Sunday, May 22, 2011

အညတရ သူရဲကောင်းဆု ရရှိခဲ့သူ အညတရ သူရဲကောင်း ဘိုးတော် ခင်ဝင်း။

မြန်မာနိုင်ငံအတွင်း အနယ်နယ် အရပ်ရပ်က အကျဉ်းထောင်များ အတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား (၂၂၀၀) ကျော်ရှိပါတယ်။ လူသိထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေရှိသလို တစ်ချို့မှာလည်း နာမည် မထင်မရှားနဲ့ လူထုအတွက် ဘဝတွေပေးဆပ် တိုက်ပွဲဝင်ပြီး အသက်တွေ၊ ခန္ဓာတွေ၊ မိသားစုဘဝတွေ ဘဝတွေပေးဆပ် တိုက်ပွဲဝင်ခဲ့တဲ့ အညတြသူရဲကောင်းတွေ အများအပြားရှိပါတယ်။ ပြည်သူကို နှိပ်စက်ညှင်းပန်းတဲ့ အာဏာရှင်အစိုးရတွေ ရှိနေသရွေ့တော့ ဒီလို ပြည်သူတွေအတွက် ပေးဆပ် တိုက်ပွဲဝင်နေတဲ့ အသြတြ သူရဲကောင်းတွေ အမြဲမပြတ် ပေါ်ထွက်နေမှာပါပဲ။

ထိုသို့ နာမည်မထင်မရှား လူမသိသူမသိ အညတရသူရဲကောင်းတွေကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ပထမအကြိမ် အညတရသူရဲကောင်းဆုချီးမြှင့်ရေး အခမ်းအနားကို ပြည်တွင်းမှာ အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ ဖွဲ့စည်းထားတဲ့ အညတရသူရဲကောင်းများ ဆုချီးမြှင့်ရေးကော်မတီမှ ယခုတစ်ဖန် ဒုတိယအကြိမ်မြောက် ဆုချီးမြှင့်ရေးအခမ်းအနားကို ကျင်းပပြုလုပ်ရန် စီစဉ်လျှက်ရှိပြီး ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများနဲ့ ပြည်ပနိုင်ငံအသီးသီးမှ စိတ်ပါဝင်စားတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားအသီးသီးကိုလည်း ဖိတ်မန္တက ပြုထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ (၁၇) ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့က ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပထမအကြိမ် အညတရသူရဲကောင်း ဆုပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဆုရရှိသူ မိသားစုဝင်များအား ကိုယ်တိုင်ချီးမြှင့် ပေးအပ်ခဲ့ပါတယ်။ ထို့အတူ အဆိုပါ လူမသိသူမသိ အညတရသူရဲကောင်း (၃) ဦးရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေးအကျဉ်း တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

အညတရ သူရဲကောင်းဆု ရရှိခဲ့သူ အညတရ သူရဲကောင်း ဘိုးတော် ခင်ဝင်း။

ဘိုးတော်ခင်ဝင်း (ဘ ) ဦးအောင်သိန်း လုပ်သားများကောလိပ်မှဘွဲ့ရရှိ။
၁၉၇၄ခုနှစ် မှိုင်းရာပြည့်တွင် ပါဝင်ပြီး မဆလအစိုးရမှ ထောင်ဒဏ်ဆယ်နှစ်ကျော် ချမှတ်ခြင်းခံရပြီး ၁၉၈၁ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ပေးသဖြင့် ပြန်လည်လွတ်မြောက်။

ထောင်တွင်း မသန့်ရှင်းမှုအစားသောက်များကြောင့် ၀မ်းကိုက်ရောဂါပိုးပါလာပြီး ယင်းရောဂါကို ကုသရန် ဆေးခန်းပြရင်း သူနာပြုဆရာမဒေါ်အုံးမြိုင်နဲ့ အကြောင်းပါ အိမ်ထောင်ကျခဲ့။

၁၉၈၈ခုနှစ် လူထုအရေးတော်ပုံတွင် တက်ကြွစွာပါဝင်လှုပ်ရှား၊ ဆေးရုံသမဂ္ဂခေါင်းဆောင်အဖြစ်ဆောင်ရွက်၊ ပါတီများတည်ထောင်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါဝင်ခဲ့ပြီး ကမာရွတ်မြို့နယ်စည်းရုံးရေးအဖွဲ့ ဒုတိယဥက္ကဌအဖြစ် ဆောင်ရွက်၊ သွေးသစ်ပါတီကို တည်ထောင်ပြီး ပါတီတည်ထောင်သူ ဥက္ကဌဖြစ်လာ။

၁၉၈၉ ဂျွန်လတွင် ဖမ်းဆီးခံရပြီး ဗမာပြည်ကွန်မြူနစ်ပါတီကွန်ယက်ထဲ ပါဝင်သည်ဆိုပြီး န၀တအစိုးရမှ ထောင်ဒဏ်နှစ်နှစ်ဆယ် ထပ်မံချမှတ်ခံရ။ အိမ်ထောင်ဖက်ဖြစ်သူလည်း ဘိုးတော်ခင်ဝင်းကြောင့် သူနာပြုဆရာမအဖြစ်မှ ဖြုတ်ပစ်ခြင်းကို ခံရသည်။

၂၀၀၀ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာ။ ကမာရွတ်နေအိမ်မှ ဖယ်ရှားခြင်းခံရပြီး မြောက်ဒဂုံတွင် အစားထိုးမြေကွက်ပေးသဖြင့် မြောက်ဒဂုံသို့ ပြောင်းရွှေ့ခဲ့ရ။ ပြန်လည်လွတ်မြောက်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချှုပ် ကမာရွတ်မြို့နယ်စည်းအဖွဲ့ ရန်ကုန်တိုင်းစည်းရုံးရေးအဖွဲ့တို့တွင် ပြန်လည်တာဝန်ယူခဲ့သည်။

၂၀၀၂ခုနှစ်တွင် ပြည်ပနှင့် အဆက်သွယ်လုပ်ပြီး ပြည်တွင်းမြေအောက်လှုပ်ရှားမှုအတွက် ငွေယူသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ထပ်မံဖမ်းဆီးပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရပြန်သည်။

ယခုအခါ အင်းစိန်အကျဉ်းထောင်တွင်း လေဖြတ်ဝေဒနာခံစားနေရပြီး ထောင်တွင်းတွင် မကျန်းမမာဖြင့် နေထိုင်နေရပါသည်။ ဘိုးတော်ခင်ဝင်းသည် အာဏာရှင်အဆက်ဆက်ကို တော်လှန်ရင်း သုံးကြိမ်တိုင်တိုင် နှစ်ရှည်လများ ထောင်တွင်းနေထိုင်ရသော်လည်း အမည်နာမ မထင်မရှားဖြစ်နေသည့် အညတရသူရဲကောင်းစစ်စစ် ဖြစ်ပါသည်။

(သတင်းပေးပို့ လာသော ကိုမင်းထက်ဇော်နှင့် ဒီမိုဝေယံအား ကျေးဇူးတင်ရှိပါသည်)။

No comments: