Monday, April 19, 2010

သတိလက်လွတ် ဖြစ်နေကြတာကို စက္ခုပါလမထေရ်လို အတွေးမှန် (သမ္မာသကပ္ပ) နဲ့  အမြင်မှန် (သမ္မာဒိဌိ) များ နှလုံးသွင်းစေချင်လို့ ပါ။
























“ရဟတ်ယဉ်ဖြင့် နေပြည်တော်ဝန်းကျင် လှည့်လှည်၍ နှစ်သစ်ဦးမင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ပွားသရဇ္ဈယ်? ပရိတ်ရေများဖြင့် ဖျန်းပက်မေတ္တာပို့သ” တဲ့၊ ၂၀၁၀ ဧပြီလ (၁၈) ရက်နေ့ ကြေးမုံသတင်းစာပါ သတင်းခေါင်းစဉ်လေးပါ။ ဖြစ်မှဖြစ်ရလေ။

ရဟတ်ယဉ်၊ နေပြည်တော်ဝန်းကျင်၊ အန္တရာယ်ကင်းပရိတ်တော်၊ ပရိတ်ရေ၊ မေတ္တာပို့သ။

ဖျက်ခနဲဆိုသလို ဆရာကြီးဦးရွှေအောင် ရေးသားပြုစုခဲ့သော ဓမ္မပ္ပဒစာအုပ်ပါ ယမကဝဂ်မှ စက္ခုပါလမထေရ် (မျက်စိမမြင်သော ရဟန္တာအရှင်) အကြောင်းမှ စာပိုဒ်တစ်ပိုဒ်ကို သွားသတိရမိသည်။ မြတ်ဗုဒ္ဓ၏ အလိုတော်အတိုင်း အကျင့်သီလဘာဝနာကို ထက်သန်ခိုင်မာသော အဓိဌာန်ဖြင့် ကျင့်ကြံနေထိုင်သွားသော ရဟန်းမြတ် စက္ခုပါလမထေရ်မြတ်ကြီး၏ မြင့်မြတ်သူတို့၏ ကျင့်စဉ်ကား လေးစားကြည်ညိုဖွယ်ပင် ဖြစ်သည်။

အဓိဌာန်နှင့်ကျင့်စဉ်ကို ခိုင်ခိုင်မာမာယုံကြည်စွာ သီလမပျက် ကျင့်ကြံခဲ့သော စက္ခုပါလမထေရ်မြတ်ကြီး လမ်းခရီး၌ ဘေးကင်းရန်ကင်းစိမ့်သောဌာ ညီတော်စူဌပါလသူကြွယ်က တူတော်ပါလိတကို သာမဏေပြုစေပြီး ထည့်ပေးလိုက်သည်။

ယူဇနာတစ်ရာ့နှစ်ဆယ်ဝေးရာ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်သို့  တူဝရီးနှစ်ယောက် လာကြရာလမ်းတွင် ထင်းခွေနေသော အမျိုးသမီးငယ်နှင့် သာမဏေတို့ မှောက်မှားကြ၏။

ယခုပင် သီချင်းသံကြား၏။ ယခုပင် သီချင်းလည်း ပျောက်၏။ သာမဏေသည်လည်း ကြာမြင့်၏။ သာမဏေနှင့် အမျိုးသမီးငယ်တို့သည် မှောက်မှားခြင်း ဖြစ်တန်ရာ၏။ သာမဏေသည်လည်း သီလပျက်စီးခြင်း ဖြစ်တန်ရာ၏ဟူ၍ စက္ခုပါလမထေရ် ဆင်ခြင်မိ၏။

သာမဏေသည် မိမိကိစ္စပြီး၍ ဦးရီးတော်ထံ ပြန်လာကာ ရှေ့ခရီးဆက်ရန် လျှောက်ထားသည်။ စက္ခုပါလမထေရ်သည် တူ သာမဏေအား မိမိ၏ တောင်ဝှေးကို အကိုင်မခံ နှင်ထုတ်၏။

သာမဏေကမူ မျက်စိနှစ်ဖက်ကွယ်နေသော ဦးရီးတော်မထေရ်သည် တောအုပ်အလယ်၌ ဒုက္ခရောက်မည်ကို စိုးရိမ်ပြီး အမျိုးမျိုးတောင်းပန်လျှောက်ထား၏။ စက္ခုပါလမထေရ်က လုံးဝခွင့်မပြုသောကြောင့် သာမဏေသည် ကြီးစွာသော နောင်တဖြင့် ငိုကြွေးမြည်တမ်းလျှက် ခွဲခွာကြရလေ၏။

ကိုယ်ကျိုးကိုယ့်စီးပွားကိုငဲ့၍ ကိုယ်ကျင့်သိက္ခာ မကောင်းသူများအား လျစ်လျှူရှုထားခြင်းနှင့် မိမိတို့ ယုံကြည်လိုက်နာနေသော လမ်းစဉ်များမှ သွေဖယ်ခြင်းသည် မြင့်မြတ်သူတို့၏ ကျင့်စဉ်မဟုတ်ဟူ၍ စက္ခုပါလမထေရ်က နမူနာပြ၏။

စက္ခုပါလမထေရ်မြတ်သည် အသက်ကို တန်ဖိုးမထား၊ လောက၌ ဓမ္မထွန်းကားရေးကိုသာ တန်ဖိုးထား၏။ နတ်သုဓ္ဓာတစ်တင်းခွဲ၌ မစင်တစ်ပဲ အရောမခံနိုင်သူ ဖြစ်၏။ ရှေးသူတော်ကောင်းတို့၏ ကျင့်စဉ်ကား ကြည်ညိုလေးစားဖွယ် အလွန်ကောင်းလှပေသည်။

အမှန်အားဖြင့် လူ့သမိုင်းဟူသည် ကျွန်တော်တို့၏ အတွေးနှင့်အမြင်တို့က ခင်းပေးသော လမ်းအတိုင်း လျှောက်နေကြရသော “ဘ၀ခရီးသည်တို့၏ ခရီးသွားမှတ်တမ်း” သာ ဖြစ်ပါ၏။

ထို့ကြောင့် အစုန်လမ်းနှင့် အဆန်လမ်း (သို့) လမ်းမှားနှင့် လမ်းမှန်ကို ရွေးရာတွင် လောက၌ “ဓမ္မ” ထွန်းကားရေးအတွက် ကျရောက်သမျှသော လောကဓံတရားများကို ကြံ့ကြံ့ခံကာ ပြတ်ပြတ်ထင်သော ရည်မှန်းချက်၊ မဆုတ်မနစ်သော ကြိုးပမ်းမှု၊ ခိုင်မာသော စိတ်ဓါတ်၊ လုံလောက်သော ဥာဏ်ပညာတို့ဖြင့် အသက်ကိုပင် မငဲ့ကွက်ဘဲ လမ်းမှန်ကို ရွေး၍ ဘ၀ခရီးလျှောက်ခဲ့သော စက္ခုပါလမထေရ်၏ အတွေးမှန် (သမ္မာသကပ္ပ) နှင့် အမြင်မှန် (သမ္မာဒိဌိ) ကို အစဉ်တစိုက် လေးစားကြည်ညို နှလုံးသွင်းထိုက်ပေသည်။

"ထိုယောက်ျားသည် အစွမ်းသတ္တိ မရှိ၊ အမျိုးယုတ်၏၊ နည်းသော ပညာရှိ၏၊ ကြီးကျယ်စွာသော မင်း၏ အဖြစ်ကို ရသော် တခဏခြင်းဖြင့် ဖောက်ပြန်၏၊ ပရိသတ်ကို ဖျက်ဆီး၏၊ ထိုသို့ မထိုက်တန်သော မင်းဆိုးမင်းညစ်အား ပြည်သူတို့က ညှဉ်းဆဲ နှိပ်စက်ရာသည်။ ပြည်သူတို့က အပြစ် ဒဏ်ခတ်ရသည်။ ပြည်သူပြည်သားတို့သည် ဥပဒေနှင့်အညီ မအုပ်ချုပ်သော အုပ်စိုးသူ မင်းတို့ကို အပြစ်ဒဏ် ပေးရမည်။ ထို့အပြင် မင်းကဲ့သို့ မကျင့်၊ ဓားပြကဲ့သို့ ကျင့်သော မင်းဆိုးမင်းယုတ်အားလည်း အုပ်ချုပ်ခွင့်ကို မပြုရာ” (မိလိန္ဒပဥှာ)။

(တင်ပြသူ - ကျောင်းသားတစ်ဦး)။

၁၉.ဧပြီလ.၂၀၁၀။

(ပေးပို့ လာသော အလင်းဆက်အား ကျေးဇူးတင်ရှိပါသည်)။

No comments: