Thursday, June 24, 2010

လွိုင်ကော်သူ လွိုင်ကော်သားတွေကို ဒုက္ခပေးနေသော နအဖလက်အောက်ခံများကြောင့် လွိုင်ကော်ပြည်သူများမှ ရင်ဖွင့်ပြောကြားချက်။

လွိုင်ကော်မြို့ မှာ လိုင်စင်မဲ့ကားတွေ ဆိုင်ကယ်တွေ စဖမ်းနေပါတယ်။ ဒီကနေ့ ခရစ်ယာန် (ကက်သလစ်ဘုရားကျောင်း) ပိုင်ဖောဝီး ကားနှစ်စီးကို ဖမ်းလိုက်ပါတယ်။ “ဒီကားတွေကို သူတို့ စစ်တပ်တွေက အမြဲ ငှားနေကျပါပဲ၊ ဘာသဘောလဲတော့ မသိဘူး” လို့ ခရစ်ယာန်ကျောင်း နီးစပ်သူ တစ်ဦးက ပြောပြပါတယ်။

ငြိမ်းချမ်းရေးယောင်ယောင်အဖွဲ့အစည်းတွေရဲ့ ယာဉ်တွေကိုတော့ ဖမ်းတာ မကြားသေးဘူး လို့လဲ ပြောပါတယ်။ သူက ဆက်ပြောရာမှာ “ လိုင်စင်လုပ်ပေးရက်နဲ့ မလုပ်လို့ ဖမ်းတယ်ဆိုထားပါ၊ လိုင်စင်လဲ မလုပ်ပေးဘဲ ဖမ်းတယ်ဆိုတာ တမျိုးကြီးပါပဲ“ လို့ မကျေမနပ် ပြောပြပါတယ်။

ဆိုင်ကယ်တွေလဲ အဖမ်းခံထားရပါတယ်။ လိုင်စင်မရှိဘဲ အဖမ်းခံထားရရင် ဆိုင်ကယ်ရဲ့ တန်ရာတန်ကြေးထက် ၂ ဆပိုပေးပြီး ရွေးခိုင်းပါတယ်။ ဆိုင်ကယ်တွေကို လိုင်စင်တော့ လုပ်ပေးပါတယ်။ လေးသိန်းလောက်တန်တဲ့ တရုတ်ဆိုင်ကယ်ကို လိုင်စင်လုပ်ရင် ၂သိန်းကျော် တောင်းပါတယ်။

၁၅၊ ၁၆သိန်းလောက်တန်တဲ့ ယိုးဒယားဘီးတွေဆို ၉ သိန်းထိပေးပြီး လိုင်စင် လုပ်ယူရပါတယ်။ များသော အားဖြင့် တော်ရုံတန်ရုံဆို မလုပ်နိုင်ကြပါဘူး။ ကျောင်းတက်ချိန်နဲ့ လယ်ယာခွင်ဝင်လို့ ကုန်ကျမျာနေတဲ့အချိန်ပါ။ ကျောင်းသားတွေထဲကလဲ လိုင်စင်မဲ့တွေပဲ သုံးပါတယ်။ အခု ဒီလိုဖြစ်တော့ သွားလာရ ကသိကအောက်ဖြစ်လွန်းလို့ ပြည်သူတွေ အတော့်ကို ဒေါသဖြစ်နေကြပါတယ်။

“တော်ရုံ တန်ရုံလုပ်၊ တရားဝင်လုပ်၊ ဟုတ်ပြီ ကျတော်တို့ လိုက်မယ်။ ဒါပေမယ့် ခုပုံက သက်သက်ညစ်တာ၊ ညစ်ပတ်တာ၊ ကလိန်ကျတာ၊ ဗိုလ်ကျတာ၊ လုံးဝ မခံနိုင်ဘူး၊ ဒီနေ့ ကျတော် ကျောင်းမသွားဘူး၊ ကျောင်းနဲ့ အိမ်က အဝေးကြီး၊ ဆိုင်ကယ်ကိုလဲ ဒီတိုင်းပဲ ထိုးထားရတယ်၊ ဆိုင်ကယ်တစီးစာ လိုင်စင်လုပ်ဖို့မပြောနဲ့ ဒါလေး ၀ယ်ရဖို့ ကျောင်းတက်ရဖို့ တောင် မနဲ ကြိုးစားရတာ၊“ လို့ တက္ကသိုလ် ကျောင်းသားတစ်ဦးက ခံပြင်းစွာ ပြောပြပါတယ်။

“သူတို့တွေကတော့ ဥပဒေ၊ လိုင်စင်၊ တရားဝင်တွေ လျှောက်ပြောနေတာပါ၊ သူတို့ စစ်ဖမ်းတဲ့ ဂိတ်က လိုင်စင်မဲ့ အခွန်ကောက်ယောင်ဆောင် ဓားပြတွေကျတော့ ဒီအတိုင်းလွတ်ထားတာ၊ အဲဒါသူတို့ ဘာပြောမလဲ” လို့ ဂိတ်ကို အမြဲ ဖြတ်ရလေ့ရှိတဲ့ ကုန်သည် တစ်ဦးက ပြောပါတယ်။
လွိုင်ကော်မှာလဲ ဒီအခွန်ကောက် ဂိတ်တွေက ပြသနာပါ။ လွိုင်ကော်အ၀င်မှာ (၁) ဂိတ်၊ အထွက်မှာ (၁) ဂိတ်၊ ဒီးမော့ဆိုမှာ (၁) ဂိတ်၊ ဒေါငံခါးအထွက်မှာ (၁)ဂိတ်၊ ဖရူဆိုမှာ (၁)ဂိတ်၊ ဖရူဆိုဈေးနေ့မှာ ဆိုရင် ရွေ့ပြောင်းလို့ရတဲ့ ဂိတ်နဲ့ နောက်ထပ် တစ်ဂိတ်ထားပြီး ရဲမိန်းမတွေ၊ စစ်တပ်က မိန်းမတွေ လုပ်စား ဓားပြတိုက်နေပါတယ်။

ဒီဂိတ်တွေက မိုင် (၂၀) အတွင်းမှာ ရှိကြတာပါ။ ဒီဂိတ်တွေကို ဖြတ်ပြီး နေ့စဉ် သွားလာနေရတဲ့ သူတွေအတွက်တော့ ငရဲပါပဲ။. ”ဒီအတိုင်းဆိုရင် လူတွေ ပေါက်ကွဲဖို့ပဲ ကျန်တော့တယ်“လို့ ရောင်းဝယ်ရေးလုပ်နေတဲ့ အသက်(၄၀)အရွယ် ဦးလေးက ဆိုပါတယ်။

“သူကိုယ်တိုင်ကတောင် လိုင်စင်မရှိလို့၊ တရားမ၀င်လို့ လိုင်စင်မရ ရအောင် ကြိုးစားနေတဲ့ နအဖနဲ့ သူ့လက်ကိုင်ဒုတ်တွေကများ ပြည်သူကို လိုင်စင်မဲ့၊ တရားမ၀င်ဆိုပြီး အော်နေတာ သူတို့မလို့ မရှက်တာထက် လုပ်ရဲတာ။ ဒီလို အနိုင်ကျင့်ဖို့ဆိုရင်လဲ လိုင်စင်ကို အဆမတန် ဈေးမြင့်ပြီး လုပ်ခိုင်း၊ ဒါမှမဟုတ် လုံးဝမလုပ်ပေးပဲ ပြည်သူကို အပြစ်ရှိအောင်ထား၊ ပြီး သူတို့လုပ်ချင်ရာလုပ်။ .. လုပ်ချင်တာ လုပ်ပြီး ၀ါးချင်သလောက် ၀ါးနေကျ ... ၀အောင်သာ စားထား .... ငါတို့လဲ လုပ်ချင်တာရှိရင် လုပ်ရမှာပဲ”...လို့ စကားဝိုင်းက သူငယ်ချင်းတယောက်က တောက်ခေါက်ပြီး ပြောခဲ့ပါတယ်။

ခုချိန်မှာ လွိုင်ကော်က ပြည်သူတွေ ဒီလိုင်စင်မရှိ၊ တရားမ၀င် ဆိုတာနဲ့ ပတ်သက်ပြီး အတော်လေး ဒေါသထွက်နေကြပါတယ်။ ကျောင်းသွား၊ အလုပ်သွား၊ အားလုံးထိခိုက်ပါတယ်။ အစိုးရရုံးတွေ အဖွဲ့တွေက တရားမ၀င် တောင်းခံ၊ ကောက်ခံ၊ ဗိုလ်ကျ၊ လုပ်စား နေတာတွေကိုတော့ ဘယ်သူမှ ၀င်ဖမ်းတာ မတွေ့ရသေးပါဘူး။

ဘာဆက်ဖြစ်လာမလဲဆိုတာတော့ မသိသေးဘူး။ အခြေနေတော့ သိပ်မကောင်းဘူး။ လွိုင်ကော် အ၀င်နားလေးမှာပုံထားတဲ့ ကျွန်းသစ်အပုံတွေလဲ လျှော့သွားလိုက် ပြန်ပုံလာလိုက်နဲ့ ခုဆိုရင် ကျွန်းပင် အမြစ်တွေပါ ပုံထားတာ တွေ့ရတော့ ပြည်သူတွေ အတော့်ကို ခံပြင်း ဒေါသထွက်နေကြပါတယ်။

(လွိုင်ကော်ပြည်သူများမှ ရင်ဖွင့်ပြောကြားချက်)။

No comments: