်တော်တို့က ဒီမှာ မိမိရဲ့ အလုပ်ကိုလည်း မိမိအာရုံစိုက်နေတယ် အဲဒီလိုဘဲ နိုင်ငံတကာအဖွဲ့အစည်းတွေ ပြင်ပက ၀န်းရံကြမဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျွန်တော်တို့ကတော့ ဂရုကတော့ အတန်အသင့် ဂရုစိုက်နေရ မှာပဲ။ မိမိလမ်းကြောင်းကို မိမိ ရည်ရွယ်ချက် မပျက်ဖို့ အရှိန်အဟုန် မပျက်ဖို့ တော့ အင်မတန်အရေးကြီးပါတယ်။ ကျွန်တော်တို့ကတော့ အမျှော်စိုက်သများတွေ မဟုတ်တဲ့အခါကျတော့ ဘယ်လိုပုဂ္ဂိုလ်၊ ဘယ်လိုအဖွဲ့အစည်းဖြစ်ဖြစ် မှန်ကန်တဲ့ အားပေးထောက်ခံမှု၊ မှန်ကန်တဲ့ တွန်းအားပေးရင်တော့ ကျွန်တော်တို့ ကြိုဆိုနေမှာပဲ။ အတိက်က ကျွန်တော်တို့ လုပ်ရမယ်ဆိုတဲ့ကိစ္စကိုလည်း ဘယ်တော့မှ မေ့သွားမှာ မဟုတ် ပါဘူး။

ပြည်ပက ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းမဆိုပါ ပြည်တွင်းကလည်း ထို့အတူပါ။ တစုံတခုကို ပြောဆိုပြီ တောင်းဆိုပြီဆိုတဲ့အခါမှာ အဲဒီနောက်မှာ အင်အားဘယ်လောက်ပါသလဲဆိုတာက ဒီကနေ့မှာ လက်တွေ့ကျတဲ့ ကိစ္စဖြစ်နေတယ်။ ကျွန်တော်တို့က ဘယ်မျှပဲဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စဖြစ်ပါစေ နောက်ကွယ်မှာ အင်အားမပါဘူးဆိုရင်တော့ ကျွန်တော်တို့ဆီမှာ အပြောင်းအလဲဖြစ်ဖို့က ခဲယဉ်းပါလိမ့်မယ်။ အဲဒီလိုပဲ အင်အားဆိုတဲ့နေရာမှာ ခြိမ်း ခြောက်မှုတွေရော သို့တည်းမဟုတ် မက်လုံးတွေရော နှစ်မျိုးလုံးကို ဆိုလိုတာပါ။

ထွက်လာပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ အတွေ့အကြုံရသမျှနဲ့ ဆက်စပ်ပြီးတော့ ကျွန်တော်တို့ လုပ်နိုင်သမျှတွေ ပြီးတော့ ကျွန်တော်တို့ရဲ့ မဟာမိတ်အင်အားစုတွေ လုပ်နိုင်သမျှကတော့ အရင်ကထက်စာရင်တော့ ရှေ့  ကိုတက်လာတယ်လို့ပဲ ကျွန်တော်တို့ မြင်တယ်။ သို့သော် အတိုင်းအတာအားဖြင့်တော့ အင်မတန် ခက်နေသေးတယ် သေချာတာတခုကတော့ နိုင်ငံတကာမိသားစုအလည်မှာ အရင်ကထက်စာရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့အရေးကိစ္စ၊ ဒီမိုကရေစီရေးကိစ္စ၊ ပိုမိုပြီးတော့ ထင်သာမြင်သာဖြစ်လာပြီး ပိုမိုပြီးတော့ အာရုံစိုက်ခြင်း ခံလာရပြီဆိုတာကတော့ သေချာတဲ့အချက်ပါ။ (ဗွီအိုအေ၊ ၄၊ ၈၊ ၂၀၀၆)။


























မေတ္တာရှင်၏လက်။


မေတ္တာရှင်၏လက်
ထာဝရ မှောက်လျှက်
ပေးသောလက်။

မေတ္တာငတ်သူ
လက်ဖြန့်ယူပါ။

မေတ္တာပေး၍
မေတ္တာပြန်ရခြင်း
မေတ္တာပြန်မရခြင်း
စဉ်းစားစရာအလုပ်
မေတ္တာရှင်အတွက်မဟုတ်။

မဆုတ်ယုတ်သော သဒ္ဒါ
မေတ္တာရှင်၏လက်
ထာဝရမှောက်လျှက်
ပေးသောလက် ။ ။

မင်းကိုနိုင်

(၁၁ ရက်၊ အောက်တိုဘာလ၊ ၂၀၀၆)။

No comments: