Monday, November 7, 2011

ဗိုလ်ချူပ်အောင်ဆန်းပြောတဲ့ နိုင်ငံရေး၊ ကိုဇာဂနာပြောတဲ့ နိုင်ငံရေးနဲ့  အနုပညာရှင်များ၊ ပြည်သူအကျိုး ဦးထိပ်ထားတဲ့ အနုပညာရှင်များ။

ပြည်သူချစ် ပြည်သူ့ အနုပညာရှင် ကိုဇာဂနာ ပြောဆိုတဲ့ အနုပညာရှင်နဲ့  နိုင်ငံရေးအကြောင်းကို ယခုလို သိရှိရပါတယ်။

“ဟို ကျနော်တို့ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ကို ပြန်သွားကြမယ်ဆိုရင် သြဂုတ်လ ၈ ရက်နေ့အပြီး ၂၂ ရက်နေ့မှာ အနုပညာရှင်တွေ၊ စာပေအနုပညာရှင်တွေ အဲဒီ အချိန်မှာ ဆရာကြီးဦးဝင်းတင် ဦးဆောင်ပြီး (Literature and Art)ဆိုတဲ့ နာမည်နဲ့ ကျနော်တို့ လှုပ်ရှားခဲ့ကြတဲ့ လူတွေ အခု အနုပညာသည်တွေထဲမှာလ ည်း ဒီလူတွေ အများကြီးပါပဲ။

ဆိုတော့ ပြည်သူတွေရဲ့ ပိုက်ဆံ ပြည်သူတွေရဲ့ ချွေးနည်းစာ အဲဒီဟာကို တိုက်ရိုက်စားသုံးလူတွေဟာ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အခွန်အခကို စားနေတာ မဟုတ်ပါဘူး။ အဲဒီတော့ ပြည်သူတွေရဲ့ ပိုက်ဆံကို ပြည်သူတွေရဲ့ ချွေးနည်းစာကို တိုက်ရိုက် စားနေတာ အဲ့ဒီ အနုပညာရှင်တွေပါ။ အဲ့ဒီ အနုပညာရှင်တွေဟာ ပြည်သူ့ အခွန်အခ ကနေ တဆင့်ယူပြီး လခစားလုပ်နေတဲ့လူ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ ပိုက်ဆံကို တိုက်ရိုက်စားနေတဲ့ အနုပညာရှင်တိုင်းမှာ ပြည်သူ့ဒုက္ခနဲ့ ပတ်သက်လာရင် တာဝန်ကို ရှိပါတယ်။

ပြည်သူတွေ ဆင်းရဲရင် အနုပညာသည်တွေလည်း ဆင်းရဲပါတယ်။ ပြည်သူတွေချမ်းသာရင် အနုပညာရှင် တွေလည်း ချမ်းသာပါတယ်။ ပြည်သူကို ချစ်လှပါချည်ရဲ့၊ ပြည်သူကို ချစ်လှပါချည်ရဲ့ ပြည်သူတွေဟာ ကျနော် တို့ရဲ့ ကျေးဇူးရှင်တွေပါလို့  တဖွဖွပြောနေမယ့်အစား ပြည်သူတွေရဲ့ ရှေ့ကို တစ်ချက်ကလေးလာပြီး ပြည်သူ့ ဒုက္ခတွေ အတွက် ခင်းများတို့အတွက် ကျနော်တို့က ခင်များတို့ရဲ့ ကိုယ်စား ခင်များတို့ရဲ့ ဒုက္ခတွေကို ဟောဒီလို ရင်ဖွင့် ပြောပါပြီဆိုတဲ့ အနုပညာသမားတွေကို ကျေးဇူးပြုပြီး ပြည်သူ့ရှေ့ကို ထွက်ခဲ့ကြပါတော့လို့  ကျနော် ဒီနေရာက တိုက်တွန်းချင်ပါတယ်။

ပြည်သူ့တွေရဲ့ ပိုက်ဆံကို သူတို့ စားထားကြတဲ့ လူတွေပဲဗျာ။ ပြည်သူ့ဒုက္ခကို ရင်ဆိုင်ကြပါ။ အဲဒီတော့ ဘုန်းဘုန်းတွေတောင်မှ ပြည်သူ့ဒုက္ခအတွက် ရှေ့ကို ထွက်လာကြပြီဆိုရင် လူတွေက ဘာလုပ်နေကြမှာလဲ။

လူတွေက တယ်လီဖုန်းလေးတစ်လုံးနဲ့၊ လူတွေက ကားလေးတစ်စီးနဲ့ လူတွေက ဘီယာလေးတမြမြ သောက်ပြီး တော့ ကျေနပ်နေကြမှာလား။ စတိတ်ရှိုးလေးပေါ်မှာ၊ စင်ပေါ်မှာ ဆိုပြီးတော့ စင်ပေါ်နဲ့ စင်အောက်ကို ပန်းသီးလေးတွေ ပေးတာနဲ့ပဲ သူတို့ ဘ၀တွေဟာ ပြီးဆုံးသွားပြီလား။ ပြည်သူတွေကို ချစ်ကြတယ်ဆို။ ပြည်သူချစ်တဲ့ အနုပညာသည်များ ကျနော် တောင်းပန်ပါတယ် ဒီနေရာကနေ။

ပြည်သူချစ်တဲ့ အနုပညာသည်များ၊ ပြည်သူ့ကို ချစ်တဲ့ အနုပညာသည်များ ပြည်သူ့အတွက် တစ်ခွန်းလောက်တောင်မှ စကားလေး မပြောနိုင်တော့ဘူးလား။ အောင်ဆန်းဘောလုံးကွင်းကြီးထဲမှာ၊ သုဝဏ္ဏ ဘောလုံးကွင်းကြီးထဲမှာ သီချင်းတွေ ဆိုနေကြတဲ့ နိုင်ငံကျော် အဆိုတော်ကြီးများ၊ အမျိုးသားညီလာခံမှာ သွားပြီး အငြိမ့်က နေကြသည့် လူရွှင်တော်ကြီးများ၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး နှစ်ပတ်လည် ရုပ်ရှင်ဇာတ်ကားတွေကို ပျော်ပျော်ရွှင်ရွှင်ကြီး သွားရောက်ရိုက်နေကြသည့် မြန်မာနိုင်ငံက ရုပ်ရှင်အနုပညာရှင်များကို ပြည်သူ့ အတွက် စကားလေးတစ်ခွန်းလေးတောင် မပြောပေးနိုင်တော့ဘူးလား။ အဲဒါလေးပဲ ကျနော်ပြောချင်ပါတယ်။” လို့  ပြည်သူချစ် ပြည်သူ့ အနုပညာရှင် ကိုဇာဂနာက ဒီမိုကရက်တစ်မြန်မာ့အသံနဲ့ တွေ့ ဆုံစကားပြောဆိုမှု အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။

ထို့ အတူ ပြည်သူချစ် ပြည်သူ့ အနုပညာရှင် ကိုဇာဂနာက နိုင်ငံရေးနဲ့ ကင်းချင်ကြတဲ့ အနုပညာရှင်များအကြောင်းကိုလည်း ယခုလို YPI နဲ့  တွေ့ ဆုံပြောဆိုမှုမှာ ပြောကြားခဲ့ပါတယ်။

“YPI: အင်တာဗျူးတွေမှာ နံမည်ကြီး အနူပညာသမားတွေက နိုင်ငံရေး စိတ်မ၀င်စားဘူး လို့မကြာခဏ ပြောကြတာ ကြားဖူးတယ်။ အဲဒါနဲ့ပါတ်သက်လို့ရော ဘယ်လိုမြင်လဲ၊


Zarganar: ကျွန်တော်တို့ဆီက အနုပညာသမားတွေရဲ့သနားစရာ ကောင်းတဲ့ အဖြစ်အပျက်ဆိုတာ အဲဒါပဲ။ ကျွန်တော်တို့က နိုင်ငံရေးကို စိတ်မ၀င်စားပါဘူး ကျွန်တော်တို့ နိုင်ငံရေးနဲ့ ကင်းကွာပါတယ်၊ နိုင်ငံရေးဆိုတာ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး ပြောတဲ့လူတွေက ပြီးခဲ့တဲ့ န၀တအစိုးရရဲ့ကြော်ငြာမှန်သမျှ သူတို့ ရိုက်ပေးတယ်၊ အဲဒီ ပြောတဲ့လူတိုင်းက န၀တအစိုးရရဲ့ ဆည်တွေပေါ်လည်း တက်ခုန်ကြတယ်၊


သူတို့ ဆောက်တဲ့ တံတားတွေပေါ်မှာလည်း တက်ကပြတယ်၊ ပြောတော့ သူတို့က နိုင်ငံရေး မလုပ်ဘူး ၀ါသနာမပါဘူးပြောတယ်။ န၀တအစိုးရလက်ထက်မှာ လုပ်သမျှကိစ္စအကုန် သူတို့ ကြော်ငြာလုပ်ပေးတယ်၊ အဲဒါ သူတို့ နိုင်ငံရေးလုပ်နေတာ မဟုတ်ဖူးလား။ နိုင်ငံရေး လုပ်တာ မဟုတ်ဘူးဆိုရင် န၀တအစိုးရ လက်ထက်တုန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းရဲ့ နှစ်ပတ်လည်ကားမှာဆိုရင် မပါရမှာတောင် ကြောက်နေတယ်။ မပါများ မပါရရင် သူတို့ကိုယ်သူတို့ သတ်သေမလားတောင် မသိဘူး အနုပညာသည်တွေက။

အဲဒီတုန်းကကျတော့လည်း လုပ်လိုက်ကြတဲ့ဟာ၊ အဲဒါ နိုင်ငံရေး မဟုတ်ဘူးလား။ သူတို့ အစိုးရရဲ့ဝါဒဖြန့်ချီရေးမှာ သူတို့ပါဝင်ခဲ့ကြတာပဲ။ အဲဒီတော့ မဆလခေတ်တုန်းကလည်း ဒီတိုင်းပဲ မဟုတ်ဘူးလား၊ ပြောတော့လည်း ကျွန်တော်တို့က နိုင်ငံရေးဝါသနာမပါပါဘူး၊ မလုပ်ပါဘူးဆိုပြီးတော့ ဒီအလုပ်တွေလုပ်ခဲ့တာဟာ ဒါနိုင်ငံရေးနည်းအရ ၀ါဒဖြန့်ချီရေးကို ထဲထဲဝင်ဝင် မက်မက်သက်သက် ၀င်လုပ်ခဲ့ကြတာ ဒီ အနုပညာသည်တွေပဲ။

အခုကျတော့မှအဲဒီတုန်းက အဲလိုတွေလုပ်ပြီး တစ်ဖက်မှာကျတော့ ကျွန်တော်တို့က နိုင်ငံရေး ၀ါသနာမပါဘူး၊ နိုင်ငံရေးဝါသနာမပါဘူးဆိုလို့ ကျွန်တော်က သြော် သနားစရာလေးတွေပါလားလို့ သူတို့ကိုမြင်တာ။

သူတို့ စာလည်း မဖတ်ကြဘူးဗျ၊ နိုင်ငံတကာအမြင်လည်း မရှိကြပဲနဲ့ ရမ်းပြောနေကြတာမျိုးတော့ မဖြစ်စေချင်ဘူးလို့၊ ဒါကြောင့် ကျွန်တော်ဒါတွေ လုပ်ရတာ။ ဆိုတော့ သူတို့ကိုယ်တိုင် ၀ါဒဖြန့်ချီရေးရဲ့ Instrument လေးတွေဖြစ်ခဲ့တာ ကိုလည်း သိပုံမပေါ်ဘူး၊ ကိုယ့်ကိုကိုယ် နားမလည်ရှာသောသူများသည် မြန်မာ့ရုပ်ရှင်လောကမှ ပညာရှင်များ ဖြစ်နေသည် ဆိုတာမျိုးကျတော့ ကျွန်တော်စိတ်မကောင်းဘူး။” လို့  ပြည်သူချစ် ပြည်သူ့ အနုပညာရှင် ကိုဇာဂနာက ပြောကြားခဲ့ပါတယ်။

ထပ်မံပြီး ကိုဇာဂနာ ပြောကြားမှုကတော့ “အနုပညာသမားတွေက နိုင်ငံရေးကို ကင်းကင်းရှင်းရှင်း နေရမယ်လို့ သူတို့က ပြောကြတယ်၊ တော်တော်သနားစရာ ကောင်းပါလားလို့ ဆိုပြီးတော့ ကျွန်တော်က သူတို့ကို သနားနေတာ ထောင်ထဲမှာ။ ထောင်ထဲမှာနေရင်း သနားနေတော့ ဒုက္ခပဲပေါ့၊ ဒီလူတွေကို ဘယ်လိုရှင်းပြရမလဲ၊ သူတို့လုပ်နေတဲ့ ရုပ်ရှင်အနုပညာပဲဖြစ်ဖြစ်၊ ဂီတအနုပညာပဲဖြစ်ဖြစ်၊ ဇာတ်သဘင်အနုပညာပဲ ဖြစ်ဖြစ် နိုင်ငံရေးနဲ့ ဘယ်လိုမှ မကင်းနိုင်ဘူး၊ ဒီလိုကင်းလို့မရဘူးလို့သူတို့ကိုပြောနေတာ ပါတီထဲဝင်ပြီး နိုင်ငံရေးလုပ်ဖို့ ပြောနေတာမဟုတ်ဘူး
နိုင်ငံရေးက ဘယ်လိုလူမျိုးမှ မကင်းဘူး၊” လို့  ပြောကြားပြန်ပါတယ်။


ဒီနေရာမှာ “နိုင်ငံရေး” ဆိုတာ ဘာလည်းဆိုတာ ပြောပြနေတဲ့၊ အထူးသဖြင့် အနုပညာလောကကို ချစ်မြတ်နိုးလွန်းတဲ့ အနုပညာရှင်တွေကို သိသင့်စေချင်တဲ့ ဆန္ဒနဲ့  ပြောဆိုနေတဲ့ ကိုဇာဂနာရဲ့  ပြောဆိုချက်တွေဟာ လောကရဲ့  မှန်ကန်တဲ့ သစ္စာစကားတွေပါ။

မြန်မာပြည်လွတ်လပ်ရေးဖခင်ကြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်းကိုယ်တိုင်လည်း “နိုင်ငံရေး” ဘာလည်းဆိုတာ ရှင်းလင်းတိကျစွာ ပြောကြားခဲ့တာကို သိရှိကြမှာပါ။

“နိုင်ငံရေးဆိုတာ” - နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ နေ့ စဉ်နှင့်အမျှ လူ့ လောကတွင် ကြုံတွေ့ နေရသော ကိစ္စပင် ဖြစ်သည်။ တနည်းအားဖြင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ ကိစ္စဟု ဆိုရပေမည်။ ကျွန်ုပ်တို့ ၏ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှုအစုစုတို့ သည် နိုင်ငံရေးပင် ဖြစ်ပေသည်။ ကျွန်ုပ်တို့ သည် နိုင်ငံရေးကို မဆင်မချင် မတွေးတောမိစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့ နှင့် အမြဲဆက်နွယ်နေပေသည်။ နိုင်ငံရေးကို ရှောင်ရှားစေကာမူ ကျွန်ုပ်တို့ နှင့် အမြဲဆက်နွယ်နေပေသည်။ ကျွန်ုပ်တို့ ၏ အိမ်၊ ရုံး၊ အလုပ်ရံတို့ တွင် နေ့ စဉ်နှင့်အမျှ နိုင်ငံရေးကိုပင် လုပ်နေကြရ၏။” လို့  ပြောကြားခဲ့ပါတယ်။

မြန်မာပြည်လွတ်လပ်ရေးဖခင်ကြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်းကိုယ်တိုင်ကလည်း ယခုလို “နိုင်ငံရေး” ရဲ့  အဓိပ္ပါယ်ကို ရှင်းလင်းတိကျစွာ ပြောဆိုခဲ့သလို၊ ယခုအချိန်ကာလမှာလည်း ပြည်သူချစ် ပြည်သူ့ အနုပညာရှင် ကိုဇာဂနာက အနုပညာရှင်များအတွက် အထူးဦးတည်ပြီး “နိုင်ငံရေးနဲ့  အနုပညာရှင်များ” အကြောင်း ပြောကြားတာ ဖြစ်ပါတယ်။

ပြည်သူ့ အကျိုးအတွက် ဦးထိပ်ထားပြီး မှန်ကန်သော လုပ်ရပ်နဲ့  ပြောဆိုမှုကို လုပ်ခဲ့ကြတဲ့ ပြည်သူ့ အနုပညာရှင်တွေ ခေတ်အဆက်ဆက်မှာ ပေါ်ပေါက်ခဲ့ပါတယ်။ သို့ သော်လည်း အနုပညာလောကမှာ မိမိတို့  ကိုယ်ကျိုးအတွက်ကိုသာ ကြည့်ပြီး အတ္တကြီးစွာနဲ့  ပြည်သူ့ မျက်နှာကို မထောက်ထားဘဲ ဖောက်ပြန်နေကြတဲု့ အနုပညာရှင်အရေအတွက်ကတော့ လက်ရှိအနုပညာလောကမှာလည်း အမြောက်အမြားရှိနေဆဲ ဖြစ်ပါတယ်။ မိမိ အမည်ကျော်ကြားရေး၊ မိမိ ၀င်ငွေကောင်းရေး၊ မိမိ ဆုချီးမြှင့်ခံရရေး၊ မိမိ အခွင့်အရေး များများ ရရှိရေးအတွက် ပြည်သူတွေ ကျောကို ခြေနဲ့ နင်းပြီး မောက်မာနေကြတဲ့ အနုပညာရှင်တွေ ရှိနေကြပါတယ်။

အဆိုးဆုံး လုပ်ရပ်တွေကတော့ တိုင်းပြည်နဲ့  ပြည်သူလူထုအကျိုး အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်နစ်နာအောင် လုပ်နေတဲ့ မတရားသော နည်းလမ်းများနဲ့  ဖိနှိပ်အနိုင်ကျင့်ဗိုလ်ကျနေတဲ့ အဓမ္မ၀ါဒီ အုပ်ချူပ်သူ လူတန်းစားနဲ့  အနီးကပ် ကပ်ဖားယက်ဖားလုပ်ပြီး ပင့်ကော်မြှောက်စား ပေါင်းသင်းပြနေတဲ့ အနုပညာရှင်များဘဲ ဖြစ်ပါတယ်။ များပြားလှစွာသော ဆင်ခြေပေးမှုများနဲ့  ကိုယ်ကျိုးအတ္တကို ဖုံးကွယ်ပြပြီး လိုတာထက် ပိုလွန်းနေတဲ့ အဆိုပါ ဖောက်ပြန်သူ အနုပညာရှင်များဟာ ကျေးဇူးရှင်ပြည်သူလူထုကို ကျေးပြန်စွပ်ရုံတင်မက ပြည်သူလူထုကို အဆိပ်အတောက်များကိုပါ ပြန်ကျွေးနေတာ ဖြစ်ပါတယ်။

အနုပညာရှင်ဆိုတာ တိုင်းပြည် ပြည်သူလူထုအတွက် စံနမူနာယူစရာကောင်းတဲ့၊ အတုကောင်း ယူသင့်စရာကောင်းတဲ့၊ တိုင်းပြည်နဲ့  လူမျိုးအတွက် ဘာသာရေး သာသနာရေး လူမှုရေး အကျင့်စာရိတ္တအရေး ယဉ်ကျေးမှု အစရှိတဲ့ အဘက်ဘက်မှာ ပြည်သူလူထုကို မှန်ကန်သင့်လျော်စေအောင် လမ်းပြဦးဆောင်ပေးရမယ့်အစား၊ အများပြည်သူရဲ့  မွန်မြတ်သော အနုပညာအပေါ် ရိုးသားသော အားပေးမှုကို အလွဲသုံးစားလုပ်ကာ အဆိပ်အတောက် အညှီအဟောက် အမောက်အမာ အရိုင်းအစိုင်းများနဲ့  ကိုယ်ကိုတိုင်က ဖြစ်ချင်သလို ဖြစ်ပျက်နေကြတဲ့ ဖောက်ပြန်သူ အနုပညာရှင်များ ယနေ့ လက်ရှိမှာ ရွံ့ မုန်းဖွယ်ရာ မြင်တွေ့ နေရပါသေးတယ်။

ယနေ့  အခုအချိန်အခါမှာ ခေတ်စနစ်ရဲ့  ပြောင်းလဲမှုအရ ပြည်သူလူထုဟာ လက်ရှိခေတ်စနစ်နဲ့  တွေ့ ကြုံနေရတဲ့ အတွေ့ အကြုံတွေအရ အမှားအမှန် အကောင်းအဆိုးကို လွန်ခဲ့ပြီးတဲ့ ခေတ်တွေနဲ့  မတူဘဲ များစွာဘဲ သုံးသပ်ပိုင်းခြား ခွဲခြားသိမြင်တတ်နေကြပါပြီ။ ပြည်သူလူထုကို ကျေးဇူးရှင်လို့  ရင်ထဲ နှလုံးသားထဲက အလေးအနက်ထား လက်ခံတယ်ဆိုရင် ပြည်သူ့ အကျိုးကို စစ်မှန်စွာ သယ်ပိုးလိုကြတယ်ဆိုရင်တော့ ယနေ့  စာပေ ဂီတ ရုပ်ရှင် အစရှိတဲ့ အနုပညာလောကမှ အနုပညာရှင်များ မိမိတို့ ကိုယ် မိမိတို့  ပြန်လည်သုံးသပ်ကြပြီး မိမိတို့  ချစ်မြတ်နိုးတဲ့ အနုပညာအပေါ် သစ္စာစောင့်ထိန်းပြီး ပြည်သူလူထုအပေါ်လည်း သစ္စာတရား ရှိကြပြီး ပြည်သူဘက်က မားမားမတ်မတ် ရပ်တည် ပြောဆိုဆောင်ရါက်ကြဖို့  ဒီအချိန်ဟာ အထူးသင့်လျော်ဆုံး အချိန်ဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။

ပြည်သူများရဲ့  ရင်တွင်းကနေ နက်နက်ရှိုင်းရှုင်း မြတ်မြတ်နိုးနိုး လေးလေးစားစားနဲ့  တန်ဖိုးရှိစွာ ပေးဆပ်မယ့် ထာဝရ အကယ်ဒမီဆုမျိုးကို ရယူပိုင်ဆိုင်စေချင်ပါတယ်။

ဒီနေရာမှာ ခေတ်အဆက်ဆက် ပြည်သူလူထုအကျိုးကို ဦးထိပ်ထားခဲ့ကြတဲ့ အနုပညာရှင်များထဲမှ အချို့ ကို ပြန်လည် တင်ပြချင်ပါတယ်။ ထပ်မံပြီးတော့လည်း ကြိုးစားကာ ဆက်လက် တင်ပြသွားမှာ ဖြစ်ပါတယ်။

ပထမဦးစွာ ဖေါ်ပြချင်တဲ့ တစ်ခန်းတစ်ကဏ္ဍကနေ ပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးအကြောင်း ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီးအချိန်ကာလအတွင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှေ့ မှာ ဖြစ်ပါတယ်။ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ ဆရာဝန် သူနာပြုများအပါအ၀င် ကျောင်းသားပြည်သူ ရဟန်းရှင်လူအပေါင်းကို အာဏာရူးများရဲ့  လက်ပါးစေများက သေနတ်နဲ့  ပစ်ခတ်ပြီးတဲ့နောက်နေ့ မှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ပြင်ပလူနာဌာနဘေးက နေရာကွက်လပ်မှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့နဲ့ အတူ ယခင် ၁၉၇၄ - ၇၅ - ၇၆ ခုနှစ် ကျောင်းသားဟောင်းကြီးများ အတူတစ်ကွ တွဲဘက်ပြီး ဒီမိုကရေစီရရှိရေး တောင်းဆိုပြောဆိုမှုပြုလုပ်ဖို့  ဟောပြောပွဲ စင်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒီလို ဟောပြောပွဲ စင်ထိုးပြီးတဲ့နောက်မှာ ဒီမိုကရေစီအရေးနဲ့  မြန်မာပြည်ရဲ့  တိုင်းသူပြည်သားတွေ နှစ်ပေါင်း (၂၆) နှစ်ကြာ ရင်ဆိုင် ကြုံတွေ့ နေရတဲ့ အထွေထွေ အခက်အခဲတွေအကြောင်း ပြောကြားဖို့  ပြောကြားလိုသူကို ဖိတ်ခေါ်တဲ့အချိန်မှာ အာဏာရူးလက်ပါးစေတွေရဲ့  ပစ်ခတ်မှု မကြာခင်ဖြစ်ခဲ့တဲ့ အနေအထားကြောင့် စင်ပေါ်တက်ရောက်ပြောကြာမယ့်သူ ရုတ်တရက် မရှိတဲ့ဟာ ကြုံတွေ့ ရပါတယ်။

ဒီလိုအခြေအနေ အချိန်အခါမှာ ဟောပြောစကားပြောကြားဖို့  စင်ပေါ်ကို ရဲဝန့် စွာနဲ့ တက်ရောက်လာသူကို တွေ့ မြင်လိုက်ရတဲ့ အခါမှာတော့ အံသြ ၀မ်းမြောက်မိစေရလောက်အောင် ဖြစ်သွားစေတဲ့ တိုင်းရင်းသား စစ်စစ်ကြီး အနုပညာသမား စစ်စစ်ကြီး တစ်ယောက်ဘဲ ဖြစ်ပါတယ်။ ရန်ကုပြည်သူ့ ဆေးရုံကြီးအတွင်း ဒီမိုကရေစီအရေးအတွက် စုစည်းရောက်ရှိနေကြတဲ့ ပြည်သူလူထုဟာ အားပါးတရ လက်ခုပ်တီးကြိုဆိုခဲ့ကြသူကတော့ သူရဲ့  သီချင်းတွေကို အင်မတန်ချစ်မြတ်နိုးကြတဲ့ အဆိုတော်ဘဲ ဖြစ်ပါတယ်။ သူရဲ့  သီချင်းတွေကို ကြိုက်နှစ်သက်တာထက် ပိုပြီးထပ်လောင်း လေးစားချစ်မြတ်နိုးမှုကို ရရှိမှုကတော့ ပြည်သူ့ တစ်ရပ်လုံး လိုလားတောင့်တနေတဲ့ အာဏာရှင်စနစ်လက်အောက်က လွတ်မြောက်ရေးနဲ့  လူသားတစ်ဦးချင်းစီတိုင်းရဲ့  လူသားအခွင့်အရေးကို အာမခံရရှိနိုင်တဲ့ စစ်မှန်သော ဒီမိုကရေစီလမ်းစဉ်ကျင့်သုံးရေးကို ပြည်သူလူထုနဲ့ အတူတူ မားမားမတ်မတ် ရပ်တည်လိုက်တဲ့ အဆိုပါ အနုပညာရှင်ကြီးရဲ့  လုပ်ဆောင်ချက်ကြောင့်ဘဲ ဖြစ်ပါတယ်။ အဲ့ဒီ ပြည်သူကို ချစ်တဲ့ အနုပညာရှင်ကြီးကတော့ နိုင်ငံကျော်အဆိုတော် စိုင်းထီးဆိုင်ဘဲ ဖြစ်ပါတယ်။



































နောက်တစ်ဦးကတော့ နိုင်ငံကျော်အဆိုတော် စိုင်ထီးဆိုင်ကိုယ်တိုင်က လေးစားစွာနဲ့  ပြောကြားဂုဏ်ပြုခဲ့သူ ပြည်သူ့  အနုပညာရှင်တစ်ဦးပါ။ သူကတော့ ပြည်သူချစ် နိုင်ငံကျော်အဆိုတော် ထူးအိမ်သင် ဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ ထူးအိမ်သင်ရဲ့  ဈာပနမှာ စိုင်းထီဆိုင်က ယခုလို ပြောကြားခဲ့ပါတယ်။



































“ကိုငှက် (ထူးအိမ်သင်) ကို ကျွန်တော် အလေးပြုပါတယ်။ ကိုငှက် ကျွန်တော့်ထက် ငယ်ပေမဲ့ သူ့ကို ကျွန်တော် လေးစားတယ်။ အားကျတယ်။ သူ့လို ကျွန်တော် ကောင်းကောင်း မခုခံနိုင်ခဲ့ဘူး။ သူ့လို ကျွန်တော် မချစ်မနှစ်သက်တဲ့ သူတွေနဲ့ ကင်းကင်းရှင်းရှင်း မနေနိုင်ခဲ့ဘူး။ ကိုငှက်က ရှင်းတယ်၊ ပြတ်တယ်၊ သူ့အနုပညာကို ဘယ်လိုပဲ ပိတ်ပင် ပိတ်ပင်၊ ဘယ်လိုပဲ တားဆီးတားဆီး၊ ကိုငှက်ဟာ ပေါ်လစီ သီချင်းတစ်ပုဒ် တလေတောင်မှ ရေးလည်း မရေးခဲ့သလို ဆိုလည်း မဆိုခဲ့ဘူး။ ဒီအတွက် ကျွန်တော်သူ့ကို လေးစားတယ်၊ ဆရာတင်တယ်။ ကိုငှက်က သူလုပ်ချင်တာတွေ လုပ်ခွင့်မရခဲ့ပေမဲ့ သူမလုပ်ချင်တဲ့ဟာတွေကို မလုပ်ဘဲနေရဲတဲ့ သတ္တိအပြည့်ရှိ သူပါ။ ဒါကြောင့် ကျွန်တော် သူ့ဈာပနမှာ နောက်ဆုံး အနေနဲ့ ကိုငှက်ကို အလေးပြုပါတယ်” လို့  ရင်တွင်းခံစားချက်တွေကို ပြောကြားရင်း ပြည်သူအနုပညာရှင်တွေရဲ့  ပြည်သူအပေါ် ဦးထိပ်ထားမှုဟာ ကမ္ဗည်းတွင်စေပါတယ်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီး အချိန်ကာလအပါအ၀င် ခေတ်အဆက်ဆက်မှာ ပြည်သူကို အမှန်တကယ်ချစ်မြတ်နိုးအလေးထားကြတဲ့ အနုပညာရှင်များ စာပေ ဂီတ ရုပ်ရှင် အစရှိတဲ့ အနုပညာလောကကနေ ပေါ်ထွက်ခဲ့ကြတာ ရှိပါတယ်။ ရုပ်ရှင်အနုပညာဘက်မှ အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဟာလည်း ပြည်သူလူထုနဲ့ အတူ ပြည်သူ့ ဆန္ဒဖေါ်ထုတ်မှုတွေမှာ ပြည်သူနဲ့ တစ်သားထဲ အတူလိုက်ပါပြီး ပြည်သူ့ အကျိုးကို တတ်နိုင်တဲ့ဘက်ကနေ တစ်ခန်းတဏ္ဍ ပါဝင်ခဲ့ပါတယ်။

အဆိုပါ အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင်ကတော့ ၁၉၈၂ ခုနှစ်မှာ အကယ်ဒမီဆုကို ဆွတ်ခူးခဲ့တဲ့ ခိုင်ခင်ဦးဘဲ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးအတွင်းမှာ ပြည်သူလူထုနဲ့ အတူ ချီတက်ပြီး ပြည်သူ့ ဆန္ဒတွေကို ထပ်တူထပ်မျှ ဖေါ်ထုတ်ခဲ့ပါတယ်။



































ပြည်သူလူထုရဲ့  တွေ့ ကြုံနေရတဲ့ အထွေထွေအခက်အခဲတွေ၊ တိုင်းပြည်ရဲ့  ပကတိအခြေအနေတွေ၊ ဘာသာ သာသနာ ယဉ်ကျေးမှူ စီးပွား လူမှုဖူလုံရေးနဲ့  တိုင်းသူပြည်သားများ အသက်အိုးအိမ်စည်းစိမ် သာယာပြည့်စုံ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မိမ်တို့  တတ်နိုင်တဲ့ တစ်ဖက်တစ်လမ်းမှ မှန်မှန်ကန်ကန် လက်တွေ့ ကျကျ ဆောင်ရွက်သယ်ပိုးပေးနိုင်မှသာလျှင် တိုင်းပြည်နဲ့ လူမျိုးကို အမှန်တကယ် ချစ်မြတ်နိုးတဲ့ ပြည်သူ့ အနုပညာရှင်အဖြစ် ပြည်သူလူထုက တန်ဖိုးထား လေးစားစွာနဲ့  အသိအမှတ်ပြုမှာပါ။

ခေတ်အဆက်ဆက်နဲ့  ယနေ့ လက်ရှိ ပြည်သူလူထုအကျိုးကို ဦးထိပ်ထား သယ်ပိုးဆောင်ရွက်နေကြတဲ့ ယနေ့  လက်ရှိ ပြည်သူလူထုအကျိုးကို ဦးထိပ်ထား ဆောင်ရွက်နေကြတဲ့ နိုင်ငံကျော် လူရွှင်တော် ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ကိုဇာဂနာနဲ့  နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီ ကိုကျော်သူတို့ အပါအ၀င် ပြည်သူ့  အနုပညာရှင်များအား အထူး လေးစားဦးညွှတ် ဂုဏ်ပြုအပ်ပါတယ်။































































စာပေ ဂီတ ရုပ်ရှင် ပန်းချီ အစရှိတဲ့ အနုပညာလောကမှ အနုပညာရှင်အပေါင်း ပြည်သူကို အမှန်တကယ် လုပ်ကျွေးပြုစုနိုင်ကြမယ့် ပြည်သူ့ အနုပညာရှင်များ ဖြစ်ကြပါစေလို့  တိုက်တွန်းလိုက်ရပါတယ်။

No comments: