Monday, June 13, 2011

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို တည်ဆောက်ပါတယ်ဆိုတဲ့ သိန်းစိန်တို့  မတရားထိုးစစ်ဆင်တိုက်ခိုက်နေတာတွေကို ရပ်တန့် ပါ။

ယခုရက်ပိုင်းအတွင်းမှာ နအဖအာဏာရူးတပ်တွေဟာ ကချင်ပြည်နယ်ဒေသက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို မတရားထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိပါတယ်။






























ယခုလို နအဖအာဏာရုးတပ်တွေ ဘာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်နေရတာလည်းဆိုတာကတော့ - (၁) တရုတ်နဲ့  စီမံဆောင်ရွက်နေတဲ့ မြစ်ဆုံရေကာတာစီမံကိန်းအတွက် ဘိုးဘွားစဉ်ဆက် နေထိုင်နေကြတဲ့ ဒေသခံ ကချင်တိုင်းရင်းသားတွေကို အတင်းအဓမ္မ နေရာပြောင်းရွှေ့ ခိုင်း၊ ရေကာတာစီမံကိန်းအတွက် အဓမ္မလုပ်အားပေးခိုင်းရုံတင်မက တိုင်းရင်းသူများကို လှည့်ဖြားသွေးဆောင်ပြီး ဖျက်ဆီးမှုများပြုလုပ်နေတယ်ဆိုတဲ့ သက်သေထွက်ဆိုချက်များနဲ့ အတူ အထောက်အထားမှတ်တမ်းတွေ ထွက်ပေါ်လျက် ရှိပါတယ်။ (၂) သိန်းစိန်တို့ အလိုကျဖြစ်စေချင်တဲ့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က လက်မခံ ငြင်းပယ်ခဲ့လို့  ဖြစ်ပါတယ်။



တရုတ်ကုမ္ပဏီ China Power Investment (CPI) က ကချင်ပြည်နယ်အတွင်းမှာ နအဖရဲ့  ခွင့်ပြုချက်နဲ့ အတူ ရေအားထုတ်လုပ်ရေးစီမံကိန်းကို လုပ်ဆောင်နေပါတယ်။ ဒီ ရေအားစီမံကိန်းကြောင့် ဒေသခံ ကချင်တိုင်းရင်းသားပြည်သူတွေ ကျောကော့အောင် ခါးစီးခံနေရပါတယ်။ အာဏာရူးနအဖတွေဟာ ကိုယ့်တိုင်းရင်းသားပြည်သူတွေအကျိုးစီးပွားနဲ့  အသက်ရန်ရော အိုးအိမ်ပျက်ဆီးဆုံးရှုံးမှုတွေအတွက် အကာအကွယ်ပေးဖို့  ဝေးစွ၊ တရုတ် ရေကာတာစီမံကိန်း ဖြစ်မြောက်အောင်မြင်ဖို့ အတွက် ကိုယ့်ပြည်သူကို ပြန်ဒုက္ခပေး သတ်ဖြတ်နေပါတယ်။

အခြား ဆက်စပ်အဖြစ်အပျက်တစ်ခုကတော့ - တရုတ်က တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့  (PLA) ရဲ့  အခြေစိုက်တပ်စခန်းတွေကို တရုတ်နဲ့  ရှမ်းပြည်နယ် နယ်စပ်ဒေသဘက်မှာလည်း ၂၀၁၀ ခုနှစ် သြဂုတ်လကနေ လျှို့ ဝှက်စွာ နေ့ ညအမား အပူတပြင်း တည်ဆောက်နေခဲ့ပါတယ်။ ဒီကိစ္စကို နအဖက သိရှိပေမယ့် ယခုအချိန်ထိ ရေငုံနှုတ်ပိတ်နေပါတယ်။ ကချင်ပြည်နယ် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းလို တရုတ်နိုင်ငံက သြဇာလွှမ်းမိုးထားတဲ့ စီမံကိန်းကြီးတွေ၊ တရုတ်အစိုးရရဲ့  သန်းရွှေ သိန်းစိန်တို့ အပေါ် လက်အောက်ခံလိုမျိုးသဘောထားကာ သြဇာပြင်းထန်ထားမှုတွေ၊ မြန်မာပြည်နိုင်ငံအတွင်း နည်းလမ်းပေါင်းစုံနဲ့  ၀င်ရောက်ပြီး နေရာဒေသတွေ စီးပွားရေးလုပ်ငန်းကြီးတွေကို ပိုင်ဆိုင်ထိန်းချူပ်ထားနိုင်မှုတွေ အစရှိတဲ့ အခြေအနေတွေကြောင့် တရုတ်နိုင်ငံရဲ့  မျိုးစုံသော ကျူးကျော်မှုတွေ လွှမ်းမိုးမှုတွေကို ရေငုံနှုတ်ပိတ် နေတာပါဘဲ။



သန်းရွှေတို့  သိန်းစိန်တို့ ဟာ တရုတ်လက်အောက်ခံ တစ်ပါးကျွန်ဘ၀ကို မက်မက်မောမောကြီး ခံယူထားလို့ သာ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုး ဘာဖြစ်ဖြစ် ကိုယ်ချမ်းသာကြီးပွား အာဏာမြဲရေးအတွက်သာ အဓိကထားတဲ့ အမျိုးသားသစ္စာဖောက် သန်းရွှေတို့  သိန်းစိန်တို့  တရုတ်အားကိုး ပုဆိန်ရိုးအဖြစ် ၀မ်းသာအားရ ကျွန်ခံနေကြတာ ဖြစ်ပါတယ်။

ယခုဆိုရင် နအဖအာဏာရူးတပ်များက အမြောက်လက်နက်ကြီးတွေပစ်ပြီး မတရားထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကချင်ဒေသခံပြည်သူပေါင်း ၂၀၀၀ ကျော်ဟာ ကလေးငယ်လေးတွေကို ချီပွေ့ ပြီး အိုးအိမ်နေရာဒေသတွေကို စွန့် ခွာကာ အသက်ဘေးလွတ်မြောက်ဖို့ အတွက် တရုတ်ပြည်ဘက်ကို တိမ်းရှောင်ထွက်ပြေးနေရပါတယ်။

ယခုလို သန်းရွှေ သိန်းစိန်အာဏာရူးလက်ပါးစေတပ်က ကချင်ပြည်သူပြည်သားတွေနဲ့  ကချင်လွတ်မြောက်ရေးတပ် (KIA) ကို မတရားဒုက္ခပေးနေတာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ၀န်ကြီးချူပ်ဖြစ်သူ ဦးလဂျွန်ငန်ဆိုင်းအနေနဲ့  ဘယ်ဘက်က မှန်ကန်စွာ ရပ်တည်မလည်းဆိုတာ မေးရပါမယ်။

ကချင်ပြည်နယ် ၀န်ကြီးချူပ်ဖြစ်လာသူ ဦးလဂျွန်ငန်ဆိုင်းကတော့ တနိုင်းမဲဆန္ဒနယ်(၁) ကနေ ကြံ့ ဖွတ်ပါတီဝင် ပြည်နယ်အမတ်ဖြစ်ခဲ့ပြီး သိန်းစိန်ကနေ ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဦးလဂျွန်ငန်ဆိုင်းဟာ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် မဖြစ်မီ စီးပွားရေး လုပ်ငန်းတွေ လုပ်ဆောင်နေခဲ့ပါတယ်။























ဦးလဂျွန်ငန်ဆိုင်းဟာ သိန်းစိန်ရဲ့  အမိန့် သြဇာကို တစ်သွေမသိမ်းနားထောင်မှာလား တကယ်တမ်း ကချင်ပြည်သူပြည်သားတွေအတွက် အမှန်တကယ်ရပ်တည်ပေးမှာလားဆိုတာ အရေးကြီးသလို အပြောနဲ့  မဟုတ်ဘဲ လက်တွေ့ သက်သေပြဖို့  အထူးလိုအပ်ပါတယ်။

သိန်းစိန်ကနေ ကချင်ပြည်နယ်အတွက် ခန့်အပ်လိုက်သော ဝန်ကြီးတွေထဲမှာ ဦးလဂျွန်ငန်ဆိုင်းအပါအ၀င် ကြံ့ ဖွတ်ပါတီနဲ့  စစ်တပ်ကလူတွေ အများစုပါတာမို့  ကချင်တိုင်းရင်းသားပြည်သူတွေရဲ့  အကျိုးစီးပွားကို အမှန်တကယ် ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့  အလားအလာ မရှိကြောင်း ဒေသခံလူထုက ပြောဆိုသုံးသပ်ကြပါတယ်။



ကချင်တိုင်းရင်းးသားပြည်သူလူထုအတွက် မှန်ကန်စွာ ရပ်တည်ပေးမှာလားဆိုတာကို ယနေ့ လက်ရှိဖြစ်ပျက်နေတဲ့ လတ်တလော နအဖအာဏာရူးလက်ပါးစေတပ်တွေက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို လက်နက်ကြီးများနဲ့  မတရားထိုးစစ်ဆင်နေတဲ့ တိုက်ပွဲတွေနဲ့ အတူ၊ တိုက်ပွဲတွေကြောင့် ကချင်တိုင်းရင်းသားပြည်သူတွေ ဒေသခံနေရာတွေကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့အဖြစ်တွေကြောင့် တိုင်းရင်းသားသွေးစည်းညီညွှတ်ရေးကို တည်ဆောက်နေပါတယ်လို့  အသံကောင်းဟစ်နေကြတဲ့ သိန်းစိန်တို့ နဲ့  ကချင်ပြည်နယ် ၀န်ကြီးချူပ် ဦးလဂျွန်ငန်ဆိုင်းတို့ မှာ တာဝန်ရှိပါတယ်။

သန်းရွှေ သိန်းစိန်အာဏာရုးအုပ်စုအနေနဲ့  မြန်မာနိုင်ငံမှာ အတူတစ်ကွ မှီတင်းနေထိုင်နေကြတဲ့ တိုင်းရင်းသားပြည်သူတွေကို မတရားဖိနှိပ်ပြီး အမျိုးမျိုးသော ဒုက္ခတွေပေးနေတာကို အမြန်ရပ်တန့် ဖို့  ပြောလိုပါတယ်။ တိုင်းရင်းသားပြည်သူလူထုနဲ့ အတူ စစ်မှန်သောပြည်ထောင်စုကြီးကို အမှန်တကယ်တည်ဆောက်တယ်ဆိုရင် တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ တိုင်းရင်းသားရေးရာဆိုင်ရာ အခွင့်အရေးတွေကို မှန်မှန်ကန်ကန် ပေးဖို့ လိုသလို၊ မတရား လက်နက်အားကိုးနဲ့  စစ်ဆင်တိုက်ခိုက်နေတာတွေကို အလျဉ်းမလုပ်ဆောင်ဖို့  လိုပါတယ်။

ကချင်ပြည်နယ်ဒေသနဲ့ တစ်ကွ မြန်မာနိုင်ငံတစ်ဝှမ်းမှာ နေထိုင်နေကြတဲ့ တိုင်းရင်းသားပြည်သူလူထုအပေါ်နဲ့  တိုင်းရင်းသားအဖွဲ့ အင်အားစုများအပေါ် မတရားဆက်ဆံမှုတွေ၊ မမျှမတဆောင်ရွက်မှုတွေ၊ လိမ်ညာလှည့်ဖြားပြောဆိုမှုတွေနဲ့  လက်နက်နဲ့ အကြမ်းဘက်တိုက်ခိုက်မှုတွေကို ရပ်တန့် ပြီး မှန်ကန်တဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ အတွက် လက်တွေ့ သက်သေပြပါလို့  ပြောလိုပါတယ်။

No comments: