Sunday, September 18, 2011

သန်းရွှေ သိန်းစိန်တို့  အာဏာရူးများနဲ့  လက်ပါးစေများအပေါ် သံဃာတော်များက ယခုထိတိုင်အောင် ပတ္တနိကုဇ္ဇန သံဃာ့သပိတ်ဆောင်ထားဆဲ ဖြစ်ပါတယ်။









































ယနေ့  စက်တင်ဘာလ (၁၈) ရက်နေ့ မှာ ၁၉၈၈ ခုနှစ်က အာဏာရူး သန်းရွှေတို့  လက်နက်အားကိုးနဲ့  အကြမ်းဘက်ပြီး စစ်အာဏာသိမ်းခဲ့တဲ့ နေ့  ဖြစ်သလို၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအချိန်ကာလအတွင်းမှာ သံဃာတော်ရှင်သူမြတ်တွေကို ရိုက်ပုတ်ဖမ်းဆီး အကြမ်းဘက်ခဲ့လို့  သံဃာထုကနေ သန်းရွှေတို့  အာဏာရူးအုပ်စုနဲ့  ၄င်းတို့ ရဲ့  မိသားစုတွေ၊ လက်ပါးစေတွေကို ပတ္တနိကုဇ္ဇနသပိတ်ကံဆောင်မှု စတင်ခဲ့တဲ့ နေ့ လည်း ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ လမ်လျှောက်မေတ္တာပို့ ခဲ့ကြတဲ့ ပခုက္ကူမြို့က သံဃာတော်များအား အာဏာရူးများက အကြမ်းဘက် ရိုက်ပုတ်ခဲ့တာကို ဝန်ချတောင်းပန်ခြင်း မပြုခဲ့တာကြောင့် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ (၁၈) ရက်နေ့ကစပြီး ရန်ကုန်မြို့နဲ့ အခြားမြို့တွေမှာ သံဃာတော်များက ပတ္တနိကုဇ္ဇန ကံဆောင်ပြီး သပိတ်မှောက်ခဲ့ကြပါတယ်။



































၂၀၀၇ ခုနှစ်တုန်းက လောင်စာဆီဈေးနှုန်း ကျဆင်းရေးနဲ့  ဒကာ ဒကာမ ပြည်သူပြည်သားများရဲ့  စားဝတ်နေရေး ဆင်းရဲဒုက္ခမှ လွတ်မြောက်စေရန်အတွက် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့က ပခုက္ကူမြို့မှာ သံဃာတော်တွေက မေတ္တာပို့ ဆုတောင်းပြီး စီတန်းလှည့်လည်ခဲ့တာကို အာဏာရူးတွေက အကြမ်းဖက် နှမ်နင်းခဲ့တာ ဖြစ်ပါတယ်။

ပခုက္ကူမြို့က သံဃာတော်တွေကို ကြိုးကွင်းပစ် ဖမ်းဆီးခြင်း၊ ဓာတ်တိုင်တွင် ကြိုးတုပ်၍ သေနတ်ဒင်ဖြင့် ထုနှက်ခြင်း၊ ရိုက်ပုတ်ခြင်းများ ပြုလုပ်ခဲ့တဲ့ အာဏာရူးများဘက်မှ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ (၁၇) ရက်နေ့ နောက်ဆုံးထားပြီး ဝန်ခံတောင်းပန်ဖို့  သံဃာ့တပ်ပေါင်းစုက တောင်းဆိုခဲ့ပေမယ့် အာဏာရူးများက အလေးမထား လစ်လျူရှုခဲ့တာကြောင့် သံဃာထုက ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့မှာ ဒုတိယအကြိမ်မြောက် ပတ္တနိကုဇ္ဇန သပိတ်မှောက်ကံဆောင်ခဲ့ကြရခြင်း ဖြစ်ပါတယ်။






















































ယနေ့အချိန်ကာလထိတိုင် ရဟန်းသံဃာတော်များက သန်းရွှေ သိန်းစိန်အာဏာရူး ဗိုလ်ချူပ်ကြီးများနဲ့  မိသားစုဝင်များ၊ စစ်တပ်၊ ရဲ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်စသည့် အပေါင်းပါများအား သံဃာကို စော်ကားမော်ကား ပြုမှုများကြောင့် ဓပတ္တနိက္ကုဇ္ဇနကံ ဆောင်ထားဆဲ ဖြစ်ပါတယ်။

အမှန်စင်စစ် ထို ပတ္တနိက္ကုဇ္ဇနကံ ဆိုတာ မြတ်စွာဘုရားရှင်၏ ခွင့်ပြုချက်အရ သာသနာတော်ထမ်း ရှင်ရဟန်းတို့အား စော်ကားပြုမူလာခြင်းကို နောင်မပြုရဲအောင် ကံဆောင်တားမြစ် ဆုံးမခြင်းပင် ဖြစ်ပါတယ်။

(မြတ်စွာဘုရားရှင်လက်ထက်က ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်း အကြောင်းကို ဖတ်ရှူသိရှိဖို့  ဒီပို့ စ်ရဲ့  အောက်ဆုံးမှာ ဖေါ်ပြထားပါတယ်)။

အကြင်သူသည် …

• ရဟန်းတို့အား လာဘ်မရစိမ့်သောငှာ အားထုတ်၏။
• ရဟန်တို့အား အကျိုးမဲ့စိမ့်သောငှာ အားထုတ်၏။
• ရဟန်းတို့အား နေရာမရစိမ့်သောငှာ အားထုတ်၏။
• ရဟန်းတို့ကို ဆဲရေး၏၊ ခြိမ်းခြောက်၏။
• ရဟန်းအချင်းချင်း ကွဲပြားစေ၏။
• မြတ်စွာဘုရား ကျေးဇူးမဲ့ကို ပြော၏။
• တရားတော်၏ ကျေးဇူးမဲ့ကို ပြော၏။
• သံဃာ၏ ကျေးဇူးမဲ့ကို ပြော၏။

ရဟန်းတို့ ထိုအင်္ဂါ ရှစ်ပါးနှင့်ညိစွန်းသော ဥပါသကာအား သပိတ်မှောက်ရမည်ဟု စူဠ၀ါပါဠိတော် မြန်မာပြန် စာ-၂၆၅ ခုဒ္ဒက ၀တ္ထုကမ္မ အခန်းကဏ္ဍတွင် သပိတ်မှောက်အင်္ဂါရှစ်ပါးကို ပြဆိုထားပါတယ်။

ပတ္တနိက္ကုဇ္ဇနကံကို သာသနာတော်အတွင်း ရှိရှိသမျှသော သံဃာတော်များရဲ့  ဆန္ဒရယူပြီးမှ သိမ်အတွင်းတွင် ကမ္မ၀ါစာဖြင့် ပြဌာန်းရတာ ဖြစ်တာကြောင့် ရဟန်းတော်တပါးတလေရဲ့  ပြဌာန်းချက် မဟုတ်ပါ။ သံဃာတော်အားလုံးရဲ့  အမိန့် အာဏာဖြစ်ပါတယ်။

ထို့ကြောင့် ကံပြုစဉ်မှာ မိမိဆန္ဒပါသည်ဖြစ်စေ မပါသည်ဖြစ်စေ၊ သာသနာတော်ထမ်း ရဟန်းတော်တိုင်းက လေးစားလိုက် နာကြရပါတယ်။ ထိုကံဆောင်ခြင်းမှ သွေဖည်ပြီး ကံပြုခံရသူများနှင့် ဘာသာရေးကိစ္စများ လက်ခံ ဆောင်ရွက်ပေးပါက ထိုပုဂ္ဂိုလ်မှာ မြတ်စွာဘုရားရှင်၏ ပညတ်ချက်ကို ကျူးကျော်ရာရောက်သဖြင့် အာပတ် သင့်ရောက်ပါတယ်။

ပတ္တနိက္ကုဇ္ဇနကံရဲ့  ရည်ရွယ်ချက်မှာ ဘာသာရေးကို မသိနားမလည်၍ တကြိမ်တခါ ပြစ်မှားကျူးလွန်မိခြင်းကို အချိန်မီ သိရှိကာ ၀န်ချတောင်းပန်နိုင်စေရန် ဖြစ်ပါတယ်။ (သန်းရွှေ သိန်းစိန်တို့  အာဏာရူးများကတော့ တစ်ကြိမ်တစ်ခါမက အထပ်ထပ်အခါခါ ပြောင်ပြောင်တင်းတင်းပင် ဘာသာသာသနာနဲ့  သံဃာတော်များကို စော်ကားလျက် ရှိပါတယ်)။

ကာယကံရှင်များက မိမိတို့ပြုမှားမိသည်များကို သံဃာသို့ ၀န်ချတောင်းပန်မှသာလျှင် ကံဆောင်ထားခြင်းမှ ရုပ်သိမ်းပေးခွင့် ရှိပါတယ်။ ပြန်လည်ရုပ်သိမ်းမည်ဆိုကလည်း၊ ကံဆောင်စဉ်က နည်းအတိုင်း၊ သံဃာအားလုံးရဲ့  ဆန္ဒရယူပြီး သိမ်အတွင်း ၀ယ် ကမ္မ၀ါစာဖြင့် ပြန်လည်ပြီး ကံလွှတ် ရုပ်သိမ်းပေးတော်မူကြရပါတယ်။

မြန်မာနိုင်ငံမှာ သံဃာတော်များက နအဖအစိုးရနဲ့ အပေါင်းပါ စစ်တပ်၊ ရဲ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်တို့ အားလုံး အပေါ် ပတ္တနိက္ကုဇ္ဇနကံ ဆောင်ခဲ့တာ သုံးကြိမ်တိုင်ခဲ့ပါပြီ။ တကြိမ်မျှ မတောင်းပန်ခဲ့ဘူးပါ။ ထိုသို့ မတောင်းပန်ခြင်းသည် နအဖ စစ်အစိုးရနှင့် အပေါင်ပါများအဖို့ သံသရာခရီးတွင် နစ်သည်ထက် နစ်လာကြရဖို့ သာ ရှိပါတယ်။ သန်းရွှေ သိန်းစိန်တို့ အာဏာရူးများနဲ့  လက်ပါးစေများဟာ သံဃာတော်တွေကို ရိုက်လိုရိုက်၊ သတ်လိုသတ် သင်္ကန်းဆွဲချွတ်လိုချွတ် ပြုကြပါတယ်။

ထို့ အပြင် ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအ၀င် ဘုရားစေတီပုထိုးများ ပုရ၀ဏ်အတွင်းများမှာ လူသတ်လက်နက်များကိုင်ဆောင်ခြင်း၊ ယမ်းငွေ့ မီးငွေ့ များ ဖုံးလွှမ်းစေတဲ့အထိ မျက်ရည်ယိုဗုံးများသာမက သေနတ်ကျည်ဆံယမ်းခိုးယမ်းငွေ့များ အမှောင်လွှမ်းစေသည်အထိ ရမ်းကားစွာ ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဘုန်းကြီးကျောင်းများအတွင်း အကြမ်းပတမ်း ၀င်ရောက်စီးနင်းပြီး သံဃာတော်များအား ရိုက်နှက်ဖမ်းဆီးခြင်း ဘုန်းကြီးကျောင်းအတွင်းရှိ ဘုရားရုပ်ထုတော်များ ကျိုးပဲ့ပျက်စီးနေသည်အထိ မိုက်ရိုင်းစွာ ရမ်းကားခြင်း အစရှိသည့် မိစ္ဆာဒိဌိအသွင်သဏ္ဍန်ဖြင့် စော်ကားခြင်းတို့ ပြုလုပ်ခဲ့တဲ့ အာဏာရူး သန်းရွှေ သိန်းစိန်တို့ နဲ့  လက်ပါးစေအမိုက်သမားများကို ယခုထိတိုင် သံဃာတော်များမှ ပတ္တနိက္ကုဇ္ဇနကံဆောင်ထားဆဲဆိုတာ မမေ့လျော့ကြဖို့ နဲ့  သပိတ်မှောက်ကံဆောင်ထားခြင်း ခံနေရဆဲဖြစ်တဲ့ သန်းရွှေ သိန်းစိန် အာဏာရူးအသိုင်းအ၀ိုင်းနဲ့  လက်ပါးစေများမှ ဆွမ်းဥစ္စာ ပစ္စည်းများ လှူဒါန်းကပ်လှူမှုများကို လက်ခံခြင်း၊ သာရေးနာရေး အစရှိသည့်တို့ တွင် ဘာသာရေးဆိုင်ရာဆောင်ရွက်မှုများ မလုပ်ဆောင်ကြဖို့ ကို သံဃာတော်များအနေနှင့်ရော ပြည်သူပြည်သားများအနေနဲ့ ရော မိစ္ဆာဒိဌိများရဲ့  ရန်မှ ဘာသာသာသနာကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် အထူးအလေးထား လိုက်နာကြဖို့  ဖြစ်ပါတယ်။

သန်းရွှေ သိန်းစိန်တို့  အာဏာရူးများနဲ့  လက်ပါးစေများအပေါ် သံဃာတော်များက ယခုထိတိုင်အောင် ပတ္တနိကုဇ္ဇန သံဃာ့သပိတ်ဆောင်ထားဆဲ ဖြစ်ပါတယ်။


























Patta_nikkujjana

သန်းရွှေ သိန်းစိန်တို့  အာဏာရူးများနဲ့  လက်ပါးစေများအပေါ် သံဃာတော်များက ယခုထိတိုင်အောင် ပတ္တနိကုဇ္ဇန သံဃာ့သပိတ်ဆောင်ထားဆဲ ဖြစ်ပါတယ်။



No comments: