Wednesday, July 11, 2012

အမျိုးသမီးကောင်းတွေ သတိထားပါ။

အမျိုးသမီးကောင်းတွေ သတိထားပါ။

ဥပဒေဘောင်အတွင်းမှ လူကုန်ကူးမှုများ ရန်ကုန်မြို့လယ်၌ပင် တွေ့နေရ
sex_worker အရွယ်ကောင်း၊ ရုပ်ချော မိန်းကလေးငယ်များကို သွေးဆောင်ဖြား ယောင်းပြီး လိင်မှုကိစ္စ အလို့ငှာ မြှူဆွယ်နေသော လူပွဲစားများသည် ရန်ကုန်ကဲ့သို့သော မြို့ကြီးများတွင် ပင် ပြောင်ပြောင်တင်းတင်း လှုပ်ရှားသွားလာလျက် အသိတရား ကိုယ်ခံအားနည်းပါးသော မိန်းကလေးငယ်များကို မက်လုံးပေး ဆွဲဆောင်နေကြောင်း သိရသည်။

မကြာသေးမီက ကျင်းပပြီးစီးသွားခဲ့သော သင်္ကြန်ပွဲတော်အတွက် တစ်ခုသော သင်္ကြန်မဏ္ဍပ် ၌ ဖျော်ဖြေရန် မိန်းကလေးအဆိုရှင်များကို ယှဉ်ပြိုင်စေပြီး လူရွေးပွဲ ပြုလုပ်ခဲ့သည်။ အရွေးချယ် ခံရသူ မိန်းကလေး အဆိုရှင်များသည် တစ်ဦးလျှင် အနုပညာကြေး ကျပ် ၂,၅၀,၀၀၀ ရရှိ မည် ဖြစ်ပြီး သင်္ကြန်တွင်း လေးရက်စာအတွင်း အစားအသောက်ပါ အခမဲ့ စီစဉ် ပေးသွားမည် ဖြစ်ကြောင်း သိရ သည်။

ထိုသို့ အဆိုရှင်ရွေးပွဲ ကျင်းပပြီးနောက် အရွေးချယ်ခံရသော မိန်းကလေးတစ်ယောက်ကို ထိုပွဲအတွက် ကန်ထရိုက်ယူကာ တာဝန်ခံစီစဉ်ပေးသော အမျိုးသမီးကြီးတစ်ဦးက ချဉ်းကပ်ကာ မိန်းကလေးကသာ ဆန္ဒရှိလျှင် သက်ကြီးပိုင်း အမျိုးသားကြီးတစ်ဦးက လိုအပ်သော အထောက်အပံ့ပေးလျက် တရားမ၀င် ပေါင်းသင်းရန် အစီအစဉ်ရှိကြောင်း ပြော ကြားခဲ့သည်ဟု သိရသည်။

ထိုမိန်းကလေးက ခါးခါးသီးသီး ငြင်းဆန်သောအခါ အမျိုးသမီးကြီး က လေသံပြောင်းကာ နောက်ဆုတ်သွားပြီး နောက်သုံးရက်နေသောနေ့တွင် ဖုန်းဖြင့် ဆက်သွယ်ကာ ထိုရေကစားမဏ္ဍပ်၌ ဖျော်ဖြေမည့် အစီအစဉ်တွင် နာမည်ကြီး မင်းသားမင်းသမီး အဆိုတော်များကို ဖိတ်ကြားမည်ဖြစ်သဖြင့် နာမည် မရသေးသူများကို သုံး မည် မဟုတ်ကြောင်း အကြောင်းပြန်ကြားခဲ့သည်ဆို၏။

“သမီးက သူပြောတဲ့ အစီအစဉ်ကို မလိုက်နာနိုင်ကြောင်း ပြတ်ပြတ်သားသား ပြောခဲ့ တာပဲရှိတယ်။ ဘာမှ မိုက်မိုက်ရိုင်းရိုင်း နစ်နစ်နာနာ ပြောခဲ့တာ မရှိပါဘူး။ အဲဒါ ဖုန်းလာလို့ ကိုယ်မပါဘူး ဆိုတာ သိရတော့ စိတ်ထဲမှာ တော်တော် ခံပြင်းမိတယ်။ သူတို့က သမီးကို လူရွေးပွဲမှာ အောင်တော့ စရန် ငါးသောင်း ပေးပြီးသား။ အဲဒါကို ပြန်ပေးမယ်ဆိုတော့ နေပါစေတဲ့။ အဆုံးထားလိုက်ပါတယ်တဲ့။ သမီးက သူတို့ဆီ သွားပြီး စရန်ကိုတောင် ပြန်ပေးပစ်ချင်တာ။ လုံးဝ ယူမထားချင်ဘူး။ ဒါပေမဲ့ သူတို့နဲ့ ထပ်မတွေ့ ချင်လို့၊ သူ တို့နဲ့ မျက်နှာချင်း ထပ်မဆိုင်ချင်လို့ မသွားဘဲ နေလိုက်တာ။ ရှက်လည်း ရှက်တယ်၊ ဒေါသလည်း ထွက်တယ်၊ ၀မ်းလည်း နည်းတယ်” ဟု အမည်မဖော်လိုသော ဖြားယောင်းခံ မိန်းကလေးငယ်က ပြောသည်။

ထိုသို့ ငွေကြေး ဓန အင်အားဖြင့် မြှူဆွယ် ဖြားယောင်းကာ အရွယ်ကောင်းသော မိန်းကလေး ငယ်များ၏ ဘ၀ကို နွံအိုင်အတွင်း တွန်းပို့ရန် ကြိုးပမ်းနေသော ဖြစ်ရပ်များမှာ မြို့ကြီးများတွင် ကျယ်ပြန့် လာနေပြီ ဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် ရုပ်ရည် ချောမော လှပသော မိန်းကလေးငယ်များသည် လှချင်ပချင် ၀င့် ကြွားချင် စိတ်တို့ကို ရှေ့တန်းတင်လျက် အသွေးအသားကို ဈေးကစားမိကြသလို ရေလိုက်လွဲမှားမှုများ ရှိနေကြောင်းလည်း သတိပြု မိသူတို့က ဆိုသည်။

အထက်ဖော်ပြပါ သင်္ကြန်မဏ္ဍပ် ဖြစ်ရပ်တွင် ဖြားယောင်းခံရသော မိန်းကလေးမှာ မိဘ များက ငွေကြေးဓန တောင့်တင်းသူများဖြစ်ခြင်း၊ သူမသည် အနုပညာသက်သက်ကိုသာ ရူးသွပ်ကာ အခြား ပလွှားမှုများကို အာရုံ မရောက်ခြင်း စသည်တို့ကြောင့် ဖြားယောင်း မှုကို တွန်းလှန်နိုင်ခဲ့ခြင်းဖြစ်သည်။

အကယ်၍ လူပွဲစားများ ဖြားယောင်းသည့်အတိုင်း စပွန်ဆာ (ထောက်ပံ့မှု) ပေးမည့်သူထံမှ တိုက်ခန်း၊ ကား၊ ဖုန်း၊ အသုံးအဆောင်၊ ငွေကြေး စသည်တို့ကို မက်မောကာ ခေါင်းညိတ်လိုက်ပါက ထို မိန်းကလေး၏ ဘ၀သည် လူမသိသူ မသိနွမ်းရိ သွားမည့် အကြွေပန်းဘ၀ ရောက်သွား နိုင်မည်ဖြစ်ကြောင်း ခန့် မှန်း သိရှိနိုင်သည်။

ထို့ကြောင့် တော်ရုံတန်ရုံအသိဖြင့် မရှောင်လွှဲနိုင်သာသော မက်လုံးအမျိုးမျိုး ပြကာ မြှူဆွယ် ဖြားယောင်းပြီး အရွယ်ကောင်း မိန်းကလေးချော ချောများ၏ ဘ၀ကို နင်းခြေ ဖျက်ဆီးလိုသည့် လူပွဲစားများကို အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် ဖော်ထုတ် တားဆီးသင့်ကြောင်း အသိပေး တင်ပြလိုက်ရပေသည်။

ကျော်ဇောလေး။

No comments: