Wednesday, September 19, 2012

ဒီနေ့  စက်တင်ဘာလ (၁၉) ရက်နေ့ ။

ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီး ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့  စစ်တပ်မှ အာဏာသိမ်းပြီး နောက်တစ်နေ့  စက်တင်ဘာလ (၁၉) ရက်နေ့ မှာ လူမဆန်စွာ ရက်ရက်စက်စက် ပစ်သတ်ခဲ့ကြသော အာဏာရူးလက်ပါးစေ သေနတ်ကိုင်လူသတ်သမားများ၏ လက်ချက်ကြောင့် ကျောင်းသူလေး မ၀င်းမော်ဦး၊ မောင်သန်းဋ္ဌေးနဲ့  မောင်တင်ထွန်းတို့  သုံးဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ထို့ အတူ အခြားသော ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ ရဲ့  အသက်သွေးတွေလည်း မြေခခဲ့ကြရပါတယ်။

 “အဲဒီနေ့ မနက်ပိုင်းက သမီးလေးကို သူ့အမေက ကျောင်းကို မသွားဖို့ တားသေးတယ်။ သူက တအောင့်ပဲ သွားမှာပါ။ ပြီးတာနဲ့ ပြန်လာပါ့မယ်ဆိုပြီး ထွက်သွားတာ ပြန်မလာဘူး။ တစ်နာရီ ထိုးလောက်ကျမှ သမီးလေး သေနတ်မှန်ပြီး ရန်ကုန်ဆေးရုံကြီးကို ရောက်နေတယ်ဆိုတာကို ဖုန်းနဲ့ တစ်ယောက်က လှမ်းပြောတာ။ ကျွန်တော်တို့လည်း ဆေးရုံကို လိုက်သွားပြီး သမီးလေးကို တော်တော် ရှာလိုက်ရတယ်။ သမီးလေးက ခြေသလုံးမှာ တစ်ချက်၊ ပေါင်မှာ တစ်ချက်၊ ဓာတ်ပုံမှာ မြင်တဲ့အတိုင်း လက်မောင်းကနေ ဖောက်ဝင်သွားတာ တစ်ချက်နဲ့ ကျည်ဆန်သုံးချက် ထိထားတာ အဆုတ်တစ်ခြမ်း ပျက်စီးသွားတယ်။ ဆရာဝန်ကြီးကတော့ ခင်ဗျားသမီး အသက်ဆက်ရှင်ရင်တောင် အသက်မရှည်နိုင်တော့ဘူးလို့ ပြောတယ်။ သမီးလေးကို တွေ့တော့ ကျွန်တော့်ကို လက်ယပ်ခေါ်တယ်။ သမီးလေးက နောက်ဆုံး အနေနဲ့ သမီးတို့တောင့်တတဲ့ ဒီမိုကရေစီမရမချင်း သမီးတို့ကို အမျှ မဝေပါနဲ့ဆိုတဲ့ ကတိကို တောင်းသွားတယ်။ ကျွန်တော်တို့လည်း သမီးလေးဆုံးတဲ့နေ့တိုင်း အိမ်မှာ ဆွမ်းကပ်ဖြစ်ပေမယ့် အခုအချိန်ထိ အမျှမဝေဖြစ်သေးပါဘူး။ သမီးလေးဆုံးတုန်းကတော့ ၀မ်းနည်းမိပေမယ့် ဒီမိုကရေစီအတွက် ရဲဝံ့စွာနဲ့ တိုက်ပွဲ ၀င်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်” လို့  ဒီမိုကရေစီရေးတိုက်ပွဲတွင် ကျဆုံးခဲ့သော ကျောင်းသူလေး မ၀င်းမော်ဦး၏ ဖခင်ဖြစ်သူ ဦးဝင်းကြူရဲ့  ပြောကြားချက် ဖြစ်ပါတယ်။



၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့  တစ်နေ့ လုံး မြင်ကွင်းဟာ သွေးဆာနေတဲ့ လူသတ်လက်နက်ကိုင် လူရမ်းကားတွေရဲ့  လမ်းပေါ်က ခွေးတောင်မရှောင် နေအိမ်အတွင်းကသူတောင် ကျည်ဆံစက်ကွင်း မလွတ်ခဲ့ရတဲ့ ပြည်သူ့ အသက်တွေ ဆုံးရှုံးခဲ့ရတဲ့ အနိုင်ကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ နေ့  တစ်နေ့  ဖြစ်ပါတော့တယ်။

ငြိမ်းချမ်းစွာနဲ့  ဆန္ဒထုတ်ဖေါ်ပြသခဲ့ကြတဲ့ ကျောင်းသူကျောင်းသား လူငယ်လူရွယ်လေးတွေပါ အပြစ်ကင်းမဲ့စွာနဲ့  လူသတ်ရမ်းကားသူတို့ ရဲ့  မောင်းပြန်သေနတ် ပစ်ခတ်မှုတွေကြောင့် သွေးချင်းချင်း နီရဲစွန်းထင်းခဲ့ရပါတယ်။ ဖြူစင်သန့် ရှင်းလှတဲ့ တိုင်းပြည်ရဲ့  အနာဂတ်ကြယ်ပွင့်လေးတွေ ကြွေခဲ့ရတဲ့ နေ့  ဖြစ်ပါတော့တယ်။ ဒီနေ့  စက်တင်ဘာလ (၁၉) ရက်နေ့  ရောက်တိုင်း ရင်ထဲမှာ ကြေကွဲစွာနဲ့  ခံစားရရင်း မ၀င်းမော်ဦး၊ မောင်သန်းဋ္ဌေး၊ မောင်တင်ထွန်းတို့  သုံးဦးနှင့်တစ်ကွ အသက်သွေးတွေ ပေးဆပ်ခဲ့ကြရတဲ့ ရဟန်းရှင်လူ ပြည်သူများအား ဦးညွှတ် အလေးပြု ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။

No comments: