တိုင်းပြည်နှင့် ဖေဖေ့ကျေးဇူးကို ဆပ်ခြင်း။
တိုင်းပြည်နှင့် ဖေဖေ့ကျေးဇူးကို ဆပ်ခြင်း။
နိုင်ငံရေးအသိုင်းအ၀ိုင်းအတွင်းတွင် မွေးလာ၊ ကြီးပြင်းလာသူ တဦးအနေနှင့် နိုင်ငံရေးလောကတွင် စိတ်ဝင်စားလာခြင်းသည် အထူးရှင်းပြရန် လိုမည့်အကြောင်းအရာတစ်ခု မဟုတ်ပါ။ ကျွန်မ သိတတ်စအရွယ်ကပင် မြန်မာနိုင်ငံရေးလှုပ်ရှားမှုများ၊ အထူးသဖြင့် ကျွန်မဖခင် ဗိုလ်ချူပ်အောင်ဆန်း၏ တိုင်းပြည်အတွက် ကြိုးပမ်းမှုများနှင့် နိုင်ငံအတွက်ထားရှိသော မျှော်မှန်းချက်များနှင့် ပတ်သက်သော ဆွေးနွေးစကားများကို နေ့ စဉ်မပြတ် ကြားခဲ့ရပါသည်။ ထိုသို့ ကြားခဲ့ရခြင်းဖြင့် မြန်မာနိုင်ငံ၏ တည်မြဲတိုးတက်ရေးသည် ပြည်သူလူထု၏ ညီညွတ်မှု၊ အကျင့်စာရိတ္တကောင်းမွန်မှုနှင့် စီးပွားရေးခိုင်လုံမှုအပေါ်တွင် တည်ရှိကြောင်းကိုလည်း သဘောပေါက်ခဲ့ပါသည်။
၎င်းအပြင်လည်း ဖေဖေသည် တိုင်းသူပြည်သားအချင်းချင်း ရှုတ်ချတိုက်ခိုက်သည့် အာဏာလုနိုင်ငံရေးမျိုးကို လုံးဝမနှစ်သက်၊ မကြိုက်ခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးကာလတွင် နိုင်ငံရေးလောကကို ကျောခိုင်းကာ သတင်းစာဆရာ၊ စာရေးသူတစ်ယောက်အနေနှင့် အသက်မွေးဝမ်းကျောင်းရှာဖို့ ရန် ရည်ရွယ်ခဲ့ကြောင်း၊ နိုင်ငံအရပ်ရပ်သို့ သွားရောက်ပြီး မြန်မာပြည်သူလူထုအတွက် ပညာပွားစေ၊ အမြင်ကျယ်စေမည့် ဗဟုသုတများ ရှာဖွေရန် မှန်းဆခဲ့ကြောင်းများကို သိရှိခဲ့ပါသည်။
ဖေဖေ၏ မဖြစ်မြောက်ခဲ့သော ရည်ရွယ်ချက်များကို စိတ်ဝယ်ထားပြီး ကျွန်မလည်း မြန်မာတိုင်းသူပြည်သားအချင်းချင်းစပ်ကြား၊ အာဏာလုပွဲ ဖြစ်ပွားစေမည့် နိုင်ငံရေးမျိုးတွင် မပါဝင်ဘဲ နိုင်ငံတကာ အသိအမှတ်ပြုခြင်းခံရမည့် စာပေလောကအတွင်းမှ မြန်မာများကို ကမ္ဘာက သိစေရေး၊ မြန်မာပြည်သူလူထုအတွက် အသုံးဝင်နိုင်မည့် စာအုပ်စာတမ်း ပြုစုရေးတို့ နှင့် တိုင်းပြည်အတွက် အကျိုးဆောင်ဖို့ ရန် ရည်ရွယ်ခဲ့ပါသည်။
ထိုကဲ့သို့  စာပေလောကတွင် အေးချမ်းပြည့်စုံစွာ နေထိုင်ခွင့်ရခဲ့ပါသော်လည်း မြန်မာနိုင်ငံမှာ ဖေဖေမျှော်မှန်းခဲ့သော ညီညွတ်ခိုင်ခံ့သည့် ပြည်ထောင်စုကြီး၊ သာယာသည့် တိုင်းပြည်ကြီးအဖြစ်သို့ မရောက်လာခဲ့ခြင်းကြောင့် စိတ်ကျေနပ်မှု မရနိုင်ခဲ့ပါ။
အမှန်စင်စစ်ပင် ကျွန်မ၏စိတ်ထဲတွင် တိုင်းပြည်နှင့်ဖခင်ကို ခွဲကာ မစဉ်းစားနိုင်ပါ။ မြန်မာနိုင်ငံအတွက် စိတ်မချမ်းမြေ့ ဖွယ်ရာ အရေးအခင်းများ ပေါ်ပေါက်နေလျှင် ဖေဖေ့ကိုပင် ထိခိုက်နေသကဲ့သို့  ခံစားရပါသည်။ အထူးသဖြင့် ဖေဖေထူထောင်ခဲ့သော ဖေဖေ့အပေါ် အင်မတန်မှ မေတ္တာထားသော လူထုအကြားတွင် စိတ်ဝမ်းကွဲစေနိုင်မည့် အခြေအနေမျိုး ဖြစ်ထွန်းလာသည်ကို မြင်ရသောအခါ ပိုမိုပြီး စိုးရိမ်ပူပန်မိပါသည်။
တိုင်းသူပြည်သားအားလုံးတို့ သည် မိမိတို့  စွမ်းအားရှိသမျှ တိုင်းပြည်အကျိုးထမ်းဆောင်ဖို့ ရန် တာဝန်ရှိပါသည်။ ထို့ ကြောင့် မြန်မာနိုင်ငံတွင် စိတ်မချမ်းမြေ့ ဖွယ်ရာ အရေးအခင်းများ ပေါ်ပေါက်လာသောအခါ ကျွန်မ၏ တာဝန် မည်သို့ မည်ပုံဖြစ်သည်ကို သုံးသပ်ဆင်ခြင်ရပါတော့သည်။ တိုင်းသူပြည်သားအချင်းချင်း အာဏာလုပွဲကဲ့သို့ ဖြစ်မည့် နိုင်ငံရေးမျိုးကို ရှောင်ကျဉ်လိုလှပါသော်လည်း ကြီးမားလှစွာသော တိုင်းပြည်ကျေးဇူး၊ ဖခင်ကျေးဇူးတို့ ကို ကျေးဇူးဆပ်သည့်အနေနှင့် အများပြည်သူလူထုအတွက် အကျိုးရှိစေမည့် နိုင်ငံရေးစနစ် အမြစ်တွယ်စေဖို့  ကြိုးပမ်းပါတော့မည်ဟု ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။
ရေးသားသူ - အောင်ဆန်းစုကြည်။
(မှတ်ချက် - သတင်းမဂ္ဂဇင်း၊ ၇ ရက် စက်တင်ဘာ၊ ၁၉၈၈ မှ ဒေါ်အောင်ဆန်းစုကြည်၏ ရေးသားချက်အား ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါသည်)။
တိုင်းပြည်နှင့်လူမျိုး လွတ်လပ်ဖို့ အတွက် အသက်စွန့် ကြိုးပမ်းပေးခဲ့သော အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တစ်ကွ အာဇာနည်ကြီးများအား (၆၅) နှစ်မြောက် နှစ်ပါတ်လည် အာဇာနည်နေ့ တွင် အထူးဂါဝရပြုကာ ဦးညွတ်အလေးပြုလိုက်ပါသည်။
အာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွ မြန်မာ့လွတ်လပ်ရေးကာလအတွင်း ပါဝင်ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသော ရဟန်းရှင်လူ ပြည်သူအပေါင်းအားလည်း ကျေးဇူးအောင်းမေ့ စွာဖြင့် ဂုဏ်ပြုဦးညွတ်အပ်ပါသည်။
နစ်နေမန်း။
No comments:
Post a Comment