Friday, July 23, 2010

မြန်မာပြည်သူတွေ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဦးညွှတ်အလေးပြုဖို့ သွားတာကြတော့ လုံခြုံရေး အကြောင်းပြပြီး နအဖတွေ စစ်ဆေးမေးမြန်းလိုက်ကြတာ။

ဒီနှစ်လည်း အာဇာနည်ဗိမာန်ကို အလေးပြုဖို့  ရောက်ခဲ့ပြန်ပါတယ်။

ဒီနှစ်တော့ တမျိုးဖြစ်နေပါတယ်။ မြောက်ဖက်မုခ်ဖက်က ၀င်နေကျ လမ်းကနေ အရှေ့ဖက်ကို ပြန်သွားပြီးမှ အရှေ့ဖက်မုခ်ကနေတဆင့် ၀င်ရပါတယ်။ မနက် (၁၁) နာရီခွဲအချိန်မှာ ရွှေဂုန်တိုင်ကိုရောက်ပြီး လျှောက်လိုက်ရတဲ့ လမ်း အရှေ့ ဖက်မုခ်ရောက်တော့ ၀င်ရောက်အလေးပြုကြမည့်သူများ အ၀တ်တထည်ကိုယ်တခုနဲ့ ဘဲ ၀င်ခွင့်ပြုပါသတဲ့။

မနှစ်တုန်းကတော့ သူတို့ နအဖလူတွေ စစ်ဆေးပြီးတာနဲ့ လက်ကိုင်ဖုန်း ခွင့်မပြုတာကလွဲလို့ ၀င်လို့ ရပါတယ်။ ခုနှစ်တော့ ဟိုလွန်ခဲ့တဲ့နှစ်များတုန်းကကဲ့သို့  ပြန်ဖြစ်သွားပါတယ်။ အဲဒီတော့ လာကြတဲ့သူတွေထဲက ကိုယ့်လူကို ပစ္စည်းအစောင့်အဖြစ် ထားခဲ့ကြရပါတယ်။ တယောက်ထဲလာကြတဲ့သူများတော့ ပြန်ချင်သပဆိုလည်း ပြန်ကြပေရော့။

သူတို့  နအဖလူတွေမှာက စစ်ဆေးတဲ့ အလုပ်ကလွဲလို့ ဘာမှ တာဝန်မယူရပါဖူး။ စစ်ဆေးမေးမြန်းလိုက်တာတော့ ဂိတ်က (၃) နေရာကြီးများတောင် ဖြစ်ပါတယ်။ ကလေး ဘယ်နှစ်ယောက် လူကြီး ကျား မ ခွဲခြားပြီးတော့ကို တနေရာနဲ့ တနေရာကို သတင်းပို့  ဟိုတစ်ဖက်က လွှတ်ဆိုမှ (၅) ယောက် တစ်တွဲဝင်ရပါတယ်။ ဒါတောင် တပြိုင်နက်ထဲ ၀င်လို့ ရတာ မဟုတ်ပါ။ အဲဒီ (၅) ယောက်က ဟိုးရှေ့တော်တော်လှမ်းလှမ်းရောက်မှ နောက်က (၅) ယောက်က ထပ်ဝင်သွားရပါတယ်။

စစ်လိုက်ဆေးလိုက်တာကလည်း အိမ်ထောင်စုစာရင်းမိတ္တူ မတောင်းတာ တခုဘဲ ကျန်တော့တယ်။ အလုပ်အကိုင်က အစ မှတ်ပုံတင်အမှတ် နေရပ်လိပ်စာ အဖ အမည် အားလုံးရေးမှတ်တဲ့လူက မှတ်၊ ဓါတ်ပုံရိုက်တဲ့သူတွေကလည်း မလွတ်တမ်း ရိုက်နေလိုက်ကြတာ ကိုယ့်ကိုကိုယ်တောင် ဘ၀င်မြင့်ချင်စိတ်ပေါက်လာရအောင်ပါဘဲ သူတို့  လုပ်နေပုံတွေကြောင့် ပြောတာပါ။ အာဇာနည်ကြီးများကို အလေးပြုဖို့ သွားတာ သူတို့ နအဖလူတွေကြောင့် အနှောင့်အယှက် အများကြီး ဖြစ်ရပါတယ်။

အတူရပ်ပြီး တန်းစီတဲ့အထဲက လူရွယ်တယောက်ဆို လုပ်ပါစေအမရယ် တော်ကြာ ကျွန်တော်တို့ကို ခြေသလုံးဖက်တောင်းပန်အုံးမှာတဲ့။ အကောင်းမြင်လိုက်ပါတဲ့။ အဲဒီလောက် မတောင်းပန်ပါနဲ့ကွာ ကြေအေးပါတယ်လို့ ပြောရအုံးမှာတဲ့ဆိုပြီး နောက်သလိုလိုနဲ့  ရွဲ့ ပြောပါတယ်။

ထူးထူးခြားခြား ကျွန်မတို့ နောက်မှာ တန်းစီနေတာက အမေရိကန်သံရုံးဝန်ထမ်း နှစ်ယောက်ပါ။ အမျိုးသားတစ်ယောက် အမျိုးသမီးတယောက်။ တယောက်က မြန်မာလို တော်တော်ပြောတတ်နေပါပြီ။ နိုင်ငံခြားသားတွေရှေ့မှာ ကိုယ့်တိုင်းပြည်က အာဇာနည်ပုဂ္ဂိုလ်တွေကို လာအလေးပြုတာ ဒီလောက်ခက်ခက်ခဲခဲ ဖြစ်နေတာတွေကို သူတို့ မြင်သွားတော့ ဘယ်လိုတွေးကြမလဲ မသိပါ။

ဒါနဲ့ ဘာလို့ လာအလေးပြုတာလဲလို့  သူတို့ ကို မေးကြည့်တော့ အမျိုးသားက ကျွန်တော်က ဗိုလ်ချုပ်အောင်ဆန်းကို လေးစားပါတယ်။ မြန်မာ့သမိုင်းကိုလဲ စိတ်ဝင်စားတယ်။ ဗိုလ်ချုပ်အောင်ဆန်းအိမ်ကိုလဲ ရောက်ခဲ့ပါပြီ။ လူတွေ များပါတယ်။ ဒီနေ့ တနေ့ ဘဲ ဖွင့်တာမို့ ကျွန်တော်တို့ သွားခဲ့ပါတယ်လို့  ပြောပြပါတယ်။ ကျွန်မတော့ ပြောလိုက်ပါတယ်။ ရှင်ဒီလိုပြောတဲ့အတွက် ၀မ်းသာမိပါတယ်။ ဒါဘဲ ပြောနိုင်ပါတော့တယ်။

အချို့ လူတော်တော်များများဟာ အာဇာနည်နေ့ ကို ရုံးပိတ်ရက်ရတာမို့  ပျော်ပျော်ပါးပါး ကစားကွင်းသွားသူတွေ၊ ရုပ်ရှင်ကြည့်ကြသူတွေ၊ ရှော့ပင်းစင်တာတွေကို ဈေးဝယ်ထွက်သူတွေနဲ့  ရှိကြပါတယ်။ အချို့ များ အာဇာနည်နေ့ ဆိုတာ ရုံးပိတ်ဖို့  အလုပ်ပိတ်ဖို့  သက်သက်ဘဲ တွေးမိတယ်ထင်ပါ့။ အော် သူတို့ ခမျာ အဲဒီလို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နဲ့ သွားနေနိုင်ကြဖို့ အတွက် အာဇာနည်ကြီးများက အသက်စွန့် ပြီး လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြလို့ ပါလားလို့ တွေးပြီး လွတ်လပ်ရေးကျေးဇူးရှင် အာဇာနည်ခေါင်းဆောင်ကြီးတွေကို အာဇာနည်ဗိမာန်မှာ အရင်အလေးပြုကြပြီးမှ သွားစရာရှိတာ သွားကြမယ်ဆိုရင် ဘယ်လောက်များကောင်းလိုက်မလဲ။ လွတ်လပ်ရေးကျေးဇူးရှင်ကြီးတွေအပေါ် ဘယ်လောက်များ ကျေးဇူးသိတတ်ရာ ရောက်ကြမလည်းဆိုတာ စဉ်းစားမိပါရဲ့ ။

ဒီလိုစဉ်းစားမိရင်း အာဇာနည်ဗိမာန်ကိုသွားပြီး အလေးပြုဖို့  လင့်ခ်လမ်းမှတ်တိုင်ကို ရောက်တော့ လက်က နာရီကို ကြည့်မိပါတယ်။ မနက် (၁၁) နာရီ ခွဲတော့မှာပါ။ အဲဒီအချိန်ကတည်းက တောက်လျှောက် လမ်းလျှောက်နေခဲ့တာ မြောက်ဖက်မုခ်ကနေ အရှေ့ ဖက်မုခ်၊ အရှေ့ဖက်မုခ် ရောက်ပြန်တော့ (၅) ယောက် တစ်တွဲဖြစ်အောင် တန်းစီရ၊ ပါလာတဲ့ ပစ္စည်း ဘာမှ မယူရဆိုတော့ ပိုက်ဆံအိတ်တို့  ထီးတို့  လက်ပတ်နာရီကအစ အားလုံး ဘာမှ ယူသွားလို့ မရခဲ့ပါဖူး။

အဲဒီပစ္စည်းတွေအတွက်လည်း သိမ်းဆည်းပေးတာ၊ အပ်ထားခဲ့ချင်လို့  လက်ခံပေးတာမျိုးလည်း မရှိ။ ဘာလို့ လဲမေးတော့ အထက်က ညွှန်ကြားထားလို့ ပါတဲ့။ ဘာမှ လက်မခံရ မသိမ်းပေးရဖူးတဲ့။ ကိုယ့်ဘာသာ ကြိုက်သလိုလုပ်။ ၀င်အလေးပြုချင်ရင် လူဘဲဝင်။ ပစ္စည်းမှန်သမျှ ကိုယ့်လူတစ်ယောက်က စောင့်ပြီး ထားထားခဲ့။ ပါလာတဲ့ပစ္စဘ်းတွေ မထားနိုင်ရင် မ၀င်နဲ့ တဲ့။

နအဖလုံခြုံရေးဆိုတာ အဲဒီလိုပါလားလို့  နားလည်လိုက်ရပါတယ်။ ကိုယ့်နိုင်ငံရဲ့  လွတ်လပ်ရေးကို ရယူပေးခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို လေးစားဂုဏ်ပြု ဦးညွှတ်ချင်လို့  အလေးပြုဖို့ သွားတာ ဒီလောက်တောင် နအဖလူတွေ ဆိုးရွားလှချည်လား။

ပါလာတဲ့ ပစ္စည်းတွေကို ကိုယ့်လူထဲက တစ်ယောက်နဲ့  ထားခဲ့ရတာမှာ အဲဒီနေရာမှာတင် မရှိမဲ့ ရှိမဲ့ ပိုင်ဆိုင်သမျှလေး ထိမ်းသိမ်းပေးဖို့ အရေး ပြောရ မေးရတာနဲ့  တန်းစီရတာနဲ့  နာရီဝက်ခန့် ကြာခဲ့ပါတယ်။ ဒါတောင် အကြာဆုံးထဲက မြန်တယ်လို့  ဖြေသိမ့်ရမလိုပါဘဲ။ ဒီလို တန်းစီစောင့်ဆိုင်းရေတာတွေ ဂိတ်ကြီး (၃) ခုတိုင်း ဒီလိုနဲ့  စစ်ဆေးမေးမြန်းခံနေရပြီး ကျော်ဖြတ်နေရတာတွေကြောင့် အချိန်တွေ မနည်းကြာရပါတယ်။ ဂိတ်တစ်ခု ရောက်တိုင်းလည်း ကိုယ့်ရဲ့  ကိုယ်ရေးအချက်အလက်တွေ အပြည့် ပေးရပါတယ်။ ရိုက်လိုက်တဲ့ ဓါတ်ပုံတွေကလည်း အင်မတန် များပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုချိန် စုစုပေါင်း နှစ်မိနစ်ဘဲ ကြာတာဆိုပေမယ့် အာဇာနည်ဗိမာန်ကို စရောက်တဲ့ အချိန်ကနေ အောက်ပြန်ဆင်းလို့  လင့်လမ်းထိပ် ရောက်တဲ့အထိ ဆိုရင် နာရီပြန်ကြည့်လိုက်တော့ နေ့ လည် (၂) နာရီထိုးလု ရှိပါပြီ။
ကိုယ်တိုင်းပြည်နဲ့  ပြည်သူတစ်ရပ်လုံး တိုင်းတစ်ပါးလက်အောက် ကျွန်ဘ၀ကနေ လွတ်မြောက်ဖို့  လွတ်လပ်ရေးရဖို့ အတွက် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်ကြီးများကို မြန်မာပြည်သူပြည်သားတွေအနေနဲ့  ဦးညွှတ်ဂုဏ်ပြုဖို့  အလေးပြုဖို့  အာဇာနည်ဗိမာန်သွားကြတာကို လွတ်လွတ်လပ်လပ် စိတ်အနှောင့်အယှက်ကင်းကင်းနဲ့  သွားရောက်ခွင့်မရကြဘဲ ဂိတ်အထပ်ထပ် မေးခွန်းပေါင်းသောင်းခြောက်ထောင် ဓါတ်ပုံရိုက်ယူချင်သလို ရိုက်ယူနဲ့  မြန်မာပြည်သူတွေကို ဆက်ဆံတာများ ရိုင်းစိုင်းလွန်းပါတယ်။

နအဖတွေများ တကယ်တမ်း ယခင် အာဇာနည်ဗိမာန်ကို ဗုံးဖောက်ဖြိုခွဲဖျက်ဆီးခဲ့ကြတဲ့ မြောက်ကိုရီးယားကိုကြတော့ ပြန်အောက်ကျို့ ပြီး ဆက်ဆံလိုက်တာ၊ မကြာခင်မှာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့  မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးကို ၀မ်းသာအားရ ဖိတ်ခေါ်တာတွေဟာ နအဖတွေ တိုင်းပြည်နဲ့  လူမျိုးအပေါ် ဖောက်ပြန်တာပါဘဲ။

အာဇာနည်ဗိမာန် ဗုံးဖောက်ဖျက်ဆီးခဲ့တာကို မြောက်ကိုရီးယားက တရားဝင် ၀န်ချတောင်းပန်ခြင်း မပြုတာကို မြန်မာပြည်သူတွေက မခံမရပ်နိုင်ဖြစ်ခဲ့ကြလို့  မြောက်ကိုရီးယားကို သံတမန်ဆက်ဆံရေး ရပ်ဆိုင်းခဲ့တာပါ။ နအဖလက်ထက်ရောက်မှ သူတို့ အကျိုးတူ ပုလင်းတူ ဗူးဆို့ ကြဖို့  လူမိုက်ခြင်း လည်ပင်းဘက်ပေါင်းကြဖို့ အတွက်သာ ကြည့်ပြီး မြောက်ကိုရီးယားနဲ့  ပြန်ပေါင်းဖက်တာဟာ နအဖတွေရဲ့  တိုင်းပြည်နဲ့  လူမျိုးအပေါ် သစ္စာမဲ့တာဘဲ။

အာဇာနည်ဗိမန်ကို သွားရောက်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုကြတဲ့ မြန်မာပြည်သူတွေကိုကြတော့ အသည်းအသန် စစ်ဆေးမေးမြန်းလိုက်ကြတာ၊ အနှောင့်အယှက်ပေးကြလိုက်တာများ။ မြန်မာပြည်သူတွေကိုတော့ လုံခြုံရေး လုံခြုံရေးနဲ့  သူတို့  နအဖတွေ အန္တရာယ်မကျအောင် အကြောက်ကြီး ကြောက်ပြီး လုပ်နေလိုက်တာ။ တိုင်းပြည်နဲ့  လူမျိုး ဂုဏ်သိက္ခာကျအောင် လုပ်ခဲတဲ့ တိုင်းပြည်နဲ့  လူမျိုးတစ်ရပ်လုံး လေးစားတန်ဖိုးထားတဲ့ အာဇာနည်ဗိမာန်ကို ဗုံးခွဲဖျက်ဆီးပစ်ခဲ့တဲ့ တိုင်းပြည်နဲ့  လူမျိုးကို မြိုပြီး ဂုတ်သွေးစုတ်မယ့် မြောက်ကိုရီးယားလို မိုက်ရိုင်းသူတွေကိုကြတော့ ဘယ်မှာလည်း နိုင်ငံနဲ့ လူမျိုး ထိပါးမယ့် ဘေးအန္တရာယ်တွေကနေ ကာကွယ်တာမျိုး မရှိပါလားလို့  ရင်နာစွာနဲ့ ဘဲ ပြောလိုက်ချင်ပါတယ်။

နအဖသာလျှင် တိုင်းပြည်ရဲ့  လုံခြုံရေးကို ထိခိုက်အောင် လုပ်နေတာပါ။

နအဖသာလျှင် အမျိုးသားသစ္စာဖောက် ဖြစ်ပါတယ်။

နအဖသာလျှင် ပြည်ပ (ရုရှ တရုတ် မြောက်ကိုရီးယား) အားကိုး ပုဆိန်ရိုးတွေ ဖြစ်ပါတယ်။

(ယခုနှစ် ၆၃ နှစ်မြောက် အာဇာနည်နေ့ တွင် အာဇာနည်ဗိမာန်သို့  သွားရောက်၍ ဦးညွှတ်အလေးပြုခဲ့သူ မိတ်ဆွေတစ်ဦးမှ ကိုယ်တွေ့ အတွေ့ အကြုံအား မျှဝေပြောပြလာတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားအပ်ပါတယ်)။

No comments: