Tuesday, June 29, 2010

ဆင်ကြံကြံ ကြံလေ့ရှိသူ ဆင်မဲကြီး သန်းရွှေတို့ အတွက် ဆင်စကားလုံးများ။


















မကြာခင်က ဖမ်းဆီးရမိပါတယ်ဆိုတဲ့ ဆင်ဖြူတော်လို့  ပြောနေကြတဲ့ ဆင်ကို အကြောင်းပြုပြီး “ဆင်ဖြူတော်မှီပြီး ကြံစုတ်ကြ” မယ့်သူတွေကတော့ ထုံးစံအတိုင်း ဆင်ဖြူရှင်ရူး သန်းရွှေနဲ့  ဆင်ဖြူမရှင်ရူး ကြိုင်ကြိုင်တို့ အနားမှာ မြှောက်ပင့်ခစားနေကြတဲ့သူများဘဲ ဖြစ်ပါတယ်။

သန်းရွှေရဲ့  အနီးအနားမှာ ရှိနေသူတွေတင်မကဖူး လက်အောက်ငယ်သား လက်ပါးစေ နအဖဗိုလ်ချူပ်များနဲ့  ၀န်ကြီးအပေါင်းတို့ ဟာလည်း “ဆင်အ၀ှါ ခွေးမျှော်သလို” ဒီဆင်ဖြူတော်လို့  ပြောနေတဲ့ ဆင်ဖမ်းမိရမိတာကြောင့် ဆုလာဘ် ချီးမြှောက်မှုများရမလားလို့  တွေးပျော်မိနေကြမှာပါ။

မကြာခင်ကာလမှာ သန်းရွှေတို့  မိသားစုအဆွေအမျိုးတွေကတော့ ရှေ့ က အာဏာရှင်နေ၀င်းသေပြီးနောက် နေ၀င်းသားသမီးတွေ ဒုက္ခရောက်ကြသလိုဘဲ သန်းရွှေတို့  သားသမီးမြေးမြစ်တွေလည်း “ဆင်စီး၍ မြင်းရံ” မခံရဘဲ ဆင်နင်း၍ ခွေးကန်ကန်ခံရမှာ မလွဲပါဖူး။

တကယ်တမ်းကြတော့ ဆင်မဲဟာ အာဏာရူးကြီး သန်းရွှေဘဲ ဖြစ်ပါတယ်။ သူရဲ့  အာဏာတည်မြဲရေးအတွက် တိုင်းပြည်နဲ့ လူမျိုးအပေါ် ဘယ်လို ရက်စက်ယုတ်မာရမလည်း၊ မိမိရာထူးနေရာ မြဲမြံဖို့ အတွက် ဘယ်သူသေသေ ငတေမာရင်ပြီးရော စစ်တပ်အတွင်းမှာဘဲ ဖြုတ်ထုတ်ရှင်း လုပ်တဲ့ ကောက်ကျစ်စဉ်းလဲတဲ့ သန်းရွှေဟာ အချိန်စက္ကန့် နဲ့  အမျှ “ဆင်ကြံကြံ” နေတဲ့ ယုတ်မာသူဖြစ်လို့  ဆင်မဲကြီး သန်းရွှေ ဖြစ်ပါတယ်။

ဒါကြောင့်မို့ လည်း အရည်အချင်းပြည့်ဝစွာနဲ့  ရိုးသားတည်ကြည်ဖြောင့်မတ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့  တိုင်းပြည်အကျိုးကို မှန်ကန်စွာ ဆောင်ရွက်ကြိုးပမ်းနေကြသူတွေနဲ့  စစ်မှန်တဲ့တွေ့ ဆုံဆွေးနွေးမှုကို မပြုရဲတဲ့ “ဆင်ဖြူမျက်နှာ ဆင်မဲ မကြည့်ဝံ့” တဲ့ ဆင်မဲကြီး သန်းရွှေ ဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်က တပ်မတော်ထဲက စစ်သားများအပါအ၀င် တစ်တိုင်းပြည်လုံးက ၈၂% ရာခိုင်နှုန်းကျော် တစ်ခဲနက် ထောက်ခံမဲပေးခဲ့ကြလို့  အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်အပါအ၀င် ပြည်သူက ရွေးချယ်တင်မြှောက်ပေးခဲ့တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေကို ပြည်သူ့ အာဏာလွှဲပေးရမှာကို “ဆင်ခြေဆင်လက်များ” ပေး အကြောင်းအမျိုးမျိုးပြ အချိန်များများဆွဲပြီး နေခဲ့တဲ့ ကမ္ဘာကျော် လူလိမ်ကြီး သန်းရွှေ ဖြစ်ပါတယ်။

ဒီ လူလိမ်ကြီး သန်းရွှေဟာ သူဘို့  အာဏာတည်မြဲရေးအတွက် မျက်နှာပြောင်တိုက်ကာ ရိုင်းစိုင်းမှုအပေါင်းကို သရဖူးဆောင်းပြီး “ဆင်ကန်းတောတိုးသလို” ထင်ရာစိုင်း ရမ်းကားနေတာ ဖြစ်ပါတယ်။ ဒီလို လှည့်ဖြားပြောဆိုနေတာတွေကိုလည်း ပြည်တွင်းပြည်ပ မီဒီယာအပေါင်းက မေးခွန်းတွေထုတ် ရှင်းလင်းခိုင်းရင်လည်း နအဖလူညာတစ်သိုက်ဟာ “ဆင်ဝှေ့ ရန်ရှောင်” ဆိုသလို အမှန်တွေကို ဖုံးကွယ်ပြီး မုသာဝါဒစကားတွေနဲ့  ပြောဆိုကြပါတယ်။

သန်းရွှေတို့ အနေနဲ့  ဘယ်လိုဘဲ လိမ်ညာလိမ်ညာ၊ ဘယ်လောက်ဘဲ ဟန်ဆောင်လှည့်ဖြားမှုတွေ လုပ်ပြလုပ်ပြ မြန်မာပြည်သူလူထုကြီးနဲ့  နိုင်ငံတကာပြည်သူတွေက နအဖအာဏာရူးတွေ ဘယ်လို ခြေလှမ်းလှမ်းကြတယ် ဘယ်လို အကွက်ဆင် ထွင်ကြသလည်းဆိုတာ “လယ်ပြင်မှာ ဆင်သွားသလို” ထင်ထင်ရှားရှားကြီးပါ။ နအဖတို့  ရဲ့  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကြီးဟာ တရားဝင်နအဖအစိုးရဖြစ်ဖို့  အကွက်ကျကျ လုပ်နေတာဆိုတာနဲ့  ၁၉၉၀ ခုနှစ် ပြည်သူ့ အောင်ပွဲရရှိခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို “ဆင်သေကို ဆိတ်ရေနဲ့ဖုံး၍မရ” ဖူးဆိုတာလို သိထားကြဖို့ ပါ။

တကယ်တော့ “ကျားနဲ့ ဆင် လယ်ပြင်မှာတွေ့ ” သလို ပြည်သူတွေအနေနဲ့  သန်းရွှေတို့  ကို ရဲရင့်ပြတ်သားစွာ ရင်ဆိုင် တိုက်ပွဲဆင်နွဲကြရမှာပါ။ မြန်မာပြည်သူတွေအနေနဲ့  ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့  မဆလတစ်ပါတီအာဏာရှင်စနစ်ကို တွန်းလှန်ဆန့် ကျင်နိုင်ခဲ့ကြတာ၊ ၁၉၉၀ ခုနှစ် ပြည်သူ့ ဆန္ဒမှန်ကို တစ်ခဲနက် ထုတ်ဖေါ်ပြသနိုင်ခဲ့ကြတာ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ကမ္ဘာတစ်ဝှမ်းလုံး တုန်လှုပ် ထောက်ခံအားပေး ချီးမွန်းဂုဏ်ပြုခံခဲ့ကြရတာတွေကို လက်လွတ်စပယ်မလုပ်ကြ မမေ့လျောကြဘဲ အခု အရေးကြီးဆုံးအချိန်အခါဖြစ်တဲ့ ၂၀၁၀ ခုနှစ် တိုက်ပွဲကာလကြမှ “ဆင်ပြောင်ကြီး အမြှီးတစ်သလို” အဖြစ်မခံဘဲ လက်တစ်ကမ်းအလိုမှာ ရနိုင်တဲ့ အောင်ပွဲအတွက် နိုးကြားထကြွ အင်တိုက်အားတိုက် အုံကြွတော်လှန်ကြဖို့  အထူးလိုအပ်တယ်ဆိုတာကို ပြောကြားလိုပါတယ်။

No comments: