မျက်မမြင်များနဲ့  ဆင်အကြောင်း။
တခါတပါးက သာဝတ္ထိပြည်၌ တစ်ဦးသော မင်း (ဘုရင်) သည် မင်းချင်းယောက်ျားတစ်ယောက်ကို “အချင်းယောက်ျား လာလော့၊ သာဝတ္ထိပြည်၌ ရှိကြသည့် မွေးရာပါ သူကန်း (မျက်စိမမြင်သူ) အားလုံးကို တပေါင်းတည်း စုဝေးစေလော့” ဟု အမိန့်ပေး၏။
ထိုမင်းချင်းယောက်ျားသည် “အရှင်မင်းကြီး၊ ကောင်းပါပြီ” ဟု ထိုမင်း၏ စကားကို နာခံ၍ သာဝတ္ထိပြည်တွင်းရှိ မျက်မမြင်အားလုံးကို ခေါ်ယူ၍ မင်းကြီးကို “အရှင်မင်းကြီး၊ သာဝတ္ထိရှိ မျက်မမြင်အားလုံးတို့ကို စုရုံးထားရှိပြီးပါပြီ” ဟု သံတော်ဦးတင်၏။
“အချင်းယောက်ျား၊ ထိုသို့ဖြစ်လျင် မျက်မမြင်တို့အား ဆင်ကို ပြလော့” ဟု အမိန့်ပေး၏။
ထိုမင်းချင်ယောက်ျားသည် “အရှင်မင်းကြီး၊ ကောင်းပါပြီ” ဟု ထိုမင်းကြီး၏ စကားကို ၀န်ခံ၍ သူကန်းတို့အား ဆင်ကိုပြ၏။
“မျက်မမြင်တို့၊ ဆင်ကား ဤသို့သဘောရှိ၏” ဟု မျက်မမြင်အချို့ အား ဆင်၏ ဦးခေါင်းကို ပြ၏။
“မျက်မမြင်တို့၊ ဆင်ကား ဤသို့သဘောရှိ၏” ဟု မျက်မမြင်အချို့ အား ဆင်၏ နားကို ပြ၏။
“မျက်မမြင်တို့၊ ဆင်ကား ဤသို့သဘောရှိ၏” ဟု မျက်မမြင်အချို့ အား ဆင်၏ အစွယ်ကို ပြ၏။
“မျက်မမြင်တို့၊ ဆင်ကား ဤသို့သဘောရှိ၏” ဟု မျက်မမြင်အချို့ အား ဆင်၏ နှာမောင်းကို ပြ၏၊။
“မျက်မမြင်တို့၊ ဆင်ကား ဤသို့သဘောရှိ၏” ဟု မျက်မမြင်အချို့ အား ဆင်၏ ကိုယ်ကို ပြ၏၊။
“မျက်မမြင်တို့၊ ဆင်ကား ဤသို့သဘောရှိ၏” ဟု မျက်မမြင်အချို့ အား ဆင်၏ ခြေထောက်ကို ပြ၏၊။
“မျက်မမြင်တို့၊ ဆင်ကား ဤသို့သဘောရှိ၏” ဟု မျက်မမြင်အချို့ အား ဆင်၏ ပေါင်ကို ပြ၏၊။
“မျက်မမြင်တို့၊ ဆင်ကား ဤသို့သဘောရှိ၏” ဟု မျက်မမြင်အချို့ အား ဆင်၏ အမြီးကို ပြ၏၊။
“မျက်မမြင်တို့၊ ဆင်ကား ဤသို့သဘောရှိ၏” ဟု မျက်မမြင်အချို့ အား ဆင်၏ အမြီး၌ ပေါက်သော အမွှေးကို ပြ၏၊
ထို့နောက် မင်းချင်းယောက်ျားသည် သူကန်းတို့အား ဆင်ကို ပြပြီးလျှင် ထိုမင်းရှိရာသို့ ချဉ်းကပ်၍ ထိုမင်းကို၊ “အရှင်မင်းကြီး ထိုသူကန်းတို့သည် ဆင်ကို တွေ့မြင်အပ်ပါပြီ၊ ယခုအခါ ပြန်ရန်အချိန်အခါကို သိတော်မူပါလော့” ဟု လျှောက်၏။
ထို့နောက် ထိုမင်းကြီးသည် ထိုသူကန်းတို့ထံသို့ ချဉ်းကပ်လျက် ထိုသူကန်းတို့ကို “သူကန်းတို့၊ သင်တို့သည် ဆင်ကို မြင်ကြကုန်ပြီလော” ဟု မိန့်တော်မူ၏။
“အရှင်မင်းကြီး မှန်ပါ၏။ အကျွန်ုပ်တို့သည် ဆင်ကို မြင်ဘူးပါကုန်ပြီ” ဟု သံတော်ဦးတင်ကြကုန်၏။
သူကန်းတို့ ပြောကြကုန်လော့။ ဆင်ကား မည်သို့သဘော (မည်သည့်ပုံ) ရှိသနည်း ဟု မိန့်၏။
ဆင်၏ ဦးခေါင်းကို စမ်းသပ်မိသော သူကန်းတို့က “အရှင်မင်းကြီးဆင်သည် ရေအိုးနှင့်တူပါ၏” ဟု သံတော်ဦးတင်ကုန်၏။
ဆင်၏ နားရွက်ကို စမ်းသပ်မိသော သူကန်းတို့က “အရှင်မင်းကြီးဆင်သည် ဗန်းဆန်ကောနှင့်တူပါ၏” ဟု သံတော်ဦးတင်ကုန်၏။
ဆင်၏ အစွယ်ကို စမ်းသပ်မိသော သူကန်းတို့က “အရှင်မင်းကြီးဆင်သည် ထွန်သွားနှင့်တူပါ၏” ဟု သံတော်ဦးတင်ကုန်၏။
ဆင်၏ နှာမောင်းကို စမ်းသပ်မိသော သူကန်းတို့က “အရှင်မင်းကြီးဆင်သည် ထွန်သံနှင့်တူပါ၏” ဟု သံတော်ဦးတင်ကုန်၏။
ဆင်၏ ကိုယ်ကို စမ်းသပ်မိသော သူကန်းတို့က “အရှင်မင်းကြီးဆင်သည် နံရံနှင့်တူပါ၏” ဟု သံတော်ဦးတင်ကုန်၏။
ဆင်၏ ခြေထောက်ကို စမ်းသပ်မိသော သူကန်းတို့က “အရှင်မင်းကြီးဆင်သည် တိုင်လုံးနှင့်တူပါ၏” ဟု သံတော်ဦးတင်ကုန်၏။
ဆင်၏ ပေါင်ကို စမ်းသပ်မိသော သူကန်းတို့က “အရှင်မင်းကြီးဆင်သည် လက်ဆုံနှင့်တူပါ၏” ဟု သံတော်ဦးတင်ကုန်၏။
ဆင်၏ အမြီးကို စမ်းသပ်မိသော သူကန်းတို့က “အရှင်မင်းကြီးဆင်သည် ကျီပွေ့နှင့်တူပါ၏” ဟု သံတော်ဦးတင်ကုန်၏။
ဆင်၏ အမြီး၌ပေါက်သောအမွှေးကို စမ်းသပ်မိသော သူကန်းတို့က “အရှင်မင်းကြီးဆင်သည် တံမြက်စည်းနှင့်တူပါ၏” ဟု သံတော်ဦးတင်ကုန်၏။
ထိုသူကန်းသည် “ဆင်သည် ဤသဘောရှိ၏။ ဆင်သည် ဤသဘော မရှိ။ ဤသဘောရှိသည်ကား ဆင်မဟုတ်၊ ဤသဘောရှိသည်ကား ဆင်ဖြစ်သည်ဟု အချင်းချင်း ငြင်းခုံကြ၏။
(ပထမ နာနာတိတ္ထိယသုတ် ပါ မျက်မမြင်သူမျာနဲ့  ဆင်စမ်းသပ်မှု ဖြစ်ပါတယ်)။
No comments:
Post a Comment