Wednesday, November 16, 2011

ရဟန်းသံဃာတော်တွေရဲ့  ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းများအပေါ် ဖိအားပေးပြီး ပိတ်ပင်တားဆီးနေဆဲ ဖြစ်တဲ့ အာဏာရှင်အလိုကျ “နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ကြီး” ။









































သံဃမဟာနာယကအဖွဲ့ကြီးဆိုတာ မဆလ တပါတီအာဏာရှင် ဦးနေ၀င်းရဲ့ စီစဉ်ဆောင်ရွက်မှုနဲ့ ၁၃၄၂ခုနှစ် နယုန်လ ( ၁၉၈၀ ပြည့်နှစ် မေလ) မှာ ဂိုဏ်ပေါင်းစုံက သံဃာတော် (၁၂၀၀) ကို ပင့်ဖိတ်ပြီး ရန်ကုန်မြို့  ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလှိုင်ဂူကြီးအတွင်းမှာ စတင်ဖွဲ့ စည်းခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ သံဃာ့ကိုယ်စားလှယ် ၁၂၀၀ ကနေမှ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် အပါး (၃၀၀) ကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီအထဲကမှ သံဃမဟာနာယက ဆရာတော် (၃၃) ပါး (နောက်ပိုင်း (၄၇) ပါး) ကို ထပ်မံရွေးချယ်ခဲ့ပြီး ရန်ကုန်မြို့ မှာ ရုံးထိုင်စေခဲ့တာ ဖြစ်ပါတယ်။ အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ သာသနာတော်သန့်ရှင်းတည်တံ့ ပြန်ပွားရေး ဆောင်ရွက်ဘို့ ဆိုပေမယ့် တကယ်တမ်းမှာ “နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ကြီး” နေရာရယူလိုမှုတွေ၊ တံစိုးလက်ဆောင်ပဏ္ဍာမက်မောမှုတွေ၊ လာဘ်စားမှုတွေတို့ အပြင် အဆိုးဆုံးကတော့ အုပ်ချူပ်သူ မင်းအစိုးရရဲ့  သာသနာတော်ကို စော်ကားမှုတွေ သံဃာတော်တွေအပေါ် ရိုင်းစိုင်းစွာ ရိုက်ပုတ်သတ်ဖြတ်စော်ကားမှုတွေ လွန်လွန်ကျူးကျူး ဖြစ်ပေါ်တဲ့အထိ အခြေအနေရောက်နေတာကိုတောင်မှ ကန့် ကွက်ပြောဆိုရဲတဲ့ လေသံလေးတောင် မဟရဲဘဲ၊ သံဃာထုအပေါ် မားမားမတ်မတ် ရပ်တည်ပေးရမယ့်အစား သံဃာထုအပေါ် အာဏာရှင်တွေ အလိုကျ လိုက်လံဖိနှိပ်တားဆီးပေးတာ မတရားဖမ်းဆီးခံရအောင် အားပေးအားမြှောက်ပြုတာတွေကို “နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ကြီး” က လုပ်ဆောင်နေတာ တွေ့ ရှိရပါတယ်။

ဒီ “နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ကြီး”့ စတင်ဖွဲ့စည်းစဉ်က ထင်ရှားတဲ့ မန္တလေးက စာသင်တိုက်ကြီးအချို့က ဆရာတော်ကြီးတွေက သဘောမကျခဲ့တာ အမှန်ပါ။ သံဃနာယက ဖွဲ့စည်းပြီးရင် အာဏာရှင်စစ်အစိုးရက သံဃနာယကအဖွဲ့ကို အသုံးချပြီး သံဃာတော်တွေကို ဖိနှိပ်လာလိမ့်မယ်ဆိုတာ မြင်တော်မူခဲ့ပါတယ်။ ဒီလိုမြင်လို့  သာသနာရေးဌာနက အကောင်ကြီးကြီးတွေကိုယ်တိုင် ဆရာတော်ကြီးတွေထံ ချဉ်းကပ်ပြီး သံဃနာယကအဖွဲ့အစည်းထဲဝင်ဖို့ စည်းရုံးခဲ့ဖူးပါတယ်။ ဆရာတော်ကြီးတွေက လက်မခံဘဲ သံဃနာယကအဖွဲ့နဲ့ ကင်းကင်းနေပြီး စာသင်စာချအလုပ်တွေကိုပဲ ကြိုးစားလုပ်ဆောင်နေခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီလို မှန်မှန်ကန်ကန်နေတဲ့ ဆရာတော်ကြီးတွေကို နှစ်စဉ်ဆက်ကပ်နေကြ အဂ္ဂမဟာပဏ္ဍိတဘွဲ့တော်နဲ့ အဘိဓဇဘွဲ့တော် ရနိုင်တဲ့အရည်အချင်းတွေရှိပေမယ့် မပေးပဲ အာဏာပိုင်တွေက ချောင်ထိုးထားခဲ့ပါတယ်။ အဆိုပါ မှန်မှန်ကန်ကန်နေတဲ့ ဆရာတော်ကြီးတွေကတော့ အာဏာရှင်တွေနဲ့ မပတ်သက်ချင်လို့ ဘွဲ့တံဆိပ် မဆက်ကပ်လေ ကြိုက်လေပါ။

“နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ကြီး” ဟာ ရဟန်းသံဃာတော်များနဲ့ ပက်သက်ပြီး ဖြစ်ပေါ်လာတဲ့ ၀ိနည်းဆိုင်ရာအဓိကရုဏ်းတွေ ကျောင်းပိုင်ဆိုင်မှုများနဲ့ ပက်သက်ပြီးဖြစ်ပေါ်လာတဲ့ အဓိကရုဏ်းတွေကို ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် ဗဟိုသံဃမဟာနာယကအဖွဲ့ အဆင့်ဆင့်က စီမံဆုံးဖြတ်ခဲ့တဲ့နေရာမှာလည်း လက်မှတ်အတုတွေသုံးပြီး မမှန်မကန်ဘက်လိုက် ဆုံးဖြတ်ခဲ့မှုတွေ (ပြည်- ကျောင်းအမှု) လာဘ်စားမှုတွေ ရှိခဲ့တဲ့အတွက် သံဃမဟာနာကအဖွဲ့ အတွင်းမှာ သံသယတွေ အသံထွက်ခဲ့သလို လူအများရဲ့ ကဲ့ရဲ့ မှု၊ အထင်အမြင်သေးခံရမှုတွေ ခံခဲ့ရပါတယ်။ အဲဒီအထဲက အဆိုးဆုံး နာမည်အပျက်ဆုံး အမှုကတော့ ကောလင်းမှာဖြစ်ပွားခဲ့တဲ့ ကျောင်းပိုင်ဆိုင်မှုအဓိကရုဏ်းမှာ သံဃနာယကအဖွဲ့ ရဲ့ လာဘ်စားမှုတွေ ပြည်သူကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တဲ့အတွက် ပျံလွန်တော်မူသွားပြီဖြစ်တဲ့ မင်းကွန်း တိပိဋကဓရဆရာတော်ကြီး ဦးဝိစတ္တာဘိဝံသကတောင် "ဒါလား … သံဃမဟာနာယကအဖွဲ့ " လို့ ရှုတ်ချပြစ်တင်ခဲ့ဖူးပါတယ်။

သမိုင်းကြောင်းမှာ ကြည့်ရင်လည်း - ၁၉၈၈ခုနှစ်မှာ ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီး ဖြစ်ပေါ်ချိန်မှာ ငယ်ရွယ်တက်ကြွတဲ့ ရဟန်းငယ်များဟာ ပြည်သူလူထုနဲ့အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြတယ်၊ သံဃာတော်တွေဟာ ပြည်သူလူထုတွေ ဘေးအန္တရာယ်ကင်းဖို့နဲ့ ရပ်ရွာအေးချမ်းသာယာရေးအတွက် တဘက်တလမ်းက ပါဝင်ဆောင်ရွက်ခဲ့ကြတယ်။ ဒီလို ငြိမ်းချမ်းစွာ ဆောင်ရွက်ခဲ့တဲ့သံဃာတော်တွေကို စစ်အာဏာရှင်တွေက ဖမ်းဆီးပြီး အတင်းအဓမ္မ လူဝတ်လဲပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်။ ဒီလို အဖမ်းခံရတဲ့သံဃာတော်တွေကို “နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ကြီး” က အကူအညီပေးခဲ့ဖို့ နေနေသာ အာဏာရှင်အလိုကျ တားဆီးပိတ်ပင် အပြစ်တင်ရှတ်ချတဲ့ ကြေညာစာတွေ ထုတ်ပြ၊ သံဃာထုရဲ့  ငြိမ်းချမ်းစွာလှုပ်ရှားမှုတွေကို တားမြစ်ပိတ်ပင်ပြ၊ သံဃာတော်အစစ်တွေကို သံဃာအတုလို့  လီဆည်လုပ်ကြံစွပ်စွဲ၊ သံဃာတော်အဖြစ်မှ မတရားထုတ်ပယ် အစရှိတာတွေကို “နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ကြီး” က အာဏာရှင်တွေလိုဘဲ လုပ်ဆောင်ခဲ့ကြတယ်။

၁၉၉၀ ခုနှစ်တုန်းကလည်း မန္တလေးသံဃဆွမ်းလောင်းပွဲမှာ အာဏာရှင်စစ်တပ်က ကြိုတင်သတိပေးခြင်းမရှိဘဲ ဆွမ်းခံနေတဲ့ သံဃာတန်းထဲကို အကြမ်ဖက်ခဲ့တဲ့အတွက် ရဟန်းသာမဏေ (၁၅) ပါး ခန့် ထိခိုက်ခဲ့ရတယ်။ အာဏာရှင်စစ်တပ်ရဲ့ တရားမဲ့လုပ်ရပ်တွေကို သံဃာထုက မကျေနပ်လို့ မန္တလေးသံဃာထုက ဦးဆောင်ပြီး စစ်တပ်ရဲ့ သာရေး၊နာရေးကိစ္စတွေမှာ မပက်သက်ဖို့ဘို ဘုရားဟောကြားထားတဲ့ ၀ိနည်းတော်နဲ့ အညီ ပတ္တနိက္ကုဇ္ဇကံ ဆောင်ခဲ့ပါတယ်။ အဲဒီလို ကံဆောင်မှုကြောင့် ရန်ကုန်နဲ့  မန္တလေးက ထင်ရှားတဲ့ဆရာတော်ကြီးအချို့ကို လူဝတ်လဲပြီး ထောင်ချခံခဲ့ရပါတယ်။ ဒီလို ပြည်သူအများ ရိုသေလေးစားကိုးကွယ်နေတဲ့ ထေရ်ကြီး ၀ါကြီးဆရာတော်တွေကိုလည်း သံဃာအတုအယောင်တွေ၊ သင်္ကန်းဝတ်တွေဆိုပြီး စွပ်စွဲခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်လို့  “နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ကြီး” ရဲ့  စနက်မကင်းပါဖူး။

၂၀၀ရ စက်တာဘာ ရွှေဝါရောင် သံဃာထုကြီးရဲ့  ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက် မေတ္တာပို့ မှုတွေမှာလည်း - ပခုက္ကူမြို့ မှာ သံဃာတော်တွေကို ကြိုးကွင်းနဲ့  ပစ်ဖမ်းတာတွေ၊ ဓာတ်တိုင်မှာ ကြိုးနဲ့တုပ်ပြီး ဖမ်းဆီးရိုက်နှက်ခဲ့တာတွေ၊ ငွေကြာရံကျောင်းတိုက်ကို ညအချိန်မတော် စစ်တပ်က၀ိုင်းပြီး ရိုက်နှက်ဖမ်းဆီးလို့ သံဃာတွေ သွေးမြေကျခဲ့တာ၊ ကျောင်းတွေ ဖျက်ဆီးခံရတာ၊ ဘုရားဆင်းတုတော်တွေ ဖျက်ဆီးခံခဲ့ရတာတွေ၊ ရွှေဝါရောင်သံဃာတော်တွေကို လူမြင်ကွင်းမှာတောင် သေနတ်ဒင်နဲ့  ရိုက်ပုတ်ထုထောင်း၊ ဆဲရေးတိုင်းထွာ၊ သင်္ကန်းကိုတောင်မက သံဃာတော်တွေ လည်ပင်းကို ဆွဲပြီး အကြမ်းဘက်တာတွေ၊ သံဃာတော်တွေကို ပစ်ခတ်သတ်ဖြတ်ခဲ့တာတွေကို “နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ကြီး” က သာသနာတော်အရေး သံဃာထုအရေးအတွက် တိုင်းပြည်နဲ့  လူမျိုးအရေးအတွက် အာဏာရှင်အုပ်စုကို ကန့် ကွက်စကားလေးတောင် လေသံမဟဘဲ လစ်လျူရှူ မဆိုင်သလိုနေရုံမက သံဃာတော်တွေဘက်ကိုသာ ပိုမိုဒုက္ခရောက်စေအောင် အာဏာရှင်အလိုကျတွေ လုပ်ပြတာ “နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ကြီး” ပါ။



လက်ရှိအချိန်ကာလအထိ အကျဉ်းထောင်တွေထဲမှာ မတရားဖမ်းဆီးချူပ်နှောင်ခံနေရဆဲ သံဃာတော်တွေအတွက် မရပ်တည်ပေးဘဲ လစ်လှူရှူနေတာ “နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ကြီး” ပါ။

အဓမ္မ၀ါဒတွေ ထွန်းကားနေတဲ့ မြန်မာပြည်မှာ ဓမ္မ၀ါဒတွေ ထွန်းကားအောင်လုပ်ဖို့ထက် သံဃာတော်တွေကို မတရားနှိပ်ကွပ်ဖို့ အာဏာရှင်တွေ အလိုကျ အမိန့်တွေ ထုတ်ခိုင်းတိုင်း လက်မှတ်ထိုးပြီး ထုတ်ပြန်နေတာကို “နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ကြီး” က လုပ်နေဆဲဘဲလား။ “နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ကြီး”ဆိုတာ အာဏာရှင် လက်ကိုင်တုတ် ရုပ်သေးသံဃာ့အဖွဲ့အစည်း၊ သံဃာထုကို အမှန်ကိုယ်စားမပြုတဲ့ အဖွဲ့အစည်းဖြစ်နေတာ ယနေ့ အထိပါဘဲ။

မနေ့ က ဖြစ်ပေါ်ခဲ့တဲ့ မန္တလေးမြို့ က အရှင်သောပါက ဦးဆောင်တဲ့ သံဃာတော်များရဲ့  ငြိမ်းချမ်းစွာ ဆန္ဒပြမှုနဲ့  ဟောပြောမှုတွေကို “နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ကြီး” ကနေ မန္တလေးတိုင်း တိုင်းသံဃာနာယကအဖွဲ့ ကနေတစ်ဆင့် ပိတ်ပင်တားဆီးတာ ပြုလုပ်ခဲ့ပြန်ပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြကြတဲ့ သံဃာတော်မြတ်များရဲ့  ဆောင်ရွက်မှုများအပေါ် “နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ကြီး” ကနေ သွယ်ဝိုက်ဖိအားပေးခြင်းများ၊ တိုက်ရိုက်ပိတ်ပင်တားဆီးခြင်းများကို အာဏာရှင်အလိုကျ ဆက်လက်လုပ်ဆောင်နေတာမို့  “နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ကြီး” ဟာ သာသနာတော်အကျိုး၊ သံဃာထုအကျိုး၊ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို သွေဖီဖောက်ပြန်နေပြီး အာဏာရှင်ဆန်ဆန် ကျင့်သုံးနေသော အဖွဲ့ ကြီးအဖြစ် သတ်မှတ်လိုက်ပါတယ်။

No comments: