ကလေးမြို့ မှ ပြည်သူတစ်ဦး ဖေါ်ပြလာသော ကလေးမြို့  လေယာဉ်ကွင်းကိစ္စ။
ကျွန်တော်တို့ စစ်ကိုင်းတိုင်း ကလေးမြို့ ပင်လုံရပ်ကွက်နယ်မြေ (၇) အချို့ ကို ဒီနေ့ 19-5-2010 မှ အမက (၉) ကျောင်းမှာ အစည်းအဝေး ခေါ်ပါတယ်။ အကြောင်းကတော့ လေယာဉ်ကွင်းချဲ့ ဖို့ ကျွန်တော်တို့ အိမ်တွေကို သိမ်းမှာမို့ ပါ။ အစည်းအဝေးခေါ်တယ်ဆိုပေမဲ့ သူတို့ ပြောတာကို နားထောင်ရတာပါ။ အဲဒီလို အိမ်တွေ သိမ်းတဲ့အထဲမှာ အိမ်ခြေပေါင်း ၁၁၅ အိမ်တောင်ပါတယ်ဗျာ။
အသိမ်းခံရတဲ့ အိမ်တွေကို ကလေးမြို့ အနောက်ဘက် တောင်ဖီလာတောင်ခြေ တောင်ဖီလာသချိုင်း အနီးမှာ နေရာပေးမယ်လို့ ဆိုပါတယ်။ လမ်းတွေ မြောင်းတွေတောင်ဖောက်ပြီးပြီ ဆိုပဲ။ အိမ်ရွေ့ ဖို့ က လွဲလို့ ဘာမှ မစဉ်းစားနဲ့ ရှေ့ပါတ်ထဲမှာ မြေကွက် မဲနှိုက်ပေးမယ်လို့ ဆိုပါတယ်။
နစ်နာကြေးကတော့ ဆောက်တဲ့ အိမ်အလိုက် ပေးသွားမယ်လို့ ဆိုပါတယ်။ ရီချင်စရာ မကောင်းဘူးလားဗျာ။ တစ်နေ့လုပ်မှ တစ်နေ့ စားရတဲ့ ကျွန်တော်တို့ က ဘယ်လို နဲ့ အိမ်ရွေ့ ဖို့ ငွေရှိမှာလဲဗျာ။ ငွေရှိတယ်ပဲ ထားဦး ဆောက်ပြီးမှ နစ်နာကြေှး ပေးမယ်ဆိုတာ ယုံနိုင်စရာ မရှိပါဘူး။
နှစ်ပေါင်းနှစ်ဆယ်လောက် အုပ်ချုပ်လာတဲ့ ဒီနအဖစကားကိုကျွန်တော်တို့ ဘယ်လိုယုံမှာလဲ။ တကယ်လို့များ တစ်ယောက်က တတ်နိုင်လို့ ဆယ်ထပ်တိုက်ကြီး ဆောက်ရင် သူတို့ က အဲဒီအတိုင်းပေးမှာလား။
ကျွန်တော်တို့ ရပ်ကွက်မှာ ပျဉ်ထောင်အိမ်ကလေး၊ ၀ါးကပ်အိမ်ကလေးတွေ ရှိသလို တိုက်နဲ့ တာနဲ့ သိန်းပေါင်း လေးငါးဆယ်ပေးရင်တောင် မရောင်းတဲ့ အိမ်တွေလည်း မနည်းပါဘူး။ အဲဒီ အိမ်တွေကို ဘယ်လိုလုပ်မှာလဲ။ ပြီးတော့ မြို့ လည်ဖြစ်တဲ့အတွက် လက်လုပ်လက်စားတွေ အလုပ်သွား အလုပ်ပြန်ဖို့ အဆင်ပြေပါတယ်။ အခုရွေ့ နေ ရမဲ့ မြို့ပြင်သချိုင်းနားမှာ ဘာတွေ လုပ်စားရမှာလဲ။ အိမ်ခြေ ရာကျော် လူဦးရေ ၆၀၀ ခန့် ဟာ ဒုက္ခရောက်တော့မှာ အမှန်ပါပဲ။
ဒီကလေးမြို့ လေယဉ်ကွင်းဟာ ကလေးမြို့ ရဲ့ အလယ်တည့်တည့်မှာ ရှိနေတာပါ။ မြို့ ရဲ့ အစည်ဆုံးနေရာဖြစ်တဲ့ လမ်းဆုံ ဗန္ဒုလကြေးရုပ် ဟာ လေယဉ်ကွင်းရဲ့ အရှေ့ တောင်ဖက် ကပ်လျက် ပါ။ မြို့ လယ်မှာ လေယဉ်ကွင်းရှိတာ ဘယ်နှစ်မြို့ များ ကြားဘူးလို့ လဲ ဗျာ။ လေဆိပ်ရုံးဟာ ဗိုလ်ချုပ်လမ်းပေါ်မှာ ဖြစ်တဲ့အတွက် လေယဉ်ဆိုက်ချိန်မှာ ခရီးသည်၊ ကား၊ ဆိုင်ကယ်တွေနဲ့ တအားရှုပ်ပါတယ်။ နအဖအနေနဲ့ ကျွန်တော်တို့ ကို ရွေ့ ခိုင်းမယ့် အစား ဒီလေ ယဉ်ကွင်းကို အကွက်ရိုက်ပြီး မြို့ ပြင်မှာ ပဲ အသစ်လုပ်သင့် ပါတယ်။ အဲဒီလိုဆိုရင် မြို့ နေလူထု ရော ၊ တက္ကစီ သမားတွေပါ အဆင်ပိုပြေကြမှာပါ။
အခုသိမ်းမယ့် အကွက်ဟာ ချင်းလူမျိုးတွေချည်း နေတာပါ။ တကယ်လို့ ဗမာရပ်ကွက်ဆိုရင်ရော သိမ်းပါ့ မလား ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး ဒို့အရေး လို့ ကြွေး ကြော်နေတဲ့ ၂၀၁၀ ရွေး ကောက်ပွဲ ကျင်းပမယ်၊ ဒီမိုကရေစီရမယ်လို့ အသံကောင်းဟစ်နေတဲ့ ဒီနအဖကို ကျွန်တော်တို့ ဘယ်လို နားလည် ဘယ်လိုယုံကြည်ရမှာလဲဗျာ။
ကလေးမြို့ က ကလေးသား ပြည်သူတစ်ဦး
ပင်လုံရပ်ကွက်၊ ကလေးမြို့။
No comments:
Post a Comment