Wednesday, September 21, 2011

ရန်ကုန်မြို့ တော် စည်ပင်သာယာက ပြည်သူတွေအတွက် ရေပေးတာလား၊ ရောဂါတွေ ပေးနေတာလား။

ရန်ကုန်မြို့ မြို့ နယ် အချို့ တွင် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေပေးဝေရေးဌာနမှ ပို့လွှတ်နေသော ရေသည် ယခုရက်ပိုင်းအတွင်း ပြည်သူအများသုံးစွဲပါက ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်စေမည့် ရေများကို ပို့ လွှတ်လျှက် ရှိပါသည်။

လူနေတိုက်ခန်းများမှ ရေစုတ်တင်လိုက်လျှင် ပုံများတွင် မြင်တွေ့ရသည့် အတိုင်း သံချေးရောင်နှင့် နွံနှစ်များ ပေါင်းစပ်နေသော ရေများ ကျလာပါသည်။ ယခုကဲ့သို့  ဖြစ်နေသည်မှာ (၂) ရက်ခန့် ရှိနေပြီဖြစ်ပြီး၊ နောက်ထပ် မည့်မျှကြာမြင့်ဦးမည့် မသိပါ။



















၎င်းရေများအား ဖယ်ထုတ်သန့်စင်ရန်အတွက် ရေဖောက်ထုတ်ရာတွင် ရေနှင့် ထိမိသော ခြေ၊လက်အစရှိသည့်နေရာများသည် ယားယံလာခြင်း၊ အနီစက်များ ဖြစ်ပေါ်လာခြင်း များကို ခံစားရပါသည်။

ရန်ကုန်မြို့နေ လူထုသည် ဂျိုးဖြူရေကိုသာ အဓိက သုံးစွဲနေကြသည့်အတွက် ရေပေးဝေရေးဌာနမှ ရေဆိုးရေညစ်များကို ပြည်သူအများ သုံးစွဲရာသို့ ပို့လွှတ်ခြင်းသည် အလွန်ဆိုးရွားပြီး လူသားချင်း စာနာမှု မရှိသော လုပ်ရပ် ဖြစ်ပါသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာဌာန၏ ဆောင်ပုဒ်များ ဖြစ်သော “ဒါ .. သင့်မြို့တော် သန့်ရှင်းသာယာ လှပရမည်” “မြို့တော်သာယာလှပရေးအတွက် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပါ” စသည့် ဆောင်ပုဒ်များရှိသော်လည်း အပေါ်ယံ လူမြင်ကောင်းရုံဖြင့် မဖြစ်နိုင်ပါ။

ယခုကဲ့သို့ မြို့တော် စည်ပင်သာယာရေးမှ မြို့ခံလူထုအပေါ် လူမဆန်သောလုပ်ရပ်သည် ဌာနကောင်းတခု၏ အင်္ဂါရပ်များနှင့် မလျှော်ညီပါ။

မြို့နေပြည်သူများ၏ အမြင်အရ ရန်ကုန်မြို့တော်စည်ပင်သာယာဌာနသည် စည်ပင်ခွန်၊ ဆိုင်းဘုတ်ခွန်၊ အမှိုက်ခွန် အစရှိသည့် အခွန်အခကောက်ခံရေးများတွင်သာ အားကြိုးမာန်တက် ဆောင်ရွက်လျှက်ရှိပြီး မြို့နေလူထုအပေါ် စေတနာမှန်မှန်ဖြင့် ပြည်သူ့အကျိုးပြုနေခြင်း မရှိပါ။

မြို့တော်စည်ပင်သာယာလှပစေရေး၊ အဆင့်အတန်းမြင့်သော မြို့တော်အဂါင်္ရပ်များနှင့် ညီစေရန် မြို့နေလူထုနှင့် အမှန်တကယ် လက်တွဲ ဆောင်ရွက်လိုပါက မိမိဌာနရှိ ညစ်နွမ်းစုတ်ပြတ်နေသော စနစ်များနှင့် မြိုခံလူထုအပေါ်ထားရှိသည့် စိတ်ဓါတ်များအား ဦးစွာပြင်ဆင် ဖာထေးသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

No comments: