Thursday, October 27, 2011

ခောတ်သစ် ဆောင်ပုဒ် (သို့) ရွှေအိုးပေးမှ ပညာရ။

နအဖရဲ့  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၁) နိင်ငံတော်အခြေခံမူများတွင် ဥပဒေပုဒ်မ၂၈ ပုဒ်ခွဲ (ဂ) အရ နိင်ငံတော်သည် - (ဂ) အခမဲ့ မသင်မနေရ မူလတန်း ပညာရေးစနစ်ဖော်ဆောင်မည် ဟုဆိုခဲ့သလို သိန်းစိန်အစိုးရမှ ယခု စာသင်နှစ်ကျောင်းဖွင့်ရာသီတွင် အခြေခံပညာမူလတန်းကျောင်းများ၌ အခမဲ့ ကျောင်းအပ်နိင်ကြောင်းကြေငြာထားသော ဆိုင်းဘုတ်များအား အခြေခံပညာမူလတန်း ကျောင်းများ အားလုံးလိုလိုတွင် တွေ့မြင်ခဲ့ကြရပါသည်။

ထိုသို့ စိတ်ချမ်းမြေ့ ဖွယ်ရာ ပညာသင်ကြားမှုအခြေအနေ ပြောင်းလဲလာမှုအား ၀မ်းသာ မဆုံးခင်ပင် အချို့သော ကျောင်းများမှ ကျောင်းအပ်ခမယူသော်လည်း ဘိလပ်မြေ ဘယ်နှစ်အိတ် အလှူခံကြောင်း ဘိလပ်မြေအိတ်ဖိုး ဘယ်၍ဘယ်မျှ ကျကြောင်း နောက်ဆက်တွဲ သတင်းတွေ ကြားရပြန်တော့ ဥပဒေကို မသိတာလား၊ ဥပဒေ အသိမရှိတာလားလို့ မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်။

"သန့်ရှင်းရေးများအတွက် ပိုက်ဆံ ၁၀၀၀၀/ိ တစ်သောင်းကျပ်တိတိ ယူလာပါရန် အသိပေးအပ်ပါသည်။"





























အထက်ဖော်ပြပါပုံမှာ 25.5.2011 (တနင်္လာနေ့)တွင် အ.မ.က(၁)ဗဟန်း အခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လှဝင်းယဉ်၏ ညွှန်ကြားချက်ဖြင့် အခြေခံပညာမူလတန်း အ.မ.က (၁) ဗဟန်းမှ ဒုတိယတန်းစာသင်ခန်းများတွင် ဆရာ/ဆရာမများက စာသင်ဘုတ်ပေါ်တွင် ရေးသားပေးသည်ကို ကျောင်းသူ/ ကျောင်းသား များမှ မိဘများအား ပြန်လည်ပြသရန် ကူးယူရေးသားလာခြင်း ဖြစ်ပါသည်။

ထိုအကြောင်းအရာနှင့် ပတ်သက်၍ အ.မ.က (၁) ဗဟန်းကျောင်းမှ ဒုတိယတန်း ကျောင်းသူ / ကျောင်းသားများ၏ မိဘအချို့မှာ အလွန်ပင် အကျပ်ရိုက်နေကြရပါသည်။

“ကျွန်တော်က ဒီကျောင်းမှာ ကျောင်းသားသုံးယောက်ရှိတာ…..စီးပွားရေးကလဲ သိပ်မကောင်းဆိုတော့…ဘယ်လိုလုပ်ရမှန်း မသိပါဘူးဗျာ…” ဆိုတဲ့ ကျောင်းသားဖခင် တစ်ဦးရဲ့ စကားသံမှ မဆုံးသေးခင်မှာ………ကျောင်းသူတစ်ဦးရဲ့ မိခင်နဲ့ဖခင်ကတော့  “မပေးနိင်ဘူးဗျာ……..ဘယ်……အနုကြမ်းစီးခံနေရသလိုပဲ….အခမဲ့ပညာရေးလဲဆိုသေး ကျောင်းအပ်တုန်းကလဲ စေတနာရှိသလောက် လှူပါဆိုပြီး ၅၀၀၀ထက်နည်းရင် မျက်နှာတွေက ပျက်နေလို့ ၅၀၀၀ကျပ် ထည့်ခဲ့ရတယ်။ တက်နိင်တဲ့သူတွေက တော့ ငွေ (၄/၅) သောင်းကနေ သိန်းကဏန်းထိ ထည့်သွားကြ တာပေါ့ဗျာ။ ရှင့်ကို မပြောဖြစ်တာ။ ၄.၇.၂၀၁၁ တုန်းကလဲ ဗလာစာအုပ်နဲ့ ခဲတံဖိုးဆို ၃၀၀၀ ကျပ် တောင်းလို့ ပေးလိုက်ရ သေးတယ်။ နောက်တစ်ခါလဲ ပေးရသေးတယ်ဗျ။ ဘာဖိုးလဲ ဆိုတာတော့ မမှတ်မိတော့ဘူး။ အခုတစ်ခါ ငွေတစ်သောင်းတဲ့ဗျာ။ ဒုတိယတန်းကျောင်းသူ/ကျောင်းသားတွေ ချည်းပဲ ကောက်တယ် ထား။ ဒါလဲ ကျန် ကျောင်းသားတွေ လွတ်မယ် မထင်နဲ့နော်။ အခု လောလောဆယ် ပြောတာ။ နှစ်တန်းကျောင်းသူ/ကျောင်းသားအခန်းချည်းကို (၅) ခန်း ရှိတယ်။ တစ်ခန်းကို ကျောင်းသူ/ကျောင်းသား ၆၀ အနည်းဆုံး ရှိတယ်။ (၅) ခန်းဆိုတော့ ကျောင်းသား (၃၀၀) ပဲထား တစ်ယောက် တစ်သောင်းဆိုတော့ အယောက် (၃၀၀) ငွေသိန်း (၃၀) ဆယ် ဘယ်နေရာမှာ ဒီလောက်ကုန်မှာမို့လဲ။ စာလေး ရေးပေးလိုက်တာ ဆရာမ တွေအတွက်တော့ ဘယ်ခက်မလဲ ဆော့ပင်လေးကိုင် ၀ှိုက်ဘုတ်ပေါ်မှာ ရေး… ဒါပဲလေ… အဲ……အဲဒီငွေတော့ရဖို့ကတော့ ဒီမောင်တွေ ဒီမိတွေကတော့ ကုန်းတော့ ရုံးတော့ပဲဗျာ…မကျေနပ်ဘူးဗျာ…ကျုပ်အဖေကတော့ ပေးကို မပေးနဲ့ ပြောတာ ဗျ။” အသံတွေနဲ့ဝေးရာထွက်သွားဖို့ ဆုံးဖြတ်ပြီး ထွက်လာစဉ်မှာပဲ နားထဲကိုနှုတ်ဆက် ကြားလိုက်ရတဲ့ မိဘတစ်ဦးရဲ့ စကားသံကတော့……….. “အင်း…ဖေကြီးရေ…တော်မှာလဲ ရှာလိုက်ရတာ ကျုပ်လဲ ထိန်းသိမ်းတာပါပဲတော် … ကလေးပညာရေးဆိုတော့လဲ အမေ့ဆေးဖိုးထဲကပဲ လောလောဆယ် ထည့်သုံးရတော့မှာပါပဲရှင်…ပညာရွေအိုး လူမခိုး ဆိုတဲ့ ဆိုရိုးသာ ကြားဖူးခဲ့တာ အခုသမီးတို့ ခောတ်ရောက်မှပဲ ရွှေအိုးပေးမှ ပညာရ လို့တောင် ပြောင်းရမလိုဖြစ်နေပါပြီတော်…”

ရယ်လိုက်ရမှလား ငိုရတော့မှာလား မသိအောင် မိဘတွေရဲ့ ညည်းတွားသံတွေ ကြား အပြုံးစတစ်ခုနဲ့ ဆက်တွေးမိတယ်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) နိင်ငံတော်အခြေခံမူများတွင် ဥပဒေပုဒ်မ ၂၈အရ နိင်ငံတော်သည် - (ဂ) အခမဲ့ မသင်မနေရ မူလတန်းပညာရေးစနစ် ဖော်ဆောင်မည် ဆိုတာ ကျောင်းအပ်ခကိုပဲ အခမဲ့ ဖြစ်စေမှာလား၊ ကျောင်းသင်ယူ ထောက်ကူပစ္စည်းတွေနဲ့ သတင်းစာဖိုးဆိုတာတွေ၊ Report cardဖိုးတွေ၊ စာမေးပွဲဖြေသော စာအုပ်ဖိုးတွေ၊ မေးခွန်း ဖိုးတွေ၊ သန့်ရှင်းရေးဖိုးဆိုတာတွေရော မပါဘူးလား။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) နိင်ငံတော်အခြေခံမူများတွင် ဥပဒေပုဒ်မ ၂၈အရ နိင်ငံတော်သည် - (ဂ) အခမဲ့ မသင်မနေရ မူလတန်းပညာရေးစနစ် ဖော်ဆောင်မည် ဆိုတာ ကျောင်းအပ်ခကိုပဲ အခမဲ့ ဖြစ်စေမှာလား၊ ကျောင်းသင်ယူ ထောက်ကူပစ္စည်းတွေနဲ့ သတင်းစာဖိုးဆိုတာတွေ၊ Report cardဖိုးတွေ၊ စာမေးပွဲဖြေသော စာအုပ်ဖိုးတွေ၊ မေးခွန်း ဖိုးတွေ၊ သန့်ရှင်းရေးဖိုးဆိုတာတွေရော မပါဘူးလား။

ပညာရေးဖြင့် ခောတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိင်ငံတော်သစ်ကြီးကို တည်ဆောက်မဲ့ နိင်ငံတော်သစ်မှာ ဆရာ မိဘတွေ အပြန်အလှန် နားလည်ချစ်ခင် ယုံကြည်မှုတွေရှိဖို့ ခုချိန်ခါမှာမှ မကြိုးစားနိင်ဘူးဆိုရင်တော့ဖြင့် ပညာရွှေအိုး လူမခိုး ….. ဆိုတဲ့ ဆိုရိုးကို ရွှေအိုးပေးမှ ပညာရ…..လို့သာ ပြောင်းရတော့မလို ဖြစ်နေပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

သတင်းစာဖိုးအဖြစ် သတ်မှတ်ပေးထားသော စာရွက် (စုစုပေါင်းလေးရွက်) ထဲမှ ပုံ ဖြစ်ပါတယ်။































(ရေးသားဖေါ်ပြသူ - ၀လုံး)။

No comments: